နန္ဒအောင် - တတိယတံခါးပေါက်မှ ဝင်လာခဲ့တဲ့ ဆရာပါရဂူ
တတိယတံခါးပေါက်မှ ဝင်လာခဲ့တဲ့ ဆရာပါရဂူ
နန္ဒအောင်
(မိုးမခ) မေ ၃၀၊ ၂၀၂၆
အိမ်က တူလေးက မေးဖူးတယ် `လူတော်တော်များများက ကိုးကားလိုက်ရင် သူများဘယ်အရပ်ဆီက ဘယ်သူကတော့ ဘွဲ့မရဘဲ သူဌေးကြီးဖြစ်တယ်၊ ပညာရှင်ကြီး ဖြစ်တယ်ပေါ့၊ ဒီဘက်အရပ်ဆီမှာကော အဲဒီလိုကိုးကားစရာကော မရှိဘူးလားပေါ့။ တူတော်မောင် ညွှန်းဆိုတာက ကမ္ဘာကျော် ဘီလ်ဂိတ်၊ ဇူကာဘတ် အစရှိတဲ့ ဘွဲ့မရဘဲကမ္ဘာကျော်တွေကို ပြောတာဖြစ်ပါလိမ့်မယ်။ များသောအားဖြင့်တွေ့ရတတ်တာကလည်း ဘီလ်ဂိတ်ဘွဲ့မရဘူး၊ ဘယ်ကမ္ဘာကျော်က ဘွဲ့တောင်မရဘူး သူ့ပရော်ဖက်ရှင်နယ်မှာ အောင်မြင်တယ် ဆိုပြီး ညွှန်းကြတယ်။ အနောက်တိုင်းက စံထားရမဲ့သူတွေကို ညွှန်းဆိုကြတာများတယ်။ ကျွန်တော်တို့ ဆီမှာလည်း ဘွဲ့တောင်မရဘဲ စံပြုရမဲ့ ပုဂ္ဂိုလ်တွေအမြောက်အမြားရှိပါတယ်၊ ဆရာပါရဂူလည်းရ အပါအ၀င်ပေါ့။
ကျွန်တော်လည်း တူတော်မောင်ကို ပြောရတယ်`အမည်ရင်းက ဦးလှကြိုင်၊ သနွံသနော့ကျေးရွာမှာမွေးတယ်၊ လေးတန်းထိပဲပညာသင်ခဲ့ဖူးပြီး ကောလိပ်နှင့်တက္ကသိုလ်များ အရှေ့တိုင်းပညာဌာနရဲ့ သင်ကြားမှုအဖွဲ့မှာ ပြင်ပအဖွဲ့ဝင် လူကြီးတဦး ဖြစ်နေတဲ့ ဆရာပါရဂူ ရှိခဲ့တယ်ကွ ´ လို့ အစစွဲထုတ်ပြီး ပြောလိုက်ရတယ်။ ဆရာပါရဂူဟာ အသိပညာတွေများလွန်းလို့ သူရဲ့ကိုယ်ရေးရာဇဝင် ဖြည့်ဖို့ ကြုံတိုင်းကြုံတိုင်း လေးတန်းလို့ ဖြည့်ရင် ဘယ်သူမှ မယုံဘူးကွ၊ အရွဲ့တိုက်တယ် ထင်နေကြတာလို့ ပြောရတယ်။
ပါရဂူဆိုတဲ့ ကလောင်နာမည်ဟာ ဆရာပါ သာသနာ့ဘောင်၀င်တုန်းက ဘွဲ့နာမည်ကို ယူထားတာပါ။`ပါရဂူဆိုရင် တဖက်ကမ်းရောက်နေပြီပေါ့၊ ဘာလို့စာမေးပွဲလာဖြေနေရသေးသလဲ´လို့ သကျသီဟ စာမေးပွဲသွားဖြေတုန်းက ကတ်ပြားပေါ်မှာ အနောက်ခံရဖူးတယ်။ ပါရဂူဆိုတဲ့ နာမည်ကို ပြင်ချင်ပေမဲ့၊ ခိုင်မြဲသလို ဖြစ်သွားတဲ့အတွက် မလွယ်တော့လို့ မပြင်တော့တာပါ။ `ပါရဂူဆိုတာ သိတဲ့အတိုင်းပဲ ကျွမ်းကျင်မှု အထွတ်အထိပ် ရောက်နေသူလို့ အဓိပ္ပာယ်ရပါတယ်။ ကျွန်တော်က ဘာကျွမ်းကျင်မှုမှ ရှိတာမဟုတ်ဘူး´ဆိုပြီး ဆရာပါက နာမည်ပြောင်းချင်ပုံကို ရေးဖူးတယ်။ ဒီအရေးအသားမှာ ဆရာပါရဂူရဲ့ နှိမ့်နှိမ့်ချချနေတတ်တဲ့ စိတ်ထားကို တွေ့ရတယ်။ သူများတွေနဲ့ မတူတာက ဘာသာပြန်စာရေးဆရာ ဖြစ်ဖို့ ရည်ရွယ်ချက်ထားခဲ့ပုံကို ဆရာ့ စာတွေထဲမှာ တွေ့ရပါလိမ့်မယ်။
ဆရာပါဟာ ကိုယ်ရေးအချက်အလက်ဖြည့်ရတိုင်း ပညာအရည်အချင်းဆိုတဲ့နေရာမှာ လေးတန်းလို့သာဖြည့်ပါတယ်။ တချို့က ဆရာ့ကို ရွဲ့များရေးသလား ထင်ကြပေမဲ့ တကယ်ပါ။ ဆရာပါဟာ ပညာဆက်လက် သင်ယူချင်ခဲ့တဲ့တိုင်အောင် ကျောင်းဆက်နေဖို့ ခက်ခဲလွန်းတဲ့အတွက် သာသနာ့ဘောင်ဝင်ပြီး ပညာရှာခဲ့ပုံကို ဆရာကိုယ်တိုင် ပြောထားခဲ့ဖူးတယ်။ (ဦးအောင်သင်းနှင့် အင်တာဗျူးထဲမှာ။ ) ဆရာပါရဂူဟာ ပညာဆက်သင်ချင်ပေမဲ့၊ အတန်းကျောင်း ပညာရေး ဆက်တက်ဖို့ အခက်အခဲတွေကြောင့် ပညာသင်ဖို့ ပွင့်နေတဲ့ တခြားလမ်းကို ရွေးလိုက်တာပါ။ အဲဒီလမ်းကတော့ ဘုန်းကြီးကျောင်း ပညာရေးပါ။ ဆရာပါရဂူဟာ အသက်၁၁နှစ်အရွယ်က စပြီး ဘုန်းကြီးကျောင်းနယ်မြေထဲ ရောက်သွားတာပါ။ ဒုတိယကမ္ဘာစစ် မဖြစ်မီထိ အသက် ၁၇ နှစ်နှင့် ပထမကြီးအောင်သူမှာ နှစ်ပါးသာရှိတယ်။တစ်ပါးက ရွှေကျင် ဒု - သာသနာပိုင်ဆရာတော် အရှင်ဝါသေဋ္ဌ ဖြစ်ပြီး၊နောက် တစ်ပါးက ဆရာပါရဂူဖြစ်တယ်။
ဆရာပါဟာ ဂျပန်ခေတ်မှာ သန်လျှင်ဘက်က နွားနို့ရောင်းတဲ့ ဟိန္ဒူအဘိုးကြီးထံမှာ ဟင်ဒီဘာသာစကားသင်ယူ လေ့လာခဲ့တယ်။ ဆရာပါဟာ ဗာရာဏသီက ဟိန္ဒူတက္ကသိုလ်မှာ ပညာသင်အဖြစ်သွားရောက် သင်ယူခဲ့တယ်။ ကျွန်တော် သိသလောက် ဆရာပါရဂူက ဟိန္ဒူတက္ကသိုလ်ရယ်၊ အိုရီယန်တယ်ကောလိပ်မှာရယ် ပညာသင်ခဲ့တာပါ။ တဂိုးကြီးရဲ့ ရှန်တိနိကေတန်ကိုတော့ သွားရောက်ခဲ့တာတွေလည်း ရှိပါတယ်။ ပညာသင်အနေနဲ့လား၊ လေ့လာသူအနေနဲ့လား ဒါမှမဟုတ် ဗာရာဏသီနဲ့ ရှန်တိနိကေတန်ကို အသွားအပြန် လုပ်နေတာလားတော့သေသေချာချာ မသိပါ။ ဆရာပါရဂူ၊ ဦးဆန်းထွန်း ( မန်းတက္ကသိုလ် )၊ ထားဝယ် ဦးနာဂသေန၊ ရှင်ကေလာသတို့ဟာ စုပေါင်းအဖွဲ့ဖွဲ့ပြီးတော့ ရှန်တိနိကေတန်မှာ အခြေစိုက်ပြီး စာပေသုတေသနလုပ်ငန်းတွေလုပ်ဖို့ ရည်ရွယ်ခဲ့ပေမဲ့၊ အထမမြောက်ခဲ့ပါ။
ထားဝယ် ဦးနာဂသေနနဲ့ဗဂျီအောင်စိုးတို့ကတော့ တဂိုးရဲ့ ရှန်တိနိကေတန် ကျောင်းတက်ဖူးသူတွေပါ။ ထားဝယ် ဦးနာဂသေနက `ချိနဘဝန်း´ခေါ် တရုတ်အဆောင်မှာ နေပြီး၊ ဗဂျီအောင်စိုးကတော့ ပန်းချီအနုပညာနဲ့ ပတ်သက်တဲ့ `ကလာဘဝန်း´အဆောင်မှာနေတာပါ။ ဆရာမာဃကိုလည်း ရှန်တိနိကေတန်ကျောင်းဆင်းလို့ ပြောကြတာတွေ ရှိပါတယ်။ ဆရာမာဃ ရှန်တိနိကေတန်ကျောင်းတက်တဲ့ အထာက်အထားတွေတော့ ကျွန်တော် တဦးတည်းအနေနဲ့ ခုထိတော့ မတွေ့သေးပေမဲ့၊ ဆရာမာဃ ဟာ ဗာရာဏသီမြို့က အာယုဗ္ဗေဒဆေးကောလိပ်မှာ ဆေးပညာသင်ဖူးတယ် ဆိုတဲ့ အထောက် အထားတွေတော့ ဆရာပါရေးသားလို့ သိရတယ်။ ဆရာမာဃဆိုတာကလည်း ပါဠိ၊ သက္ကတ၊ ဟိန္ဒီ တတ်ကျွမ်းတဲ့ ပညာရှင်ကြီးဖြစ်ပြီး ဆရာပါရဂူ ဟိန္ဒီဘာသာကို ကကြီးခခွေး စာလုံးပေါင်းဖတ်နေတုန်းကာလကပင် ဟိန္ဒီဘာသာကနေ ဘာသာပြန်ထားတဲ့ ` ရွှေလရောင်´ ဝတ္ထုကြီးကို သူရိယသတင်းစာမှာ ရေးနေပါပြီ။ ဆရာပါရဂူဟာ မြန်မာနိုင်ငံ ကောလိပ်နှင့်တက္ကသိုလ်များ အရှေ့တိုင်းပညာဌာရဲ့ သင်ကြားမူ့အဖွဲ့မှာလည်း ပြင်ပအဖွဲ့၀င် လူကြီးတဦး ဖြစ်တယ်။
ဆရာပါရဂူ ရေးသားခဲ့တဲ့ ခရီးသည်ဆိုတဲ့ နာမည်နဲ့ စာအုပ်များလည်း တော်တော်များများ ရှိပါတယ်။ ကျွန်တော် သတိပြုမိသလောက်`ဘဝ ခရီးသည်၊ စာပေခရီးသည်၊ ပုဂံ ခရီးသည်၊ မဟာ ခရီးသည်၊ အိန္ဒိယ ခရီးသည်၊ အမေ့ခံ ခရီးသည် ´ တို့ဖြစ်တယ်။ ဒီစာရင်းက ဆရာပါရေးထားဖူးတဲ့ ခရီးသည်နာမည်နဲ့ ရေးသားထားတာတွေထဲက
ကျွန်တော်လက်လှမ်းမီသလောက်တွေပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ထိုစာရင်းထဲကနေမှ ဘဝ ခရီးသည်နှင့် ပုဂံခရီးသည်ကိုသာ ခုထိဖတ်ဖူးသေးတယ်။ မဟာခရီးသည်ကိုတော့ နည်းနည်းမြည်းဖူးပြီး ‘ ဖတ်ချင်လို့ပါ ခဏ ’ ဆိုတဲ့ စကားကနေ ထာဝရဖျောက်ပစ်လိုက်တဲ့ မိတ်ဆွေကြောင့် အမြည်းနဲ့သာ ကျေနပ်လိုက်ရတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ တေးထားသေးတယ်၊ ဆရာပါရဲ့ ခရီးသည်ခေါင်းစဥ်နဲ့ စာအုပ်မှန်သမျှ အကုန်ဖတ်ဖြစ်အောင် ဖတ်ဦးမယ်လို့။ မရှိတော့တဲ့ မြန်မာစာရေးဆရာတွေအနက် ဒဂုန်တာရာ၊ သော်တာဆွေ၊ ပါရဂူ ဆရာတို့သုံးယောက်ဟာ ကျွန်တော်အကြိုက်ဆုံး စာရေးဆရာများ ဖြစ်တယ်။ မိမိကြိုက်သလို လိုက်ကြိုက်ရမယ်၊ လိုက် ကြိုက်ပါလို့ ဘယ်တော့မှမတိုက်တွန်းပါ။ ဒါတွေက တဦးချင်း၊တယောက်ချင်းစီရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်တွေပါ။
ဆရာပါကတော့ ခရီးသည်ဆိုတဲ့ ဘာသာစကားအပေါ် အတော်စွဲလမ်း နှစ်သက်တယ် ဆိုတာမှာ အဲဒီစာအုပ်တွေက သက်သေထူလျှက်ရှိတယ်။ခရီးသည်ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်လို့ ဆရာပါရဂူကတော့` လူသည် မမြင်ဖူးသည့် အရာကို မြင်ချင်သည်။ မကြားဖူးသည့် အရာကို ကြားချင်သည်။ မရောက်ဖူးသည့် နေရာသို့ ရောက်ချင်သည်။ မခံစားဖူးသည့် အရာကို ခံစားချင်သည်။ယင်းစိတ်ဓာတ်သည် လူအား ခရီးသည်ဖြစ်အောင် ဖန်တီးပေးသည် ´လို့ စာပေခရီးသည် အမှာစာမှာ ဖွင့်ဟထားတယ်။ ဆရာပါရဲ့ `ခရီးသည်´ အယူအဆအပေါ်မှာ သူ့မိတ်ဆွေကြီး ရာဟုလာသံကိစ္စည်းရဲ့ အတွေးအခေါ်တချို့ လွှမ်းမိုးနိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ မဟာခရီးသည်ကြီး ရာဟာလာသံကိစ္စည်းငယ်ငယ်က ကြိုက်တဲ့ ကဗျာလေးက`ကမ္ဘာတခွင်ကို လှည့်လည်လော့။
ဘဝတသက်တာဆိုတာ တခါသာ ရောက်လာမည်။
ဘဝတသက်တာ အချိန်ကာလအတွင်းမှာလည်း ပျိုရွယ်မှုဆိုတာ တကြိမ်သာ ရောက်လာမည်´ဆိုတဲ့ ကဗျာလေးပါ။ ရာဟုလာသံကိစ္စည်းဟာ အဲဒီကဗျာလေး ဖတ်ပြီး အစွမ်းပြလာပြီးနောက် မဟာခရီး သည်ကြီးရဲ့ ဘဝကို စတင်လျှောက်လှမ်းခဲ့တာပါ။ ဒါကြောင့် ဆရာပါရဲ့ ခရီးသည် အယူအဆအပေါ်မှာ ရာဟုလာသံကိစ္စည်းရဲ့ အတွေး အမြင်တွေ လွှမ်းမိုးနိုင်တယ်လို့ ယူဆမိတာပါ။
ဆရာပါက ဘာသာတရားနှစ်ခု ဆုံခြင်း ဆိုပြီး ဆရာဗန်းမော်တင်အောင်အကြောင်း ရေးဖူးတယ်။ဆောင်းပါးရဲ့ အဆုံးမှာ ...
`တရားစောင့်သူကို တရားက ပြန်စောင့်သည်။
ပြည်သူကိုချစ်သူအား ပြည်သူက ပြန်ချစ်သည်။
လူကို လေးစားသူအား လူက ပြန်လေးစားသည်။
ဤကား အလွန်ရိုးစင်းသော ဒဿနတရပ်ပင် ဖြစ်သည် ´စာဖတ်သူမှာ အဲဒီစာကိုဖတ်လိုက်ရချိန်မှာအောင်မလေးလေး ဆရာရေ အလွန်ရိုးစင်းပေမယ့် လိုက်နာကျင့်သုံးရန် အလွန်ခက်နေပါတယ်ဗျာလို့ ဆရာ့ကိုလူချင်းတွေ့ပြီး ပြောချင်သလိုမျိုး ခံစားမိပြန်ရော။ တကယ်ကတော့ ဆရာပါဟာ သူ့ရဲ့စာတွေထဲမှာ ခက်ခဲတဲ့ဒဿနတွေကို လူအများနားလည်လွယ်အောင် ရိုးရိုးစင်းစင်း ရေးသားထားတာတွေ့ရတယ်။
ဆရာပါဟာ စာရေးဆရာလောကကို တတိယတံခါးပေါက်မှ ဝင်လာသူ ဖြစ်တယ်လို့ သူ့ကိုယ်သူပြောလေ့ရှိတယ်။ တတိယတံခါးပေါက်ဆိုတာ ဘာလဲပေါ့ စာဖတ်သူတို့မှာ အားထုတ်ပြီး ရှာရဖွေရတွေးရပြန်ပြီပေါ့။ ရှာရင်းဖွေရင်းနဲ့ ဆရာပါရဲ့ အင်တာဗျူးတွေချည်း သီးသန့်စုပြီးထုတ်ထားတဲ့ ` ပဉှာကထာ´မှာ တွေ့ပါပြီဗျာ။ `စာပေလောကကို ပင်ကိုယ်ရေးဖြင့် ဝင်လာသူသည် ပထမတံခါးပေါက်မှ ဝင်လာသူဖြစ်ပြီး၊ အင်္ဂလိပ်စာပေတွေကို ဘာသာပြန်ဖြင့် ဝင်လာသူသည် ဒုတိယတံခါးပေါက်မှ ဝင်လာသူတွေဖြစ်သည်။ ထိုတံခါးပေါက် နှစ်ပေါက်မှာ လူတွေတန်းစီနေသည်။ အိန္ဒိယစာပေကို ဘာသာပြန်ဖြင့် ဝင်လာဖို့ကြိုးစားသည့် သူသည် တတိယတံခါးပေါက်မှ ဝင်လာသူဖြစ်သည်´ လို့ ဆရာပါက ပြောဖူးတယ်။ စာဖတ်သူရဲ့ စိတ်တံခါးပေါက်မှာတော့ ဆရာပါဖွင့်ဟပြီး ထည့်သွင်းပေးခဲ့တဲ့ အတွေး အမြင်များ ဝင်လာတာတွေ မနည်းပေ။
ဆရာပါရဂူလို့ ဆိုလိုက်ရင် ဆရာပါရဲ့ဆရာဖြစ်တဲ့ဒဂုန်ဦးထွန်းမြင့်နှင့် ဦးဆန်းထွန်းတို့ကို ပြေးမြင်မိပါလိမ့်မယ်။ ဒဂုန်ဦးထွန်းမြင့်ကတော့ ပါဠိသက်ဝေါဟာရအဘိဓာန် တအုပ်တည်းနဲ့တင် မြန်မာစာပေလောကမှာ ကျေးဇူးကြီးမားလှပါတယ်။
ဒဂုန်ဦးထွန်းမြင့်ကတော့ အဲဒီစာအုပ်ရေးရာမှာ ဦးဆန်းထွန်းနဲ့ဆရာပါရဂူတို့ဆီက အကူအညီယူထားကြောင်း ရေးထားဖူးပါတယ်။ ဆရာဦးဆန်းထွန်းနဲ့ဆရာပါ နှစ်ယောက်တွဲပြီးဘာသာပြန်တဲ့ ရာဟုလာသံကိစ္စည်းရဲ့ `ဗော်လဂါမှ ဂင်္ဂါသို့´ ဆိုတဲ့ ဘာသာပြန်စာအုပ်ကတော့ မြန်မာစာပေလောကမှာ ချန်လှပ်ထားလို့မရတဲ့ ဘာသာပြန်စာအုပ်တအုပ်ပါ။ ဆရာပါ အမြဲဂုဏ်ယူစွာ ပြောလေ့၊ ရေးလေ့ရှိတာကတော့ သူ့ဆောင်းပါးကို ဆရာကြီးဦးဖေမောင်တင်ရဲ့ `တည်းဖြတ် ပြင်ဆင်စရာမလို´ဆိုတဲ့ မှတ်ချက်ပါ။ မြန်မာ့စွယ်စုံကျမ်းထဲမှာ ဆရာပါကဟိန္ဒူအယူဝါဒ ဆောင်းပါးတွေရေးတော့ စွယ်စုံကျမ်းအဖွဲ့ဝင်ဖြစ်တဲ့ ဆရာကြီး ဦးဖေမောင်တင်က ပြင်ဆင်စရာမလိုဆိုတဲ့ မှတ်ချက်ပေးခဲ့တာပါ။ တကယ်တော့ `ပါရဂူ´ဆိုတဲ့ နာမည်တလုံးရလာတာကိုသာ သိကြတာပါ။ ဒီနာမည်လေး တလုံးရဖို့ ဘယ်လောက်အရင်းအနှီး ပေးခဲ့ရလဲဆိုတာ သိပ်မသိကြပါဘူး။ ဆရာပါ ပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးတစိတ်တပိုင်းကို သိချင်ရင်တော့ ဘဝခရီးသည်၊ ဘဝမှတ်တမ်းများ၊ ပဉှာကထာစာအုပ်တွေကို ဖတ်ကြည့်သင့်ပါတယ်။ ဆရာပါရဂူရဲ့ စာဖတ်ပရိတ်သတ်ဆိုရင် ဒီစာအုပ်သုံးအုပ်ဟာ ဖတ်ကိုဖတ်ရမဲ့ စာအုပ်တွေပါ။ ဖတ်ကြည့်သင့်တယ်လို့တောင် မသုံးနှုန်းပါ၊ ဖတ်ကိုဖတ်ရမဲ့ စာအုပ်တွေလို့ ပြောချင်ပါတယ်။ ဒါမှလည်း ဆရာပါရဲ့ ဘဝအကြောင်း တစေ့တစောင်းကို စာဖတ်မိတ်ဆွေတို့လည်း သိကြရမှာလေ။ အထက်တွင် ဒေါ်အမာ ( လူထုဒေါ်အမာ ) ၊ အောက်တွင် ဆရာပါ ( ပါရဂူ )ဆိုပြီး စာသမားအချို့က စာချိုးကြတာကိုလည်း ကြားဖူးတယ်။ အထက်မြန်မာနိုင်ငံမှာဆိုရင် လူထုဒေါ်အမာ၊ အောက်မြန်မာ နိုင်ငံမှာဆိုရင် ဆရာပါရဂူတို့ကို စာသမားအများစုက လေးစားအားကိုးကြတာပါ။ လေးစားအားကိုးကြဆို ဆရာပါကော၊ လူထုဒေါ်အမာကောကပါ အသက်အရွယ်ကြီးလာတဲ့တိုင်အောင် တွေးနိုင်၊ ရေးနိုင်ခဲ့တဲ့ စာရေးဆရာကြီးတွေမဟုတ်လား။ ဆရာပါဟာ အင်တာဗျူးတွေမှာ ဆိုရင် မေးခွန်းတချို့ကို ပုဂ္ဂိုလ်ရေးဆန်လို့လားမသိဘူး၊ မဖြေလိုဘူးလို့ ပြောတာကို ဖတ်ဖူးတယ်။
ဝိပဿနာ တရားအားထုတ်ကြသူတိုင်း ဆရာကြီးဂိုအင်ကာကို သိကြမှာပါ။ ဂုရုကြီးဂိုအင်ကာနဲ့ ဆရာပါဟာ သာမာန်ခင်ယုံမျှမဟုတ်တဲ့ အင်မတန်ရင်းတဲ့ မိတ်ဆွေတွေပါ။ အိန္ဒိယက မဟာခရီးသည်ကြီးတွေနဲ့ ဆရာပါဟာလည်း အင်မတန်ရင်းနှီးကြပါတယ်။ အကျော်အမော် ရာဟုလာသံကိစ္စည်းနဲ့က လည်း ဆရာပါက မိတ်ဆွေတွေပါ။ ရာဟုလာသံကိစ္စည်း ရန်ကုန်ရောက်တိုင်း ဆရာပါက ဘာသာပြန်အဖြစ် ကူညီဆောင်ရွက်ပေးလေ့ရှိတယ်။ ရာဟုလာသံကိစ္စည်းဟာ ဆရာပါရဲ့ဘဝကို အကျိုးပြုနိုင်ဆုံး ပုဂ္ဂိုလ်များထဲက တဦးဖြစ်ပါတယ်။ အာနန္ဒာကောသလ္လာယနဆိုတဲ့ ရဟန်းတော်နဲ့ ဆရာပါဟာလည်း အင်မတန်ရင်းတဲ့ မိတ်ဆွေတွေပါ။ အာနန္ဒာ ကောသလ္လာယနဟာ အိန္ဒိယက ပညာရှင် လောကမှာ ဗုဒ္ဓသာနပြုခေါင်းဆောင်၊ ဗုဒ္ဓစာပေပညာရှင်၊ စာရေးဆရာတဦး အနေနဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်အကျော်အမော်ဖြစ်တယ်။ အာနန္ဒာ ရန်ကုန်ရောက်တော့လည်း ဆရာပါကပဲ ဘာသာပြန်လိုက်လုပ်ပေးတာပါ။ ဆရာပါနဲ့ အာနန္ဒာရဲ့ ခင်မင်မူ့ကို ဖတ်ချင်ရင်တော့ `ဂင်္ဂါနှင့် ဧရာဝတီ´စာအုပ်ထဲမှာ ဖတ်နိုင်ပါတယ်။
နေရူး၏ ကမ္ဘာကျော်ပေးစားများ ဖြစ်တဲ့ ချစ်သမီးထံသို့ စာအုပ်ဟာ ဆရာပါရဲ့ဘာသာပြန်လက်ရာကောင်း တအုပ်ပါ။ ဆရာပါဟာ ဘာသာစကားလေးမျိုး၊ ငါးမျိုးလောက် တတ်ကျွမ်းပြီး အိန္ဒိယစာပေအများအပြားကို မြန်မာစာဖတ်ပရိတ်သတ်နဲ့ မိတ်ဆက်ပေးခဲ့တာပါ။ ဆရာပါဟာ ဘာသာပြန်စာတွေရေးရင် ကိုယ်တိုင်လက်နဲ့ ရေးတာထက်၊ ပါးစပ်ကပြောပြီး သူများကို ရေးခိုင်းတာလို့ ဖတ်ရ၊ သိရ တယ်။ ဒါပေမဲ့ ပါးစပ်ကပြောထားပြီး သူများရေးတဲ့စာကို ကိုယ်တိုင်ပြန်စစ်၊ ပြန်ပြင်ဆင်တာပါ။ဆရာပါအကြောင်း ရေးမယ်ဆိုရင် ရေးစရာတွေဟာ အများကြီးပါ။ သေချာတာကတော့ စာဖတ်သူအနေနဲ့ ဘဝထဲမှာ ခရီးသွားရင်း ဆရာပါရဲ့ စာတွေကို ဆက်ဖတ်နေဦးမယ်၊စာဖတ်သူရဲ့ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းနေဦးမယ်။
ဆရာပါ ဘ၀တစိတ်တပိုင်းကို လေ့လာချင်ရင်တော့ ...
- ဘ၀ခရီးသည်
ပထမအကြိမ်၊ ဖေဖော်ဝါရီ၊ ၁၉၉၆၊ ဝါမိုးအောင်စာပေ
ဒုတိယအကြိမ်၊ အောက်တိုဘာ၊ ၂၀၀၈၊ ထက်ဝေယံစာပေ
တတိယအကြိမ်၊ ဇွန်လ၊ ၂၀၂၀၊ နှစ်ကာလများစာပေ
- ဘ၀မှတ်တမ်းများ
ပထမအကြိမ်၊ သြဂုတ်၊ ၂၀၂၀၊ စိတ်ကူးချိုချိုစာပေ
- ပဉှာကထာ
ပထမအကြိမ်မူ၊၂၀၀၁၊ ရွှေပုရပိုက်စာပေတိုက်
ဒုတိယအကြိမ်၊ မတ်လ၊ ၂၀၁၉၊ စိတ်ကူးချိုချို
- အောင်သင်းအမေး သူတို့အဖြေ (ဦးအောင်သင်းနှင့်အင်တာဗျူး) တို့ကို ဖတ်ကြည့်နိုင်ပါတယ်။
ဆရာပါ စာတွေထဲ ဖတ်ဖူးပြီး အကြိုက်တွေ့တာတွေက
- ပရကထာ
မုံရွေးစာအုပ်တိုက်ထုတ်ပထမအကြိမ်ဖြည့်စွက်မူ၊၁၉၉၈
၂၀၁၅၊ ဧပြီလ၊ ပြန်လည်ရိုက်နှိပ်ခြင်း
- ချစ်သမီးထံသို့
မတ်လ၊ ၂၀၁၈၊ လောကသစ်စာပေ
- ဂင်္ဂါနဲ့ဧရာဝတီ
ပထမအကြိမ်၊ ၁၉၉၅၊ ဝါမိုးအောင်စာပေ
၂၀၁၆၊ မေလ၊ ပြန်လည်ရိုက်နှိပ်ခြင်း၊ စိတ်ကူးချိုချို
- ရာဟုလာသံကိစ္စည်း
၁၉၉၇ ရွှေပေါက္ကံစာပေ၏ ပထမအကြိမ်မူ
၂၀၁၈၊ ဒီဇင်ဘာလ၊ ဒုတိယအကြိမ်
- မြသန်းတင့်
၂၀၀၂ ရွှေစာပေတိုက်၏ပထမအကြိမ်မူ
၂၀၁၇ ဖေဖော်ဝါရီလ၊ ဒုတိယအကြိမ် တို့ဖြစ်ပါတယ်။
နန္ဒအောင်
၃၀. ၅ . ၂၀၂၆
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
