နန္ဒအောင် - သမိုင်း၊ ဆရာတော် ရွှေကိုင်းသား၊ ဒေါက်တာသန်းထွန်း
သမိုင်း၊ ဆရာတော် ရွှေကိုင်းသား၊ ဒေါက်တာသန်းထွန်း
နန္ဒအောင်
(မိုးမခ) မေ ၁၂၊ ၂၀၂၆
လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံမှာ အရှေ့တိုင်းသမိုင်းဌာနရဲ့ပထမဆုံးသမိုင်းပေါမက္ခဖြစ်တဲ့ ဒေါက်တာကျော်သက်ရဲ့ ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်း စာအုပ်လေး ရောင်းတာတွေ့လို့ မေးကြည့်တော့ ကုန်သွားပြီဆိုလို့ အဲဒီစာအုပ်လည်း မဖတ်လိုက်ရပြန်ဘူး။ တနေ့တော့ ဖတ်ဦးမယ်ကွလို့ပဲ စိတ်ထဲတေးထားလိုက်မိပါတယ်။ ဒေါက်တာသန်းထွန်းရေးတဲ့ `ငါပြောချင်သမျှ ငါ့အကြာင်း´ထဲက သန်းထွန်း-ဘရှင်ပွဲအကြောင်းမှာ ကတည်းက ဒေါက်တာကျော်သက်ကို စိတ်ဝင်စားမိလို့ ဟိုဖတ်ဒီဖတ်ဖတ်ကြည့်မိမှ စစ်ပြီးစ ရန်ကုန်တက္ကသိုလ်မှာ အရှေ့ တိုင်းသမိုင်းပေါမက္ခမှန်း သိတော့တယ်။ ငါပြောချင်သမျှ ငါ့အကြောင်းထဲမှာပဲ ဒေါက်တာသန်းထွန်းက ဒေါက်တာကျော်သက်က သုတေသနလုပ်ဖို့သိပ်စိတ်မဝင်စားဘူးလို့ ရေးထားတယ်။ ကျွန်တော့်အမြင်ကတော့ ဒေါက်တာကျော်သက်စာတမ်းတွေက ပုံနှိပ်ထုတ်ဝေတဲ့အထိ မရောက်၊ ပြီးတော့ သူရေးတာတွေက အင်္ဂလိပ်လိုတွေပဲအရေးများတာဆို တော့ လူတွေက သိပ်မဖတ်ဖြစ်ဘူး၊ စာဆိုတာက ဖတ်နေမှ အသက်ဝင်တာ မဖတ်ရဘဲဒီအတိုင်းကြီးထားမယ်ဆို ရင် ပြည်သူလူထုအတွက်အကျိုးမပြုဘူးလို့ ဒေါက်တာသန်းထွန်းက မြင်ပုံရပါတယ် (ကျွန်တော့်တသီးပုဂ္ဂလအမြင်ပါ)။
ဒေါက်တာသန်းထွန်းဆိုတာနဲ့ သမိုင်းဆရာကြီးလို့ မြင်မိကြအောင် သမိုင်းနဲ့ပတ်သက်တဲ့ သုတေသနတွေ အများကြီးလုပ်၊ စာတွေအများကြီးရေးခဲ့တာပါ။ သမိုင်းနဲ့ပတ်သက်တဲ့ စာတမ်းတွေ၊စာအုပ်တွေအများကြီး စာဖတ်သူတွေအတွက် ရေးခဲ့တဲ့ ဒေါက်တာသန်းထွန်းရဲ့ သမိုင်းကျကော ပြည့်ပြည့်စုံစုံ မရေးကြဘူးလားလို့ဆိုရင် `ငါပြောချင်သမျှ ငါ့အကြာင်း´နဲ့ ဆရာကြီးကိုယ်တိုင် စာဖတ်သူတွေကို သူ့အကြောင်း သူပြောချင်သမျှလောက် ရေးထားပါတယ်။ ပြောချင်သမျှဆိုတဲ့ ဘာသာစကားနဲ့ ပတ်သက်ပြီးကျွန်တော်နဲ့ လူတော်တော်များများက သဘောထားကွဲလွဲကြပါတယ်။ ကျွန်တော်က ဒီစာအုပ်ဟာ ဒေါက်တာသန်းထွန်းရဲ့ အတ္ထုပ္ပတ္တိဆိုပေမယ့် ဆရာကြီးကိုယ်တိုင်က ငါပြောချင်သမျှလို့ အဓိပ္ပာယ်ဖွင့်ထားတော့ သူ့အတ္ထုပ္ပတ္တိထဲကမှ ပြောချင်သမျှလောက်သာပါ၊ အကုန်ဖွင့်ဟထားတာ မဟုတ်ဘူးလို့ မြင်မိလို့ပါ ( ကျွန်တော့်တသီးပုဂ္ဂလအယူအဆပါ)။
သမိုင်းတွေ ရေးတဲ့ ဒေါက်တာသန်းထွန်းရဲ့ ငယ်နာမည်က ငတိဆိုပဲ။ ငယ်ငယ်တုန်းက ကျောင်းမှာဆိုရင် တီတူးလို့လည်းခေါ်ကြသတဲ့။ တကယ်လို့ သင်ဟာ သင်ကျင်လည်နေတဲ့နယ်ပယ်မှာ ဒေါက်တာသန်းထွန်း အလုပ်လုပ်ပုံရဲ့တဝက်လောက်သာလုပ်နိုင်မယ်ဆိုရင် တော်တော်အောင်မြင်နေလောက်ပါပြီ။ အဲဒီလောက်ထိကို ဒေါက်တာသန်းထွန်းက သူ့နယ်ပယ်မှာ အလုပ်တွေအများကြီး လုပ်ခဲ့တာပါ။
ဒေါက်တာသန်းထွန်းရဲ့အမိန့်တော်ထဲက သမိုင်းကိုဖတ်ဖူးရင် ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးအတွက် အရေးပါပြီး ဆန်အထွက်ကောင်းတဲ့နေရာတွေဖြစ်တဲ့ တွင်းကြီးလေးတွင်း အကြောင်းကို သိကြမှာပါ။ ချင်းတွင်း၊ လယ်တွင်း၊ တောင်တွင်းနဲ့ စလင်းတို့ ပါ။ ချင်းတွင်းဆိုတာကတော့ စကိုင်း၊ လယ်တွင်းက ကျောက်ဆည်နယ်၊ စလင်းကတော့ မြန်မာတွေတောင် ပုဂံမှာ မနေခင်ကဘဲ မင်းဘူးနယ်မှာလာပြီး လယ်စိုက်တာလို့ သိရတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံ၊ ဆန်စပါးဟာ ပို့ကုန်၊ ဒါတွေကိုအောင်မြင်အောင် ဘယ်လိုလုပ်သင့်ကြောင်း ဘောဂဗေဒဆရာတွေက ရေးကြတယ်။ မြန်မာဘုရင်တွေဟာ စစ်တိုက်မယ်၊ မိန်းမတွေအများကြီး ယူကြတယ်လို့ ပေါ်ပြူလစ်တွေက ပြောကြမယ်။ စနစ်တခုမှာ အဆိုးတွေရှိသလို၊အကောင်းလည်းရှိ မယ်။ စစ်တိုက်တယ်ဆိုတာကတော့ဟုတ်ပါတယ်။ အမိန့်တော်ထဲကသမိုင်းကိုဖတ်ကြည့်မယ်ဆိုရင် တောင်သူတယောက်ဟာ အမှုအခင်းရှိလို့ သက်သေအဖြစ်နဲ့ မြို့ရုံးကဆင့်ထားမိရင် အမှုမပြတ်စဲသေးတောင် မိုးကျရင် သူ့စိုက်ခင်းအရောက် ပြန်လွှတ်ရမယ့် အမိန့်တော်တွေရှိကြောင်းတွေ့ ရတယ်။ ဒီအမိန့်တော်တွေကြည့်မယ်ဆိုရင် ဆန်စပါးစိုက်ပျိုးရေးအတွက်တော့ ဘယ်လောက်အားထားကြောင်း သိသာပါတယ်။
သမိုင်းကိုစိတ်ဝင်စားလို့ ဒေါက်တာသန်းထွန်းရဲ့ စာတွေကိုလိုက်ဖတ်ပေမယ့်၊ ခုထိဒေါက်တာသန်းထွန်းရဲ့စာတွေကို တဝက်ကျိုးအောင်ထိကို လိုက်မဖတ်နိုင်သေးဘူး။ ဒေါက်တာကျော်သက်ရဲ့ ပြည် ထောင်စုမြန်မာနိုင်ငံသမိုင်းကိုလည်း ရှာတော့ဖတ်ဦးမယ်၊ ဒေါက်တာသန်းထွန်းလေနဲ့ ပြောရရင် မအအောင်လို့ပေါ့ဗျာ။ ငါပြောချင်သမျှ ငါ့အကြောင်းထဲမှာပဲ ဒေါက်တာသန်းထွန်းက သူ့ကို ရန်ကုန်တက္ကသိုလ်အသိုင်းအဝိုင်း က ပြန်လာမှာကို ကြောက်တယ်ဆိုပြီး သူမန္တလေးရောက်သွားပုံပါ ရေးထားတယ်။ စာဖတ်သူ၊ သမိုင်းကို စိတ်ဝင်စားသူတယောက်အနေနဲ့ ဒေါက်တာသန်းထွန်းတယောက် မန္တလေးဘက်ရောက်သွားတာကို ကျွန်တော်က ပိုလို့တောင်သဘောကျသွားသေးတယ်။ ဘာလို့ဆို ဒေါက်တာသန်းထွန်း မန္တလေးဘက်ရောက်တော့ ဆရာတော်ရွှေကိုင်းသား (ဦးသောဘိတ၊ ရတနာပုံဘိုးမှတ်စု အဲဒီနာမည်တွေနဲ့လည်း စာတွေရေးတယ်)၊ လူထုဦးလှ၊ လူထုဒေါ်အမာ လူထုတိုက်ကလို့လည်း ပြောလို့ရမယ်၊ အထက်ဗမာစာရေးဆရာအသင်းကလို့လည်း ပြောလို့ရမယ့် မောင်စွမ်းရည်၊မောင်သာနိုးတို့ နဲ့ တွဲမိသွားတော့ ဒေါက်တာသန်းထွန်းလုပ်ချင်တဲ့ သုတေသနအတွက် ပိုလို့တောင်အဆင်ပြေ၊ အထောက်အကူပြုတယ်လို့ ကျွန်တော်က ယူဆလို့ပါ။
ဒေါက်တာသန်းထွန်းကတောင် ရေးဖူးပါတယ် ဆရာတော်ရွှေကိုင်းသားလို အသိဉာဏ်ကြွယ်ဝတဲ့ ပုဂ္ဂိုလ်ဟာ လူတသောင်း တထောင်မှာ တယောက်ပဲ ရှိနိုင်ပါတယ်လို့။ ဆရာတော်ဟာ ဗမာနိုင်ငံ စီးပွားရေး၊ လူမူ့ရေး၊ ဓလေ့သမိုင်းဆရာတွေထဲမှာ ဓလေ့သမိုင်းရေးတဲ့ ပုဂ္ဂိုလ်ကျော်လို့ ဖတ်ရတော့ အဲဒီနေ့က နှစ်သစ်ကူးမုန့်ဖိုးလေးရလို့ ကျွန်တော့်မှာ အပြေးလေး ရွှေကိုင်းသားရဲ့ `ဓလေ့သမိုင်းများ´စာအုပ် တန်းသွားဝယ်လိုက်ပါတယ်။ တော်ကြာ သူများနောက်ပါသွားမှာစိုးလို့ပါ ။ ဒေါက်တာသန်းထွန်းတို့ မြန်မာ့သမိုင်းသုတေသနလုပ်ဖို့ တာစူနေတုန်း၊ ယောင်ချာချာနဲ့ ဘယ်ကစရမယ်မှန်းမသိဖြစ်နေတုန်း ရတနာပုံဘိုးမှတ်စုဆိုတာ သိပ်တော်တယ်ဆိုလို့ ဆရာတော်ရဲ့ စစ်ကိုင်းတောင်က အနုရုဒ္ဓါကျောင်းမှာ နှစ်ညအိပ်သုံးရက်တည်းပြီး ဆရာတော်ရဲ့ မှတ်စုတွေကို လေ့လာခွင့်ရတယ်။ ဆရာတော့်ဆီကို တပည့်ခံဖို့ရောက်သွားပြီး အဲဒီတော့မှ သူညံတာခုမှပဲထင်ရှားကြောင်း၊ စာတွေပိုဖတ်ချင်စိတ်ပေါက်ကြောင် းကို ` ရွှေကိုင်းသား အမှတ်တရ စာစုများ´ထဲဲမှာ ဒေါက်တာသန်းထွန်းက ရေးထားတာဖတ်ရတော့ ရွှေကိုင်းသား အမှတ်တရ စာစုများကို ဖတ်ချင်မိပြန်ရော။ ကျွန်တော်ဖတ်ဖူးတာကလည်း အဲဒီအပိုင်းအစသေးသေးလေးပဲ ဖတ်ဖူးတာကိုးဗျ။
ကျွန်တော်လည်း စာဖတ်သူတယောက်အနေနဲ့ ဆရာတော် ရွှေကိုင်းသားရဲ့ စာတွေတော်တော်များများကို ဖတ်ဖြစ်အောင်ဖတ်မယ်လို့ တေးထားပါသေးတယ်။ ဆရာတော် ရွှေကိုင်းသားရဲ့ စာတွေဖတ်ပြီးရင် ကျွန်တော်လက်ခံထားတဲ့ သမိုင်းအမြင်၊သိမူ့တွေ တမျိုးတမည်ပြောင်းနိုင်မယ် ထင်လို့ပါ။ဒေါက်တာသန််းထွန်း ရေးထားတာကို ထောက်ရရင် သူတောင် ရွှေကိုင်းသားနဲ့ တွေ့အပြီးမှာ သူ့သိမူ့တချို့ကို ပြောင်းလဲလာတယ်လို့သူဝန်ခံရေးသားထားတယ်လို့ ကျွန်တော်ကယူဆမိလို့ပါ (ကျွန်တော်ရဲ့ တသီးပုဂ္ဂလအယူအဆပါ)။ အဲဒါမလို့ ဆရာတော်ရွှေကိုင်းသားရဲ့စာတွေကိုလည်း ဖတ်ဦးမယ်ဗျာ။
ကျွန်တော့်မှာလည်း စိတ်ထဲတေးတေးထားပြီး မဖတ်ဖြစ်သေးတဲ့ စာအုပ်တွေမှ အများကြီးဗျ။ စာရင်းတော့ ပြုစုကြည့်ရမလားပဲ ကြီးကြီးကျယ်ကျယ် ပြောကြည့်တာပါဗျာ။ သေချာတာကတော့ ကျွန်တော်စာတွေ ဆက်ဖတ်နေဦးမယ်ဗျာ။ စာတွေအမြဲဖတ်နေမှ ကိုယ်သိထားတဲ့သိမူ့တွေဟာ မှန်ကောမှန်ရဲ့လား၊ ဟုတ်ကောဟုတ်ရဲ့လား ပိုင်းခြားသိနိုင်မှာဗျ။တချို့ လက်ခံထားတဲ့ သိမူ့တွေဆိုရင် မှားတယ်၊ မပြည့်စုံသေးဘူးဆိုတာ စာတွေဖတ်မှ၊လေ့လာမှသိလာရတာကိုး။ ဒါတောင် အခုကိုယ် လက်ခံထားတဲ့ အမှန်ဆိုတာ နောင်တချိန်ကျ အမှားကြီးဖြစ်နေကြောင်းတွေ့ရှိရင်တွေ့ရှိနေဦးမှာပါ။ဒါ့ ကြောင့်ကျွန်တော် စာတွေဆက်၍ ဖတ်နေရဥဦးမယ်ဗျာ
*စာကိုး
၁။ဒေါက်တာသန်းထွန်း၊ ငါပြောချင်သမျှ ငါ့အကြောင်း။
၂။ဒေါက်တာသန်းထွန်း၊ အမိန့်တော်ထဲက သမိုင်း။
၃။ကလောင်စုံ၊ ဆရာတော် ရွှေကိုင်းသား အမှတ်တရစာစုများ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
