ဆယ်ပေါင်တူ - သံပရာအီးကြင်စိုးနှင့် သူ၏ခွေးသူခိုးဂိုဏ်း
ဆယ်ပေါင်တူ - သံပရာအီးကြင်စိုးနှင့် သူ၏ခွေးသူခိုးဂိုဏ်း
မိုးမခ ၊ မေ ၊ ၃၀ ၊ ၂၀၂၆
‘အေး အေး.... လာရင်လည်း မြန်မြန်လာကြ၊ အနောက်နိုင်ငံတွေက အကြီးအကဲတွေ ငါနဲ့ ဖုန်းပြောချင်တယ်တွေ ဘာတွေလုပ်လာရင် သူတို့ကို ငါ အချိန်ပေးရဦးမယ်’
ပေါက်ပန်းလေးဆယ် ဗရမ်းဗတာ ပြောတတ်တဲ့ကြင်စိုး၊ လိမ်စရာမရှိရင် သူ့ပေါင်သူ ဆွဲလိမ်နေတတ်တဲ့ကြင်စိုး အခုလည်း သူ့လူတွေကို ခပ်တည်တည်နဲ့ ဖြီးဖြန်းလိုက်ပြန်တယ်။ တကယ်က ဘယ်အနောက်နိုင်ငံရဲ့ အကြီးအကဲကမှ သူ့ကို တန်းတူရည်တူ ဆက်ဆံချင်ကြတာ မဟုတ်ဘူး။ ယုံယုံ မယုံယုံ အရေးမကြီးဘူး။ လိမ်တာ ညာတာ မပါရင် ကြင်စိုးက စကားပြောကို မပြောတတ်တော့တာ။
မကြာပါဘူး၊ လွှတ်တုဥက္ကဋ္ဌ ‘ဖွတ်ခံရီ’နဲ့ ကြင်စိုး လူရင်းတချို့ ရောက်လာကြတယ်။ ပြီးတော့ တယောက် တပေါက်နဲ့‘ဗိုလ်ကြင်စိုး ဘယ်လိုလုပ်လိုက်တာလဲ’
‘အဘရေ ကျနော်တို့တော့ နံမည်ပိုပျက်သွားပြီ’ဆိုပြီး ကသောကမျော ပြောကုန်ကြတယ်။
ကြင်စိုး တခွန်းမှ ပြန်မပြော၊ စိတ်တိုင်းမကျတဲ့ မျက်နှာနဲ့ ခပ်တည်တည် စိုက်ကြည့်နေတယ်။ လွှတ်တော်အတုထဲ သူပို့ထားတဲ့ ရာထူးအတု ကိုယ်စီယူထားကြသူတွေ အစကတော့ နားမလည်ဘဲ ကြင်စိုးကို ကြောင်ပြီး ပြန်ကြည့်နေကြတယ်။ ခဏကြာတော့မှ ‘ဖွတ်ခံရီ’က ဖျတ်ခနဲ သတိရသွားပြီး-
‘သမ္မတကြီး ခွင့်ပြုလိုက်တဲ့ အကြံနဲ့ လုပ်လိုက်တာ အခု အခြေအနေမကောင်းဘူး။ သီချင်းလည်း မချန်ဘူး၊ အကုန်ခိုးတဲ့ ခွေးသူခိုးတွေလို့ တပြည်လုံး ပြောကုန်ကြပြီ’ဆိုပြီး ကြင်စိုးကြားချင်တဲ့ သမ္မတကြီး ဆိုတဲ့ စကားကို ရှေ့ဆုံးထည့်ပြောပေးလိုက်တယ်။
ဒီတော့မှ ကြင်စိုးလည်း ရှုတည်တည်မျက်နှာထားကနေ ပြောင်းသွားတယ်။ ဒင်းတို့မှ ငါ့ကို သမ္မတကြီး မခေါ်ရင် ခေါ်မဲ့သူ ဘယ်ရှိတော့မှာလဲလို့လည်း တွေးမိလိုက်တယ်။ ပြီးတော့မှ ‘လွှတ်တုအုတ် ဖွတ်ခံရီ’နဲ့ မျက်နှာမသာမယာ ဖြစ်နေကြတဲ့ သူ့ဂိုဏ်းသားတွေကို လှမ်းကြည့်ပြီး
‘သီချင်းခိုးတဲ့ကိစ္စကို ပြောနေတာမလား၊ မင်းတို့ကလည်းကွာ ငါတို့အားလုံးက ဒီတိုင်းပြည်မှာ ရှိသမျှ ခိုးနေကြတဲ့ကောင်တွေပဲ၊ အဆန်းမှတ်လို့၊ ပြောချင်တာတွေ ပြောကြပါစေ။ ငါ့အကြံကိုလည်း မင်းတို့သဘောမပေါက်ကြလို့ပါ’
‘လွှတ်တုအုတ် ဖွတ်ခံရီ’တို့တသိုက် ဇဝေဇဝါ ဖြစ်သွားတယ်။ တခေတ်မှာ တယောက် လို့ ပြောနိုင်တဲ့ ပြည်သူချစ် ဂီတပါရမီရှင် ရေးခဲ့တဲ့ သီချင်းကို မျက်နှာပြောင်တိုက်ပြီး ဝိုင်းတော့ခိုးလိုက်ကြတာပဲ၊ အဲဒီလို ခိုးကြတဲ့ နောက်ကွယ်က ကြင်စိုးရဲ့အကြံ ဆိုတာကို သူတို့ စဉ်းစားလို့မရကြ။
ကြင်စိုး ပြုံးလိုက်တယ်၊ အင်းလေ.... သမ္မတလောက်တော့ ဒီကောင်တွေ ဦးနှောက် ဘယ်ပြေးကြပါ့မလဲလို့လည်း တွေးလိုက်တယ်။ ချောင်းတချက်ဟန့်ပြီး လည်ချောင်း အရင်ရှင်းလိုက်ပြီးတဲ့နောက်၊
‘ဒီလိုကွ၊ သီချင်းခိုးရတာက အဲဒီလိုသီချင်းကောင်းမျိုး ငါတို့ဘက်မှာ ရေးနိုင်သားနိုင်တဲ့သူ မရှိလို့ တခုတည်းကြောင့် မဟုတ်ဘူး၊ မင်းတို့ကို အဆင့်မြှင့်ပေးချင်လို့၊ ပရိုမိုးရှင်း ပေးတယ်ပဲ ထားပါတော့’
ကြင်စိုး ရှင်းလိုက်တော့မှ ပိုရှုပ်သွားကြတယ်။ ဒါနဲ့ပဲ ဆက်နားထောင်နေကြတယ်။
‘မင်းတို့ ငါတို့ကို အရင်က တပြည်လုံးက ဘယ်လိုခေါ်ကြသလဲ’
‘ခွေး’လို့ ခေါ်ကြတာပေါ့ လို့ မပြောချင်ပြောချင်နဲ့ ပြန်ဖြေကြတယ်။ ဟုတ်တော့လည်းဟုတ်တယ်လေ၊ ဒီနာမည်အခေါ်ခံရတာကို ဘယ်သူက တဝံ့တကြွား ပြောချင်ကြမှာလဲ၊
‘အေး..အဲဒါကြောင့်ပြောတာ၊ အခု သီချင်းခိုးပြီးတဲ့နောက်မှာတော့ ‘ခွေးသူခိုး’ လို့ ပြောင်းခေါ်ကြပြီမဟုတ်လား၊ အရင်က ‘ခွေး’၊ အခု ‘ခွေးသူခိုး’ဆိုတာ ပို အဆင့်မြင့်လာတဲ့သဘော’
သူ ပြောတာ ဘယ်သူမှ သဘောမပေါက်ကြသေးဘူးလို့ နားလည်ပြီး ကြင်စိုး စကားကို ဆက်ပြောတယ်။
အရပ်ထဲ လမ်းသွားလမ်းလာတွေက ‘ဟိုမှာခွေး’လို့ အော်ပြောရင် စစချင်းတော့ ခေါင်းထဲ ခြေလေးချောင်းနဲ့ တိရစ္ဆာန်ကိုပဲ ပြေးမြင်ကြမှာ၊ ‘ဟိုမှာ ခွေးသူခိုး’လို့ အော်ပြောရင်တော့ ခွေးသူခိုးနာမည်ရထားတဲ့ လူတယောက် ဖြစ်ဖို့များတယ်၊ ‘ဟေ့ကောင် ခွေးသူခိုး’ ဘာညာဆိုတာက လူအချင်းချင်းပဲ ပြောကြတာလေ၊ ဟုတ်တယ်မဟုတ်လား?
‘အင်း…ကြင်စိုး ပြောတာ ဟုတ်သလိုလို ရှိတယ်’လို့ ဖွတ်တသိုက် စတွေးမိသွားကြတယ်။
ခွေးသူခိုး နာမည်ကတော့ ဘယ်ကောင်းပါ့မလဲကွာ၊ ဒါပေမဲ့ ခွေးသူခိုး ဆိုတာနဲ့ လူဖြစ်ဖို့ နီးစပ်သွားပြီ။ ခွေးဘဝကနေ တဆင့်တော့ တက်သွားတာပေါ့။ အဲဒါကြောင့် ငါတို့ဘက်မှာ မရေးတတ်တဲ့ သီချင်းကို ခိုးရင်း ခွေးအဖြစ်က ခွေးသူခိုး အဖြစ်လည်း ပရိုမိုးရှင်း တက်သွားအောင် လုပ်လိုက်တာ၊ တချက်ခုတ် နှစ်ချက်ပြတ် ဆိုတာမျိုးပေါ့၊ သမ္မတအကြံလေ သိတယ်မလား..ဟင်း..ဟင်း…ဟင်း ဆိုပြီး ကြင်စိုး ပဏ္ဏာယူလိုက်တယ်။
ချိန်းဘရီးတွေ ဆိုတော့လည်း ဖွတ်ခံရီတို့တသိုက်က ‘ခွေးသူခိုး’လို့ အခေါ်ခံရတာက’ခွေး’ အဖြစ်ထက် နည်းနည်း ပိုမြင့်သွားတာပဲလို့ ကြံဖန်ဂုဏ်ယူရင်း ကြင်စိုးဆီက ပြန်သွားကြတယ်။
တကယ်တော့ ကြင်စိုးကိုယ်တိုင်လည်း ခွေးလို့ ဘယ်အခေါ်ခံချင်ပါ့မလဲ၊ တခါတလေ သူပြန်စဉ်းစားမိတယ်၊ သူ့လောက်နံမည်များတာ ကမ္ဘာမှာ ရှိပါ့မလားဆိုပြီး။ သူနဲ့ပတ်သက်ပြီး ပြောစမှတ်ပြုစရာတွေ ကျန်ခဲ့တာဆိုလို့ ဆဲနည်းမျိုးစုံနဲ့ ခေါ်ကြတဲ့ သူ့ရဲ့ နံမည်တွေပဲ။
အခုလည်း သူအရူးထနေတဲ့ သမ္မတရာထူး မရရအောင် ယူပြီးတဲ့အခါကျတော့လည်း ဘယ်သူကမှ သူ့ကို စိတ်ပါ လက်ပါနဲ့ တရိုတသေ တလေးတစား ‘သမ္မတကြီး ‘ရယ်လို့ မခေါ်ချင်ကြပါဘူး။ ‘ သန်မကြီး၊ သန်လဒကြီး၊ သန်းမကြီး၊ သံပုရာသီး’ မျိုးကို စုံနေတာပဲ။ အခု ပြည်သူတွေချစ်ခင်လေးစားကြတဲ့ ကုလသမဂ္ဂ အသိအမှတ်ပြု သူတို့ရဲ့သမ္မတကြီးကို ပြန်လွှတ်ပေးလိုက်ခါမှ ‘သံပုရာအီး’ဆိုပြီး ပြောင်းခေါ်လာကြပြန်တယ်။
အစကတော့ ကြင်စိုးသဘောမပေါက်ဘူး၊ နောက်တော့မှ သူတို့ရဲ့ သမ္မတကြီးနဲ့ယှဉ်ပြီး ဟိုက ‘နံ့သာဆီ’၊ သူ့ကိုကျ ‘အီး’လို့ ပြောချင်ကြတာ ဆိုပြီး သူ နားလည်သွားတယ်။ ဒါ့ကြောင့် ငါ့ကို ‘သံပုရာအီး’လို့ ခေါ်ကြတာပေါ့လို့ သဘောပေါက်သွားတယ်။
မြေအောက်ရထား အကြောင်းပြောလိုက်၊ နိုင်ငံသားတိုင်း စီးပွားရေး အမြင်ရှိဖို့၊ ကန်တော်ကြီး ဥယျာဉ် ၁၂ရာသီ ပန်းဖူးပွင့်အောင်လုပ်ဖို့ ပြောလိုက်လုပ်ရတာ ပျင်းလာသလိုရှိတဲ့ ကြင်စိုး ခေါင်းထဲ တခု ပေါ်လာတယ်။
ဒါနဲ့ပဲ သူ့စားပွဲနောက်က နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ မြေပုံဆီကို ထသွားတယ်။ အရင်လို ပုံမှန်တော့ မလျှောက်နိုင်ရှာဘူး၊ ခါးပေါ် လက်ကလေးတင်ပြီး နှေးတုံ့နှေးတုံ့နဲ့ သွားရတယ်။ အိန္ဒိယက ဆရာဝန်ကြီးတွေ ခေါ်ခွဲတယ်ဆိုပေမဲ့ ပြည်သူတွေရဲ့ မေတ္တာစူးလို့လားတော့ မသိဘူး၊ အရှင်းကို မပျောက်နိုင်ဘူး၊ ခါးက ပြန်ပြန်ပြီး နာနေတယ်။
ချိတ်ထားတဲ့ မြေပုံက မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်မြေပုံ၊ ကြင်စိုးတပ်တွေ ဘယ်လောက် စိုးမိုးထိန်းချုပ်ထားတယ် ဆိုတာကို အရောင်တွေနဲ့ ပြထားတဲ့မြေပုံ။ ဒစ်ဂျစ်တယ်နဲ့ လုပ်ထားတော့ နယ်မြေအတိုးအလျှော့တွေကို အချိန်နဲ့တပြေးညီ ခပ်မြန်မြန်ကြည့်လို့ရအောင် သူ့အတွက် လုပ်ပေးထားကြတာ။ ဒါကလည်း ထုံးစံအတိုင်း သူ့ကို စာရင်းလိမ်ပြထားကြတာ ဆိုတော့ ကြင်စိုးရဲ့ သမ္မတတု အာဏာစက်က လက်ညှိုးထိုးမလွဲ ဖြစ်နေတာပေါ့။ အဲဒီထဲက ရွာတရွာကို သွားကြမယ် လို့ သူ ပြောလိုက်တယ်။
ပြဿနာက ကြင်စိုး ရွေးလိုက်တဲ့ရွာက ဘယ်ဘက်ကမှ ကောင်းကောင်း ထိန်းချုပ်မထားနိုင်တဲ့နေရာ၊ သူ့မြေပုံအတုပေါ်မှာတော့ သူ့ဂိုဏ်းသားတွေ လွှမ်းမိုးထားတဲ့နယ်မြေပေါ့။ ဒီလိုနဲ့ပဲ စစ်ကြောင်းတွေ အရင်ထိုးကြရတယ်။ ရွာသူရွာသား အများစုနဲ့ ရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ စီဒီအမ် ကျောင်းဆရာ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေလည်း ရှောင်ကြပြုကြရတာပေါ့။ အသက်အရွယ်ကြီးသူတွေနဲ့ ကလေးသူငယ်တွေပဲ ကျန်ခဲ့တယ်။
ကြင်စိုး ရောက်မလာခင် လိုအပ်တာတွေ ကြိုစီစဉ်ထားကြတယ်။ ကလေးတွေကို တွေ့တော့ သူ့အဖွဲ့တွေက အကြံတခု ရသွားတယ်။ ကြင်စိုးကို ကလေးတွေက ကြိုဆို နှုတ်ဆက်ကြဖို့ပေါ့။
‘ခင်ဗျားတို့ ရွာ ကလေးတွေ ကလေးကဗျာတွေ ဘာတွေ ရွတ်တတ်ကြလား?’
‘အရင်ရွာမှာရှိတဲ့ ဆရာဆရာမလေးတွေကတော့ ကလေးကဗျာရေးတဲ့ ဒေါက်တာဘယ်သူ ဆိုလား၊ သူ့ရဲ့ ကဗျာ တပုဒ် သင်ပေးထားတာ အလွတ်ရကြပါတယ်’
‘ဒါဆို ဟန်ကျတာပဲ၊ သမ္မတကြီးကလည်း ဂုဏ်ထူးဆောင်ပါရဂူ ဒေါက်တာကြီးဆိုတော့ ဒေါက်တာရေးတဲ့ ကလေးကဗျာနဲ့ ကွက်တိပေါ့၊ ကဗျာက ဘာအကြောင်းတုံး’
ရွာလူကြီးလုပ်သူက ချက်ချင်း ပြန်မဖြေနိုင်ဘူး၊ သူတို့ကို စောင်းမြောင်း ပြောတာလို့ ထင်သွားရင်လည်း တဒုက္ခဆိုပြီး ခဏစဉ်းစားတယ်။ ပြီးမှ
‘ဟိုလေ .. ကလေးတွေ သဘောကျတဲ့ ဝိုင်းချစ်ကြတဲ့ အချစ်တော်လေး အကြောင်းကို ကဗျာလုပ်ထားတာ’ လို့ လှည့်ပတ်ပြောလိုက်တယ်။ ဟုတ်တယ်လေ ခွေးလေးအကြောင်းလို့ သူ ဘယ်ဖြေရဲပါ့မလဲ။ ခွေးတို့ ခွေးသူခိုးတို့ ဆိုတာက ဘယ်သူ့ကို ပြောတယ်ဆိုတာ တနိုင်ငံလုံး သိကြတာပဲ။
‘အဆင်ပြေလိုက်တာဗျာ၊ အဲဒီကလေးတွေရဲ့ အချစ်တော်နေရာမှာ သမ္မတကြီး ဆိုပြီး ပြောင်းဆိုလိုက်၊ သမ္မတကြီးနော် ‘ သန်မကြီးတွေ၊ သန်လဒကြီးတွေ၊ သံပုရာအီး’ တွေတော့ သွားသင်မပေးနဲ့၊ နာသွားမယ်’
‘ဟုတ်ကဲ့ပါ၊ မလုပ်ရဲပါဘူး၊ စိတ်ချပါ’
ဒီလိုနဲ့ ကြင်စိုးရွာကို ရောက်လာတယ်။ ကလေးတွေ အလွတ်ရတဲ့ ကဗျာဆိုတာက ကလေးကဗျာတွေရေးတဲ့ ဆရာကြီး ဒေါက်တာမောင်ဖြူးရဲ့ ပါပီကလေး ပုတုတု၊ ဆိုတဲ့ကဗျာ။
သမ္မတကြီး ဆိုတာ ထည့်ဆိုရမယ်လို့ သင်ပေးထားတဲ့အတိုင်း ကလေးတွေက တစက်လေးမှ မမှားပါဘူးတဲ့၊ ‘ပါပီကလေး’ဆိုတဲ့ နေရာမှာ ထည့် ဆိုလိုက်ကြတယ်။
‘ဘဘ သမ္မတကြီးကို ကဗျာ ရွတ်ပြချင်ပါတယ်’လို့ ကလေးတွေက သံပြိုင်အော် ပြောတော့ ကြင်စိုးမျက်နှာက ပြုံးပြုံးကြီး ဖြစ်သွားလေရဲ့။
‘ဘဘ ဆိုရင်လည်း ရပါပြီ၊ အင်းလေ..သမ္မတကြီး ပါ ပါရင်တော့ ပိုနားထောင်လို့ ကောင်းတာပေါ့။ ကဲ…ရွတ်ပြကြ၊ ရွတ်ပြီးရင် ဘဘ သမ္မတကြီး ယူလာတဲ့ မုန့်တွေကို ကျွေးမယ်’
ဒါနဲ့ပဲ ကလေးတွေက သမ္မတကြီး ဆိုတာကို ထည့်ဆိုရမယ်လို့ သင်ပေးထားတဲ့အတိုင်း တစက်လေးမှ မမှားဘဲ၊ ‘ပါပီကလေး’ဆိုတဲ့ နေရာမှာ ပြောင်းပြီး ကဗျာရွတ်ကြပါတော့တယ်။
သမ္မတကြီး ပုတုတု၊
သူ့စကားက ဝု ဝု ဝု၊
သူ့စကား လူမသိ
လူစကား သူမသိ
သနားပါဘိ။
သမ္မတကြီး ပုတုတု၊
သူ့စကားက ဝု ဝု ဝု၊
သူ့စကား လူမသိ
လူစကား သူမသိ
သနားပါဘိ။
ကြင်စိုးမျက်နှာ အီးမှန်သလို ဖြစ်သွားတယ်၊ မျက်စိမျက်နှာပျက်ပြီး ရွာကနေ ချက်ချင်း ပြန်ဖို့လုပ်တော့တယ်။ ကဗျာရွတ်ပြီးရင် မုန့်ကျွေးမယ် သူ ပြောခဲ့တာလည်း တကယ်ပဲ မေ့သွားတာလား၊ သူ့ကို ‘ခွေး’ လို ကဗျာထဲ ထည့်ရွတ်လို့ မုန့်မကျွေးချင်တော့တာလား မသိပါဘူး။ မုန့်တွေလည်း ချန်မထားခဲ့ပါဘူး။ ‘ဘယ်ကိုပဲရောက်ရောက် ငါက ခွေးဘဝကနေကို မလွတ်တော့ပါဘူး’လို့လည်း အပြန်လမ်းမှာ တွေးနေမိပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar