ကျောင်းသားတော်လှန်ရေးတပ်မတော် SRF နဲ့ NUG တို့ပြဿနာ သဘောတူညီမှုရ
မြန်မာနွေဦးခရိုနီကယ် - မေ ၂၈ မြင်ကွင်း
(မိုးမခ) မေ ၂၉ ၊ ၂၀၂၆
ကျောင်းသားတော်လှန်ရေးတပ်မတော် SRF နဲ့ NUG တို့ပြဿနာ သဘောတူညီမှုရ
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပကဖ) နဲ့ မင်းကင်းမြို့နယ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် SRF အဖွဲ့တို့အကြား ဖမ်းဆီးမှုတွေ၊ အငြင်းအခုံဖြစ်မှုတွေ ဖြစ်ပွားနေခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာတော့ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရရှိပြီဖြစ်ကြောင်း မေလ ၂၈ ရက်နေ့နေ့စွဲနဲ့ မင်းကင်း ပအဖ နဲ့ SRF တို့ ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး အသိပေးခဲ့တာတွေ့ရပါတယ်။
အချို့သတင်းတွေမှာတော့ SRF အနေနဲ့ NUG အောက်ကို ဝင်လိုက်ရတယ်ဆိုတဲ့ သတင်းခေါင်းစဥ်နဲ့ ဖော်ပြထားသလို ၊ အခြားသတင်းတပုဒ်မှာတော့ SRF တပ်အနေနဲ့ NUG ရဲ့ COC အောက်ဝင်ဖို့ သဘောတူရတယ်ဆိုတဲ့ ဖော်ပြချက်တွေလည်း တွေ့ရပါတယ်။ ထုတ်ပြန်ကြေညာချက်ရဲ့ နောက်ဆုံးစာပိုဒ်မှာတော့ SRF အဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရအား နိုင်ငံတော်အစိုးရအနေဖြင့် အသိအမှတ်ပြုလက်ခံထားပြီး မင်းကင်းမြို့နယ်အတွင်း တော်လှန်ရေး လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်အပ်ပါသည်” လို့ပါရှိတာ ဖြစ်ပါတယ်။
ထုတ်ပြန်ချက်မှာ ပါရှိတဲ့ သဘောတူညီမှု အချက် ၃ ချက်မှာ တတိယအချက်အနေနဲ့ SRF တပ်တော် မှ ပြစ်မှုကျူးလွန်ထားခြင်း မရှိသော ရဲဘော်များအနေနဲ့ NUG အစိုးရရဲ့ (COC) အောက်တွင် ဝင်ရောက်၍ တော်လှန်ရေး ဆက်လက်လုပ်ကိုင်သွားရန်လို့ ပါရှိတာ ဖြစ်ပါတယ်။
အခုထုတ်ပြန်ချက် အရတော့ SRF အဖွဲ့ကို ဖျက်သိမ်းရမယ် ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တဲ့ ရေးသားဖော်ပြထားတာ မတွေ့ရပါဘူး။ NUG ရဲ့ COC အောက်မှ တော်လှန်ရေး ဆက်လက်လုပ်ကိုင်ရန်လို့သာပါရှိတာ တွေ့ရပါတယ်။ SRF အနေနဲ့ မင်းကင်းမြို့နယ်ထဲမှာ ဆက်လက်လှုပ်ရှားသွားမဲ့ သဘောမျိုးလို့ ယူဆရပါတယ်။ ခုရက်ပိုင်းအတွင်း တဖက်နဲ့ တဖက် ထုတ်ပြန်ကြတဲ့ ထုတ်ပြန်ချက်တွေထဲ NUG ဘက်က စွပ်စွဲမှုတွေမှာ SRF တပ်ဖွဲ့ဝင်တွေထဲမှာ ပြစ်မှုကျူးလွန်ထားသူတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပါရှိပြီး အသက် ၁၈ နှစ် မပြည့်သေးသူတွေကို စစ်သားစုဆောင်းတာ၊ ပြည်သူတွေကို ဖမ်းဆီးတာ၊ ကိုယ်ပိုင်တရားစီရင်ရေးနဲ့ တရားစီရင်တာတွေကြောင့်လို့ ဆိုပြီး တိုင်ကြားမှု ၈ မှုထက်မနည်း ရရှိထားတယ်လို့လည်း ဆိုပါတယ်။
NUG အစိုးရ လက်အောက်က ပအဖ၊ ပကဖ အဖွဲ့တွေ အနေနဲ့ အခုလို ပြစ်မှုကျူးလွန်မှုတွေကြောင့် အရေးယူဖို့ ဆိုတဲ့ အကြောင်းပြချက်မျိုးကို BNRA တပ်ဖွဲ့ကို ဦးဆောင်ခဲ့ပြီးနောက် NUG အစိုးရလက်အောက်က ပအဖ၊ ပကဖတွေနဲ့ ပြဿနာတွေ ဖြစ်ပွားခဲ့တဲ့ ဗိုလ်နဂါး ဖြစ်ရပ်မှာလည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
မင်းကင်းမြို့နယ်မှာ လှုပ်ရှားနေတဲ့ SRF တပ်ဖွဲ့အနေနဲ့ ၄င်းတို့ ထိန်းချုပ်ရာဒေသမှာ ၄င်းတို့တရားစီရင်ကြတာဟာလည်း မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့ အခြေအနေဖြစ်ပါတယ်။ PDF ဖြစ်စေ၊ LPDF ဖြစ်စေ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ မိမိတို့ စိုးမိုးအုပ်ချုပ်ရာနယ်မြေ မှာ မိမိတို့ အမိန့်ထုတ်ပြန်ချက်၊ ဥပဒေတွေနဲ့ စီရင်ဆုံးဖြတ် အပြစ်ပေးနေကြတာ ဖြစ်ပါတယ်။
SRF နဲ့ မင်းကင်း ပအဖ၊ ပကဖ အဖွဲ့တို့အကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဖြစ်ရပ်လို နိုင်ငံရေး၊ အုပ်ချုပ်ရေး အရဖြစ်ပွားလာတဲ့ ပဋိပက္ခတွေကို ပြစ်မှုကျူးလွန်တာ၊ ကိုယ်ပိုင်တရားစီရင်ရေး လုပ်ဆောင်တာတွေကြောင့်လို့ ဆိုခြင်းဟာ အကြောင်းပြချက် သက်သက်သာ ဖြစ်တယ်လို့ အများက ရှုမြင်ကြတာပါ။ NUG အစိုးရလက်အောက်က ပအဖ၊ ပလဖ၊ ပကဖ အဖွဲ့ဝင်တွေထဲကလည်း အချို့သော ဒေသတွေမှာ ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေပေမယ့် အရေးယူ အပြစ်ပေးနိုင်ခြင်း မရှိတဲ့အခြေအနေတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အခြေအနေမျိုးမှာ တရားစီရင်ရေး စနစ်၊ တည်ရှိနေတဲ့ ဥပဒေဆိုင်ရာ ပြဌာန်းချက်တွေ နဲ့ လက်တွေ့ကျင့်သုံးဆောင်ရွက်မှုတွေ နဲ့ ပတ်သက်လို့ အငြင်းပွားစရာတွေ အများအပြားရှိနေတဲ့ အနေအထားဖြစ်ပြီး ပြည်သူလူထုအနေနဲ့ မိမိတို့ နေထိုင်ရာဒေသကို စိုးမိုးထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့ကို ကြောက်ရွံ့နေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
အခုလို မင်းကင်းမြို့နယ်ထဲမှာ ဖြစ်ပွားတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ LPDF နဲ့ NUG အစိုးရ လက်အောက်က ပအဖ၊ ပကဖ တို့နဲ့အကြားက ပြဿနာမျိုးဟာ ယေဘုယျအားဖြင့် ကြုံတွေ့နေကြရတဲ့ ပြဿနာဖြစ်ပါတယ်။ သယံဇာတ ခွဲဝေမှု အပေါ်မှာ အကြောင်းပြုဖြစ်ပွားတာမျိုး အပြင် စစ်သားသစ်စုဆောင်းမှု အပေါ်မှာလည်း အကြောင်းပြုဖြစ်ပွားတာမျိုး ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေ စတင်ပေါ်ထွက်လာတာနဲ့ စည်းရုံးရေး နည်းနဲ့ ဖြေရှင်းဖို့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် အထက် တာဝန်ရှိတဲ့သူတွေ အနေနဲ့ မြန်မြန်ဆန်ဆန် ကိုင်တွယ်ဆောင်ရွက်ကြဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။
ပြဿနာက ရက်သီတင်းပတ်ထိ ကြာမြင့်လာတဲ့အခါ တဖက်နဲ့ တဖက် ဝေဖန်မှု၊ အပြစ်တင်မှုနဲ့ စွပ်စွဲပြောဆိုမှုတွေ အရှိန်မြင့်လာသလို လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ဒေသခံပြည်သူလူထုကိုလည်း ဖိအားပေးတာ သို့မဟုတ် အသုံးချတာတွေ ဖြစ်ပွားလာလေ့ရှိပါတယ်။
အခုလို အာဏာရှင် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အကြား ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ၊ ပွတ်တိုက်မှုတွေ လူသိရှင်ကြား အငြင်းအခုံဖြစ်မှုတွေဟာ အာဏာရှင်ဖြုတ်ချရေး ရည်မှန်းချက် ပန်းတိုင်ကို ထိခိုက်စေနိုင်တာကို သတိပြုကြရမှာ ဖြစ်ပါတယ်။
တော်လှန်ရေး ကာလကြာရှည်လာတာနဲ့အမျှ ပြည်သူလူထု အနေနဲ့ တော်လှန်ရေးအပေါ် ထားရှိတဲ့ မျှော်လင့်ချက်တွေ ၊ ခါးစည်းခံစားနေကြရတဲ့ ဒုက္ခတွေကနေ လွတ်မြောက်နေချင်ကြတဲ့ အနေအထားမှာ တော်လှန်ရေး လက်နက်ကိုင်တပ်တွေ အချင်းချင်းအကြားက ပဋိပက္ခတွေ၊ ပစ်ခတ်မှုတွေ၊ ဖမ်းဆီးမှုနဲ့ အဆိုးဆုံးအနေအထားမှာ သတ်ဖြတ်မှုတွေက ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေကို ချိုးဖျက်သလို ဖြစ်စေနိုင်တာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar