Breaking News

လင်းလက်နွေဦး - သတင်းတစ်ပုဒ်

လင်းလက်နွေဦး - သတင်းတစ်ပုဒ်

မိုးမခ ၊ မေ ၁၂ ၊ ၂၀၂၆


တကယ်တော့ ကျွန်တော့်ခေါင်းထဲမှာ ရေးချင်တာတွေက တပုံကြီးပဲ။ ဘာကိုအရင် ရေးချရမယ်မသိလို့ မရေးဖြစ်တာပါ။ အခုထိလည်း ဘာရေးရမှန်း မသိသေးပါဘူး။ ရေးရင်းနဲ့ ဟိုပုံပြင်လေးကို သွားသတိရမိတယ်။

ကျွန်တော်တို့ငယ်ငယ် လူပျိုပေါက်အရွယ်တုန်းကပေါ့။ စီနီယာလူပျိုကြီးတွေရဲ့ လက်ချာလေ၊ ခင်ဗျားတို့လည်း ငယ်မူပြန်ရတာပေါ့။ ရွာမှာ၊ အညာမှာ ညချမ်း လသာတဲ့အချိန်မျိုးဆို ကလေးဘဝတုန်းကတော့ လရောင်အောက်မှာ ကစားကြတာပေါ့။ တွတ်ထိုးတမ်း၊ ကွမ်းသီးတမ်း၊ စိန်ပြေးတမ်း စသဖြင့်ပေါ့လေ။ ဆယ့်လေး၊ ဆယ့်ငါး စိတ်ကစားတတ်တဲ့ အရွယ်ရောက်တော့ အရင်လို ကစားချင်စိတ် မရှိတော့ဘူး။ ကိုယ့်ထက် လေး၊ ငါး၊ ဆယ်နှစ်လောက်ကြီးတဲ့ ဘော်ဒါကြီးတွေနဲ့ပဲ နေတော့တယ်။ သူငယ်ချင်း တချို့တလေက စိန်ပြေးတမ်း ဘာညာ ကစားရအောင် လာခေါ်ရင် 'ဒီကောင်တွေ သူငယ်နှပ်စားလေးတွေ' လို့ သဘောထားပြီး ဟားတိုက်လွှတ်တတ်တယ်။ ငယ်ဖော်မိန်းကလေးတွေဆိုလည်း သွားစမ်းပါပေါ့လေ။ ကိုယ်က 'မမအရွယ်တွေ' ကို ရင်ခုန်စပြုနေပြီလေ။ ဘာတဲ့၊ ၃၆-၂၄-၃၆ တို့၊ ၃၃-၂၃-၃၄ တို့ပေါ့။

အဲဒီမှာ အစ်ကိုကြီးတစ်ယောက်က ဒီလို မိန့်မှာတယ်။ အဲလေ... ပြောပြတယ်။ လူပျိုလေးတစ်ယောက်နဲ့ သူ့အဖေက ညဘက် ငှက်ပစ်ထွက်ကြတယ်။ အိပ်တန်းတက်နေတဲ့ ငှက်တွေ သစ်ပင်ပေါ်မှာ အများကြီးပေါ့။ ရှေးတုန်းက ဒီလိုပဲ ငှက်ပစ်သမားတွေဟာ ဓာတ်မီးအားကောင်းကောင်းနဲ့ လေသေနတ်တို့၊ လေးခွတို့သုံးပြီး ငှက်ပစ်ထွက်ကြတယ်။ ဘယ်အပင်တွေမှာ ငှက်တွေ အိပ်တန်းဝင်လဲဆိုတာ ဒေသခံတွေ အားလုံးသိပါတယ်။ ညနေခင်းဆို နေရာလုတဲ့ ငှက်သံတွေနဲ့ ကျွက်ကျွက်ညံနေတာပဲလေ။ သားဖြစ်သူက ငှက်မုဆိုးအသစ်လေးဆိုတော့ ဘယ်ကောင်ကို ပစ်ရမှန်းမသိ၊ ဟိုငှက်ပစ်ရနိုးနိုး၊ ဒီငှက်ပစ်ရနိုးနိုးနဲ့ပေါ့။ တစ်ချက်တည်းနဲ့ နှစ်ကောင် ရလိုရငြား ငှက်နှစ်ကောင်ကြား ပစ်ထည့်လိုက်တာ တစ်ကောင်မှမရဘဲ ငှက်တွေအကုန် လန့်ပျံပြေးသွားကြတယ်။

နောက်တစ်ပင်ကျတော့ အဖေလုပ်သူက ပစ်ပြတယ်။ တစ်ချက် တစ်ကောင်ပဲ။ တစ်ချက်ထု၊ ဘေးနားကကောင်က နည်းနည်းလန့်သွားရင် အသာငြိမ်နေ၊ ပြီးမှ အဲဒီကောင်ကို ထုချ။ သစ်ကိုင်း တစ်ကိုင်းတည်းမှာ အတူနားနေတဲ့ ငှက်တွေ ကုန်တဲ့အထိ ပစ်ချလိုက်တယ်။

"မှတ်ထားကွ၊ မင်းတို့လည်း ဟိုကောင်မလေး ကြိုက်သလိုလို၊ ဒီကောင်မလေး လိုက်သလိုလို လုပ်မနေကြနဲ့။ တစ်ယောက်ဆို တစ်ယောက် ခိုက်အောင်၊ ကြွေအောင်လိုက်" တဲ့။ မှတ်သားထိုက်ပါတယ်။

အခုလည်း ရေးပါပြီ။ သတင်းမီဒီယာတွေ ဆိုတာ လူကြည့်များအောင်၊ လူသိများအောင် သတင်းဦး သတင်းထူးတွေကို လက်ဦးမှုရအောင် ကြိုးစားကြတယ် မဟုတ်လား။ ဒီလို ကြိုးစားကြတဲ့နေရာမှာ လွဲမှားတဲ့ အချက်အလက်တွေ ပါမလာအောင် တည်းဖြတ်ကြရပါတယ်။ သတင်းတစ်ပုဒ်နဲ့အတူ ဓာတ်ပုံအထောက်အထား၊ အကိုးအကားတွေ ဖော်ပြတတ်ပါတယ်။ အခုနောက်ပိုင်း ဆိုရှယ်မီဒီယာခေတ်မှာတော့ LCS (Like, Comment and Share) ရအောင်၊ နာမည်ကြီးအောင်၊ ဆယ်လီဖြစ်အောင် ယုန်ထင်ကြောင်ထင် သတင်းတု၊ သတင်းယောင်တွေ များလာပါတယ်။ ဆယ်လီတွေ၊ လော်ဘီတွေနဲ့ အကောင့်တုတွေသုံးပြီး ဟော့ဖြစ်အောင် လုပ်ယူလို့လည်း ရလာတယ်။ ကြော်ငြာခပေးပြီး နာမည်ပေါက်လာအောင် လုပ်ယူလို့တောင် ရသေးတယ်။ ခက်တော့ အခက်သား။

နာမည်ရပြီးသား ဆယ်လီတစ်ယောက်က တင်လိုက်တဲ့ ပို့စ်တစ်ခုဟာ ခဏအတွင်း လူသိများသွား၊ ပေါက်သွားလေ့ရှိတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဂုဏ်သိက္ခာကြီးမားပြီး အမှန်တရားဘက်က ရပ်တည်လေ့ရှိတဲ့ သတင်းဌာနတွေကိုပဲ ဝင်ကြည့်ဖြစ်တယ်။ ဟော့နေ၊ Trend ဖြစ်နေတိုင်း အမှန်မဟုတ်ဘူးမို့လား။ အမေစုသတင်းကိုပဲကြည့်၊ AI လိုလို ဘာလိုလိုနဲ့။ AI တွေကလည်း အတော်ဆိုးနေတယ်နော်။ အစက အင်္ဂလိပ်စာ မတောက်တခေါက်နဲ့ Prompt လေး ရေးတတ်မှ အဆင်ပြေတာ။ အခုတော့ မြန်မာလို ကစ်ရင်တောင် ကိုယ့်ကောင်က ရနေပြီ။

သတင်းတွေကလည်း 'နတ်' လိုပဲ ထင်ပါရဲ့။ ကောင်းသတင်းဆိုရင် 'အင်' ဖြစ်ဖို့များတယ်။ သတင်းဆိုးဆိုရင်တော့ ရာနှုန်းပြည့်နီးပါးပါပဲ။ အထူးသဖြင့် ပြည်သူတွေ ဒုက္ခရောက်တဲ့ အပေါက်မျိုးဆိုရင်ပေါ့။

တစ်နေ့က သူငယ်ချင်းတစ်ယောက်ဆီက ဖုန်းရတယ်။ ဖုန်းဆိုတာကလည်း တစ်ခါတလေ ရွာ့တောင်ပိုင်းနဲ့ အလယ်ပိုင်းတောင် ဆက်သွယ်ရေး ဧရိယာပြင်ပ ဖြစ်နေတတ်တယ် မဟုတ်လား။ ဒီတော့ တိုင်းခြား နယ်ခြားဆိုတာ မြန်မာနိုင်ငံမှာ ကမ္ဘာခြားသွားသလို ဖြစ်နိုင်ပါတယ်။ သူနဲ့ ကျွန်တော်က တောင်မင်းနဲ့ မြောက်မင်းလိုပေါ့။ သူက အဖြူရောင်နယ်မြေ၊ စစ်ကြောင်းနဲ့ လေကြောင်းလောက်ပဲ ကြောက်ရတဲ့နယ်မှာ။ ကျွန်တော်ကတော့ ညိုလိုက်၊ နက်လိုက်နဲ့ အကုန်ကြောက်ရတဲ့ ဘုရားနယ်မြေမှာ။

သူ ပြောတဲ့ သတင်းကြောင့် ကျွန်တော် ရှော့ခ် (Shock) ရသွားတယ်။ သူ့အိမ်နဲ့ သိပ်မဝေးတဲ့ ဆေးခန်းကို လေယာဉ်နဲ့ လာချတယ်။ ဂျက်ဖိုက်တာ (၃) စီးနဲ့။ ပထမဆုံးတစ်စီးက ခေါင်းပေါ်ကနေ ဖြတ်ပျံသွားပြီးမှ ဂငယ်ကွေ့ ကွေ့ချလာပြီး တစ်ခါတည်း ဗုံးချသွားတာ။ ပထမတစ်စီးနဲ့ နောက်အစီးတွေက ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက်ပဲ ကွာတယ်။ ဗုံးတွေက ဆေးခန်းပေါ် တည့်တည့်ပဲ။ လေယာဉ်မှူးတွေက အကုသိုလ်အကျိုးပေးတယ်ပေါ့။ ဆေးခန်းက NUG ဆေးခန်းလည်း မဟုတ်ဘူး။ ပီဒီအက်ဖ် ဘာညာလည်း မလာဘူး။ ပြည်သူ့သက်သာ ဆေးခန်းလေးပါ။ ခွဲစိတ်လူနာတွေပါ လက်ခံကုသပေးနိုင်တယ်။ ညအချိန်မတော်ဆိုရင် မြန်မာနိုင်ငံ ဘယ်နယ်ဒေသကမှ အရေးပေါ်လူနာတွေကို မြို့ဆေးရုံ မပို့နိုင်ပါဘူး။ ဒေါက်တာ မပြောနဲ့၊ ဘယ်ဆေးဆရာမှ ညဘက် လူနာလိုက်မကြည့်ရဲဘူး။ ဒါ သစ္စာပဲ။

ဒီလို ခေတ်ဆိုးကြီးထဲမှာ ဒီဆေးခန်းလေးက အိုအေစစ်ပါပဲ။ ဒီတော့ ပြင်ပလူနာတွေက နေ့စဉ် လေး ငါးဆယ် ရှိတယ်။ ဆေးရုံတင်လူနာကတော့ လုံခြုံရေးအရ လေး ငါးဦးပဲ ထားပါတယ်။ ဖြစ်ချင်တော့ ဗုံးကြဲခံရတဲ့နေ့မှာ မွေးလူနာ ရှိနေတယ်။ ကလေးလေး မိခင်ဝမ်းက ထွက်လာတာ မိနစ်ပိုင်းပဲ ရှိသေးတယ်။ မွေးကင်းစ လူမမည်လေးကို သန့်ရှင်းရေးလုပ်ဖို့ အခန်းပြင်က ဘွားအေကြီးကို ပေးထားတယ်။ အမေက မွေးခန်းကအထွက်၊ လေယာဉ်က ဝှီးခနဲ ရောက်လာတယ်။ သေတဲ့သူတွေ အများကြီး။ ခြေပြတ်၊ လက်ပြတ်၊ ခေါင်းပြတ်၊ အူတွေထွက်... အား တော်ပါတော့။ စောစောက ကလေးအမေလေးမှာ ဦးခေါင်းခွံတောင် မပါတော့ဘူး။ လေယာဉ်သံကြားလို့ ဘွားအေကြီးက ကြောက်ပြီး ကလေးလေးပွေ့ရင်း အနားက ဘုရားလိုဏ်ဂူထဲ ပြေးပုန်းတယ်။ ဘုရား မကယ်လိုက်နိုင်ဘူး၊ စေတီတော်ကြီးပါ ဗုံးမှန်ပြီး ပြိုကျပျက်စီးသွားတယ်။ နို့ချိုတောင် စို့မသွားရဘူး၊ မွေးသမိခင်နဲ့တောင် မတွေ့လိုက်ရဘဲ မိနစ်သားလေး ထွက်သွားရရှာပေါ့။

ဗုံးကြဲရုံမက စက်သေနတ်နဲ့ပါ ဆွဲမွှေသွားတော့ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ပြင်းထန်ဒဏ်ရာတွေနဲ့ လွန်သွားတဲ့သူတွေလည်း ရှိလာတယ်။ ဆေးခန်းထဲ၊ ဆေးခန်းနားမှာ ဗုံးခိုကျင်းတွေ ရှိလို့ပေါ့။ မဟုတ်ရင် သေလိုက်မဲ့ လူတွေ။ ပထမတစ်စင်းကြောင့် သေကျေရတယ်ဆိုပေမဲ့ မပြေးနိုင်တော့တဲ့ ဒဏ်ရာရ နှစ်ထပ်ကွမ်းလူနာတွေကို နောက်လေယာဉ်တွေက စိတ်ကြိုက် သတ်ဖြတ်ကြတဲ့ သဘောပေါ့။ ငှက်ကလေးတွေ များများဖမ်းမိတဲ့ အခါမျိုးဆိုရင် နောက်နေ့ ရောင်းလို့ရအောင် သတ်မပစ်ဘဲ မပျံနိုင်အောင် တောင်ပံချိုးထားသလိုပေါ့။ တစ်ရွာလုံး ပြေးကြ၊ ပုန်းကြ၊ ကူသူကယ်သူ မဲ့နေချိန်မှာ နေမကောင်းလို့ ဆေးခန်းလာပြတဲ့ လူနာတွေဟာ ဗုံးဒဏ်နဲ့ ဒဏ်ရာရလို့ အလူးအလဲဖြစ်နေကြတာ။ အဲဒီအချိန် နောက်ထပ်၊ နောက်ထပ် လေယာဉ်တွေနဲ့ အားပါးတရ လာသတ်ကြတာကိုး။ ဒါမျိုးကတော့ မိတ်အင်မြန်မာ (Made in Myanmar) မှာပဲ ရှိမှာပါ။ ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းသွားပါတယ်... ပြည်သူတွေကို။

ကျွန်တော်က ဘာမှမဟုတ်ဘူး။ သာမန် စာရေးချင်သူ တစ်ဦးပါ။ ဒါပေမဲ့ ဒီသတင်းကတော့ တကယ့်ဖြစ်ရပ်မှန်ပါ။ Fact Check တွေ မလိုပါဘူး။ မြန်မာပြည်မှာ မအလ လုပ်ရင် အဲဒါ အမှန်ပါပဲ။ စစ်ကြောင်းထိုး၊ ရွာမီးရှို့၊ လူသတ်၊ မုဒိမ်းကျင့်၊ ပေါ်တာဆွဲ၊ လေကြောင်းတိုက်... အဲဒီလိုနေရာတွေမှာလေ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar