အာဏာရှင်စနစ်နဲ့ ပြည်တွင်းစစ်ဒဏ် ခံစားနေကြရတဲ့ မြန်မာလူထုတွေရဲ့ အခြေအနေ
မြန်မာနွေဦးခရိုနီကယ် - မေ ၂၂ မြင်ကွင်း
(မိုးမခ) မေ ၂၃ ၊ ၂၀၂၆
အာဏာရှင်စနစ်နဲ့ ပြည်တွင်းစစ်ဒဏ် ခံစားနေကြရတဲ့ မြန်မာလူထုတွေရဲ့ အခြေအနေ
အိမ်နီးချင်းနိုင်ငံတွေအကြားမှာ မြန်မာနိုင်ငံလို့ ဆိုလိုက်ရင် ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့နိုင်ငံတနိုင်ငံ၊ လက်နက်ကိုင် အဖွဲ့ပေါင်း ဒါဇင်ကနေ ရာဂဏန်းအထိ ရှိတဲ့နိုင်ငံ၊ အလုပ်အကိုင် အခွင့်အလမ်းအတွက် အိမ်နီးချင်းနိုင်ငံတွေကို သိန်းဂဏန်း သန်းဂဏန်းနဲ့ချီပြီး ထွက်ခွာနေကြတဲ့နိုင်ငံ အဖြစ် သိရှိနေကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား အနည်းဆုံး ၄ သန်းကနေ အများဆုံး ၆ သန်းလောက်ထိ တရားဝင်ရော တရားမဝင်ပါ နေထိုင်နေကြသလို မလေးရှားနိုင်ငံမှာလည်း သောင်းဂဏန်းကနေ သိန်းဂဏန်းထိ တရားဝင်၊ တရားမဝင် ပုံစံအမျိုးမျိုးနဲ့ နေထိုင်နေကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားသန်းနဲ့ချီ ထိုင်းမှာ နေထိုင်လုပ်ကိုင်နေကြတာက ဆယ်စုနှစ်ချီ ကြာမြင့်တဲ့ အကြောင်းအရာ ဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ ပိုမိုများပြားတဲ့ ပမာဏနဲ့ ဝင်ရောက်လာကြတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နေရာဒေသအများအပြားမှာ စစ်ပွဲတွေ ဖြစ်ပွားလာတာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အခြားသော ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ သိသာစွာ ကျဆင်းလာတာတွေ အပြင် ယခုနှစ်ပိုင်းမှာ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် အဲဒီဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ်တွေ အများအပြား ပြည်ပကို ထွက်ခွာလာကြတာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ ဖြစ်စေ၊ ထောက်ခံသူ ဖြစ်စေ၊ ဆန့်ကျင်ခြင်း ထောက်ခံခြင်း မရှိသူတွေပဲ ဖြစ်စေ ဘယ်သူမဆို ပြည်တွင်းစစ်ရဲ့ အကျိုးသက်ရောက်မှုတွေကို ခံစားကြရမှာ ဖြစ်ပါတယ်။ အနည်းငယ်မျှသော လူတစုကလွဲရင် ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို ခံစားနေကြရတာပါ။ စစ်ပွဲရဲ့ သက်ရောက်မှုနဲ့ စီးပွားရေး ကျဆင်းမှုတွေရဲ့ အကျိုးဆက်ကို မခံစားရသူတွေက အာဏာပိုင်အလွှာ၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိပ်ဆုံးအလွှာ နဲ့ စစ်ပွဲတွေကနေ အကျိုးအမြတ်ခံစားကြရသူ လက်တဆုပ်စာမျှသောသူတွေသာ ဖြစ်ပါလိမ့်မယ်။ ကျန်တဲ့လူအများစုကတော့ စစ်အာဏာရှင်စနစ်ကြောင့်ရော၊ စစ်ပွဲတွေကြောင့်ပါ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံးတာ၊ နေအိမ်တွေ ရိက္ခာတွေ ဆုံးရှုံးတာ လူ့အသက်အန္တရာယ် ထိခိုက်တာ သေဆုံးတာတွေကို ခံစားကြရတာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေမှာ နိုင်ငံရဲ့ နယ်မြေအများအပြားကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်မှာ ရှိတယ်ဆိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားကြတာလည်း ဖြစ်ပါတယ်။ အနည်းငယ်မျှသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလွဲရင် အများစုက အာဏာသိမ်းခဲ့တဲ့ စစ်တပ်နဲ့ တိုက်ခိုက်နေကြရတာ ဖြစ်ပြီး အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေက မတည်မငြိမ် ဖြစ်နေတဲ့ အနေအထားမျိုးမှာ ရှိနေကြတာပါ။
သာဓက အနေနဲ့ ပြရရင် ဝပြည်သွေးစည်းညီညွတ်ရေး၊ မိုင်းလားအဖွဲ့တို့လို တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေမှာသာ စစ်ပွဲဖြစ်ပွားခြင်း မရှိဘဲ စိုက်ပျိုးမွေးမြူတာနဲ့ ကုန်ဖလှယ်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်တဲ့ အနေအထားရှိပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ KIA, TNLA, CNF, KNU, KNPP, KNDF စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာတော့ တိုက်ပွဲတွေ၊ မြို့ရွာတွေ ဖျက်ဆီးခံနေရတာ၊ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေနဲ့ ကူးသန်းသွားလာရေးတွေလည်း ခက်ခဲသလို ကြီးလေးတဲ့ အခွန်အကောက်တွေ၊ စစ်သားစုဆောင်းမှုတွေကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ဖို့ ရည်ရွယ်ချက်နဲ့ စစ်ရေးနည်းလမ်းနဲ့ တော်လှန်တိုက်ခိုက်ပြီး စစ်အာဏာရှင်နဲ့ အခြားသော ဘယ်လိုအာဏာရှင်စနစ်ပဲ ဖြစ်ဖြစ် ဆန့်ကျင်တိုက်ဖျက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်က လက်တွေ့ကျရဲ့ လားဆိုတဲ့ မေးခွန်းလည်း ရှိလာနေတာ ဖြစ်ပါတယ်။
စစ်ပွဲတွေ ပိုမိုအရှိန်ပြင်းထန်လာတာနဲ့အမျှ စစ်ရေးအရ အုပ်ချုပ်တာ၊ စစ်အောင်နိုင်ရေးသည်သာ ပထမ၊ စစ်အောင်နိုင်ရေးသည်သာ ဒုတိယ၊ စစ်အောင်နိုင်ရေးသည်သာ တတိယ အယူအဆနဲ့ ကျင့်ကြံမှုမျိုး ဖြစ်လာပြီး အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်ရေး၊ လူ့အခွင့်အရေး၊ ပညာသင်ကြားခွင့်နဲ့ အခြားသော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေ အားလုံး စတေးခံကြရမဲ့ အနေအထားမျိုး ဖြစ်ပေါ်လာနေတာလည်း တွေ့ကြရပါတယ်။
ပြည်တွင်းစစ် အရှိန်အဟုန်ပြန်မြင့်လာတာ ၅ နှစ်နီးပါး ကာလရောက်လာချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဥ်တွေ၊ လက်ရှိ ပစ္စုပ္ပန် ဖြစ်ပျက်နေတာတွေကို ပြန်လည်သုံးသပ်ပြီး အနာဂတ်ရဲ့ ဖြစ်နိုင်ခြေတွေကို မှန်းဆအကဲဖြတ်ကြည့်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပြည်သူလူထုရဲ့ ရှင်သန်ရပ်တည်နိုင်ဖို့ ကြိုးစားနေကြရတဲ့ အနေအထား၊ စစ်မှုထမ်းအဖြစ် ဖမ်းဆီး ငွေညှစ်ခံနေကြရတဲ့ အနေအထား၊ စိုက်ပျိုးမွေးမြူရေးလို အသက်မွေးဝမ်းကျောင်းတာထက် ပတ်ဝန်းကျင် အရင်းအမြစ်တွေကို ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်စေတဲ့အထိ သယံဇာတ တူးဖော်ရေးလို လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါး သယ်ယူပေးတာမျိုး၊ ကျားဖြန့်လို လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်တာမျိုးတွေနဲ့ အသက်ရှင်သန်ဖို့ လုပ်ဆောင်နေကြရတဲ့ အနေအထားတွေက ပိုပြီးတွေ့မြင်လာနေကြရတာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်ရဲ့ အကျိုးဆက်တွေအနက် အသက်မွေးဝမ်းကျောင်း အလုပ်ဆုံးရှုံးတာ အပြင် နေရပ်စွန့်ခွာ တိမ်းရှောင်ကြရတာကြောင့် ကလေးသူငယ်၊ လူငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးကြရတဲ့ အချက်ကလည်း မဝေးတဲ့ အနာဂတ်အပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေလိမ့်မှာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းခါစမှာ တော်လှန်ရေးဟာ တနှစ်၊ နှစ်နှစ်အတွင်း အောင်မြင်ပြီးဆုံးသွားလိမ့်မယ်လို့ မှန်းဆခဲ့ကြပြီး မိမိတို့ရဲ့ သားသမီးတွေကို ပညာသင်ယူဖို့ကနေ ခေတ္တဆိုင်းငံ့စေခဲ့တဲ့ မိဘတွေ အနေနဲ့ တော်လှန်ရေးကြာရှည်လာတာနဲ့ အမျှ သားသမီးတွေရဲ့ ပညာရေးက မရေရာတဲ့အနေအထားမျိုးနဲ့ ကြုံတွေ့လာကြရတာ ဖြစ်ပါတယ်။
ဒီလို အခြေအနေတွေ အကျိုးဆက်တွေဟာ အာဏာသိမ်းစစ်တပ်ကြောင့်လို့ တခွန်းတည်း ကောက်ချက်ချခြင်းဟာ မှားယွင်းတာတော့ မဟုတ်ပေမဲ့ တာဝန်ယူမှုရှိတဲ့ ကောက်ချက်၊ ဆုံးဖြတ်ချက်တော့ ဟုတ်မနေတဲ့ သဘောလို့ ယူဆမိပါတယ်။
ရေရှည်ဖြစ်လာနေတဲ့ ပြည်တွင်းစစ် ဖြစ်စဥ်ထဲမှာ အများကို မထိခိုက်စေတဲ့ အသက်မွေးဝမ်းကျောင်းမှုမျိုး၊ ကလေးသူငယ်နဲ့ လူငယ်တွေရဲ့ အနာဂတ်ကို ထည့်သွင်းစဥ်းစားပေးတဲ့ ပညာရေးမျိုးအတွက် ဦးဆောင်သူတွေ၊ မူဝါဒချမှတ်သူတွေ ထည့်သွင်းစဥ်းစားကာ လုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်နေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar