လေးလေး - “မောင်ခင်မင်(ဓနုဖြူ)အမှတ်တရ”
“မောင်ခင်မင်(ဓနုဖြူ)အမှတ်တရ”
လေးလေး
(မိုးမခ) မေ ၂၉၊ ၂၀၂၆
စာအုပ်နာမည်က ဆရာရေးခဲ့တဲ့စာတွေလိုပဲ ရိုးရိုးစင်းစင်းပါ။ ဆရာကွယ်လွန်ခြင်းတနှစ်ပြည့်အထိမ်း အမှတ်ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပြီး ဒီစာအုပ်ရဲ့ထူးခြားချက်ကတော့ မာတိကာခွဲထားတာပါ။ ဆရာ့ရဲ့လုပ် ဖော် ကိုင်ဖက်၊ ရေးဖော်ရေးဖက်တွေ အမှတ်တရရေးထားတဲ့စာစုတွေက တပိုင်း၊ ဆရာ့မိသားစုက အမှတ်တရရေးထားတာတပိုင်း၊ ဆရာ့စာပေမိတ်ဆွေတွေရေးတဲ့ အမှတ်ရချက်တွေက တပိုင်း၊ ဆရာ့တပည့်တွေရေးထားတဲ့အမှတ် ရချက်တွေကတပိုင်းဆိုပြီး မာတိကာမှာအပိုင်းလေးပိုင်းခွဲ ဖော် ပြထားတယ်။ ဆရာ့တပည့်တွေရဲ့ အမှတ်ရ ချက် စာစုတွေကတော့
အများစုဖြစ်ပါတယ်။
စာရေးဆရာအကျော်အမော်တွေ ကွယ်လွန်သွားကြတဲ့အခါ သူတို့သက်ရှိထင်ရှားရှိတုန်းက ရေး သားပြုစုထုတ်ဝေခဲ့တဲ့ စာပေလက်ရာတွေနဲ့သူတို့ရဲ့ စိတ်နေစိတ်ထား၊ အလေ့အထတွေကို ကျန်ရစ်တဲ့စာရေးဆရာတွေက လွမ်းဆွတ်တသရေးကြတယ်။ အခုလိုစာတအုပ်ရေးထုတ်ကြတယ်။ ဒီလိုအမှတ် တရစာအုပ်တွေ ရေးကြထုတ်ကြတဲ့အခါ ကွယ်လွန်သွားသူ စာရေးဆရာနဲ့ခေတ်ပြိုင်တွေ၊ ရေးဖော်ရေးဖက်တွေက ရေးကြတဲ့အမှတ်တရ စာစုတွေက ပိုပြီးသက်ဝင်လှုပ်ရှားတယ်။ သိသာထင်ရှားတဲ့ ဥပမာတခုကောက်ကာငင်ကာပြောပြရရင် ဒဂုန်တာရာ့ အလွမ်းစာကို ဆရာနဲ့မရှေးမနှောင်းရန်ကုန်တက္ကသိုလ်ရောက်ပြီး၊ စာ၊ကဗျာတွေလည်းရေးတဲ့ အံ့မောင်က “ဘာကြောင့် ဒဂုန်တာရာလဲ”လို့ရေးတာဟာ ဖတ်ရတာ အတော်အရသာရှိတယ်။
ခေတ်ပြိုင်ခံစားမှုတွေ ပါတယ်။ အဲ ..ဒဂုန်တာရာအလွမ်းစာကို ရာဇာနေဝင်းရေးတာကျတော့ နောက်သလိုဖြစ်နေရော…။ အတော်ဆိုးပါတယ်။ ထားတော့…။ အခု ဆရာမောင်ခင်မင်အမှတ်တရရေး သားကြတော့ ထုံးစံအတိုင်း ဆ ရာနဲ့ရေးဖော်ရေးဖက်၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမှတ်တရစာစုတွေက တခြားစာစုတွေထက်ပိုပြီး သက်ဝင်လှုပ် ရှားတယ်။ ဆရာ့ရဲ့စာပေလက်ရာတွေအပေါ်အကဲဖြတ်မှုတွေအပြင် သက်ရှိထင်ရှားရှိစဥ◌်က မောင်ခင်မင်ရဲ့အလေ့ထအ၊ အတွေးအခေါ်နဲ့ပေါင်းသင်းဆက် ဆံရေးကအစ စာဖတ်သူက လိုက်ပြီးခံစားလို့ရတယ်။ ကောက်စာတချို့ မြည်းကြည့်ပါ။
“လွန်ခဲ့သည့်လေးလက ကျွန်မတို့အစ်ကိုကြီးသဖွယ် ချစ်ခင်လေးစား၊ ကြည်ညိုရသော ဆရာကြီး
ပါမောက္ခဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) ကွယ်လွန်သွားပါသည်။ ဆရာနှင့် စတင်သိကျွမ်းခဲ့ရသည့် အသက် ၂၂ နှစ်အရွယ်၊ နည်းပြဆရာမပေါက်စဘဝမှ ဆရာကွယ်လွန်ချိန်အထိ မိတ်ဆွေ သက်တမ်း နှစ် ၆၀ ကျော် ရှိပါသည်။ ဆရာ့ထံမှ လူတစ်ယောက်အကြောင်းကို မကောင်းပြောသည်ကို မကြားခဲ့ရဖူးပါ။ မကောင်းကြောင်း သာမကဘဲ ကျွန်မတို့ ပြောကြသလို လူအကြောင်းပင် ပြောခဲသည်ဟုတွေးမိပါသည်။ အခြားသူများက ပြော နေလျှင် ဆရာက ပြုံး၍သာနေလေ့ရှိပါသည်။ ဆရာသည် လူအကြောင်းကိုတွေးကာ လူအကြောင်းကို ပြောကာနှင့် အချိန်ကုန်လေ့ရှိသူ မဟုတ်ပါ။ ဆရာသည် အတန်းထဲ၌ စာကြောင်းပေကြောင်း ပြောပါသည်။ ဟောပြောပွဲ၌ ပြောပါသည်။ နားထောင်၍ မဝအောင် ပြောပါသည်။
လူအကြောင်း မပြောသောဆရာသည် ဤသူကား ချစ်အပ်သည်၊ ထိုသူကား မုန်းအပ်သည်ဟု
တွေးမနေပါ။ လူအားလုံးကို မမုန်းပါ။ ချစ်သောမျက်စိနှင့်သာ ကြည့်တတ်ပါသည်။ အပြုံးနှင့်သာ
တုံ့ပြန်တတ်ပါသည်။ ဆရာ့အပြုံးထဲတွင် မမုန်းသောစိတ်ဓာတ် ပေါ်လွင်နေပါသည်။
လူတွေအကြောင်းကို မတွေးအား၊ အမုန်းလည်း မထားတတ်သည့် ဆရာသည် ဘာတွေတွေးနေပါသနည်း။ အတိုင်းမသိ သူချစ်သော မြန်မာစာ၊ မြန်မာစကား အကြောင်းကိုသာ တွေးနေလိမ့်မည်။ မြန်မာစာ၊ မြန်မာစကားအကြောင်းကို ကမ္ဘာကုန်ကျယ်သရွေ့ စီးကုံးရေးဖွဲ့ပြနေလိမ့်မည်။
မမိုးမြေရဲံ “စကားသမုဒ္ဒရာ စာသမုဒ္ဒရာထဲ၌”ဆောင်းပါးက ကောက်နုတ်ဖော်ပြခဲ့တာပါ။
မောင်ခင်မင်(ဓနုဖြူ)ရဲ့လုပ်ဖော်ကိုင်ဖက်၊ ရေးဖော်ရေးဖက်တွေဖြစ်ကြတဲ့ ဦးသော်ကောင်း၊ စောလူ၊ ဒလဘန်းတို့ရဲ့ အမှတ်တရစာစုတွေ ဖတ်ရသလို၊ မိသားစုတွေဖြစ်ကြတဲ့ စုစုနွယ်(တူးတူး)၊သူသူနွယ်အေး တို့ရဲ့အလွမ်းစာတွေလည်း ဖတ်ရတယ်။ ဆရာ့စာပေမိတ်ဆွေတွေဖြစ်ကြတဲ့ မောင်မိုးယံ၊ မင်းသန်းထိုက်(ဒေးဒရဲ)တို့ရဲ့ အမှတ်တရစာတွေပါဝင်သလို တပည့်တွေဖြစ်ကြတဲ့ မောင်သာချို၊ ကိုရွှေသိမ်းမင်း၊ မျိုးမြတ်သူတို့ရဲ့ ဆရာ့အလွမ်းစာစုတွေလည်း ဖတ်ရတယ်။ မောင်ခင်မင်အမှတ်တရစာစုပေါင်း ၉၇ ပုဒ်တိတိ ပါဝင်ပြီး ဆရာသက်ရှိထင်ရှားရှိတုန်းက အမှတ်တ ရရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ဆရာ့ကိုယ်ရေးအကျဥ◌်းနဲ့ဆရာရေးခဲ့တဲ့ စာအုပ်စာရင်းတို့လည်း ဖော်ပြပါရှိတယ်။
စာရေးဆရာအကျော်အမော်တွေ ကွယ်လွန်သွားတိုင်း အခုလို အမှတ်တရစာအုပ်လေးတွေထုတ်ပြီး ဂုဏ်ပြုကြ တာလည်း အတော်ကောင်းတဲ့ အလေ့အထတခုပါပဲ၊” မောင်ခင်မင်(ဓနုဖြူ)အမှတ်တရ” စာအုပ်ကို ဓူဝံစာ အုပ် တိုက် က၂၀၂၆ခု၊ ဇန်နဝါရီလမှာ ပထမအကြိမ်၊အုပ်ရေ ၁,၀၀၀ ထုတ်ဝေဖြန့်ချိထားပြီး စာအုပ်တန်ဖိုးက ကျပ်၂၅,၀၀၀ တိတိ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
