Breaking News

ခိုင်ခိုင်စောလွင် - ရုန်းကန်ရတဲ့ ခုမျိုးဆက်

ခိုင်ခိုင်စောလွင် - ရုန်းကန်ရတဲ့ ခုမျိုးဆက်

မိုးမခ ၊ မေ ၂၂ ၊ ၂၀၂၆


သူဌေးဘွဲ့ယူလို့ လိုက်သွားရင်း ဝမ်းနည်းဝမ်းသာဖြစ်မိတယ်၊ ဝမ်းနည်းတဲ့အကြောင်းက ဂုဏ်ထူး ၅ ဘာသာနဲ့ အောင်ခဲ့ပြီး MTU ဒုတိယနှစ်နဲ့ ဆက်မတက်လိုက်ရဘဲ အခု အိမ်အကူလုပ်နေရတဲ့ ကိုယ့်ကိုယ်ကိုယ်အတွက်၊ ဝမ်းသာတာက ကိုယ့်မြန်မာတွေ ဘွဲ့ယူနေကြတာ အများကြီးတွေ့ရလို့ဆိုကာ လူမှုကွန်ရက်မှာ တင်ထားတဲ့ စာလေးကို ဖတ်ပြီး စိတ်ထဲခံစားမိရင်းက တစ်ဆက်တည်းမှာ အခုခေတ် မျိုးဆက်လူငယ်လေးတွေ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ အခြေအနေအသီးသီးကို မြင်ယောင်နေမိတယ်။

၂၀၂၁ ခုနှစ်ကစပြီး အဓိကရင်ဆိုင်လိုက်ရတာက ပညာသင်ယူခွင့် ဆုံးရှုံးကြရတာပါ။ အခြေအနေမပျက် ကျောင်းတက်၊ ဘွဲ့ယူ၊ အလုပ်ဝင်ကြရသူ လူနည်းစုရယ်၊ ပြည်ပမှာ ကျောင်းတက်နိုင်ကြတဲ့ ငွေကြေးတတ်နိုင်သူတွေမပါတဲ့ တိုင်းပြည်ရဲ့ အများစုလူငယ်တွေ ဖြစ်ပါတယ်၊ ပညာရေးရပ်တန့်သွားပြီး မိသားစုတာဝန်သာမက ကိုယ့်ဘဝရပ်တည်နိုင်ရေးအတွက် ဝင်ငွေရမယ့်အလုပ်တွေ လုပ်ကိုင်ရတယ်။ တိုင်းပြည်ရဲ့စနစ် ပြောင်းလဲသွားတဲ့အတွက် ထွက်ခွာသွားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အလုပ်အကိုင်ရှားပါးရာက ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကြရတယ်။

ဒီမှာတင်ပဲ ကျန်ခဲ့တဲ့ငါးနှစ်မှာ အပူအပင်ကင်းကင်း နေခဲ့ရတဲ့ဘဝတွေ ရပ်သွားခဲ့ရတယ်။ Generation Z တွေဖြစ်တဲ့ ဒီလူငယ်တွေဟာ ဒီဂျစ်တယ်ခေတ်နဲ့အတူ ကြီးပြင်းလာတဲ့ မျိုးဆက်ဖြစ်တယ်။ Internet, smartphone, social media တွေနဲ့အတူ ကြီးပြင်းလာတဲ့ ပထမဆုံးမျိုးဆက်တွေထဲကတစ်ခု၊ Facebook, YouTube, TikTok, Instagram စတာတွေကို နေ့စဉ်အသုံးများတယ်။

Technology နဲ့ သိပ်ကိုရင်းနှီးကြတယ်၊ ကိုယ့်အမြင်၊ ကိုယ့်ခံစားချက်ကို တိုက်ရိုက်ပြောတတ်တယ်၊ အလုပ်ရွေးရာမှာ “လစာ” တစ်ခုတည်းမဟုတ်ဘဲ freedom, work-life balance, mental health စတာတွေကိုလည်း အရေးထားတတ်တယ်၊ Trend အသစ်တွေ၊ online culture တွေကို မြန်မြန်လက်ခံတတ်တယ်၊ ပြောရမယ်ဆိုရင် အရင့်အရင်မျိုးဆက်တွေလို ကိုယ်နေထိုင်ရာ ကိုယ့်နေရာသာ ကမ္ဘာကြီးလို့ ထင်တစ်လုံးခေတ် မဟုတ်တော့ဘဲ လွတ်လပ်ပွင့်လင်းစွာ ကြီးပြင်းလာကြကာ ကမ္ဘာကြီးကို လွှမ်းခြုံမြင်နေကြသူတွေ ဖြစ်နေကြပြီ။ ဘာသာစကားရဲ့ အရေးပါပုံကို သိရှိကာ အလွယ်တကူလည်း သင်ယူခွင့်ရရှိကြသူတွေ ဖြစ်တယ်။ သူတို့ထံကနေ မိဘတွေက နည်းပညာ၊ လူမှုဆက်သွယ်ရေး စတာတွေကို ပြန်လည်သင်ယူနေကြရပြီ။

    “လေပြေညင်းရယ် ငြိမ်သက်ဆဲညမှာ …

    အသာအယာ… တိုးလို့တိုက်ခတ်နေ၊ သင်းပျံ့မွှေးတဲ့ ပန်းရနံ့တွေ… ဆောင်ယူသယ်လာ လေညင်းရယ်၊

    ပန်းချစ်သူတို့လက်နဲ့ကွယ် ခူးဆွတ်ဖို့ စိုးရွံ့လို့နေတယ်၊ ဆွတ်ယူမယ်ဟန်ပြင်ကာပင်၊ ယုယစွာ ထွေးပွေ့ထားပါမယ်၊

    အသာအယာ ဆွတ်ယူရင်မှာ သိမ်းထားမယ်… အိုလေ… ပန်းလေးတစ်ပွင့်ရယ်၊

    ပန်း…ကိုချစ်တဲ့ ပန်းချစ်သူကိုယ်တိုင် ချူကာဆွတ်ခူးမယ်။”

တယောသံနဲ့အတူ မဟာဗန္ဓုလပန်းခြံထဲက လွင့်ပျံ့လာတဲ့ သီချင်းသံ၊ ဝိုင်းဖွဲ့နားထောင်သူတွေနဲ့ ကြားရသူအဖို့ စိတ်ချမ်းမြေ့စေတဲ့ ဂီတသံ၊ ၂၀၁၆ ခုနှစ် - ၂၀၁၇ ခုနှစ်ကပေါ့။

အပတ်စဉ် အလုပ်နားရက် စနေ၊ တနင်္ဂနွေနေ့တွေမှာ အများသူငါ အပမ်းဖြေရာပန်းခြံမှာ လူငယ်တွေရဲ့ ဂီတဖျော်ဖြေတင်ဆက်မှုတွေ၊ သူတို့ရဲ့နှလုံးသားက ထွက်ပေါ်လာတဲ့ အနုပညာဖန်တီးမှု ပန်းချီ၊ ဓာတ်ပုံပြပွဲတွေကို လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရကြသလို ပြည်သူတွေ လွတ်လွတ်လပ်လပ် ကြည့်ရှုဝေဖန် သုံးသပ် ခံစားနားဆင်ခွင့်ရကြတယ်၊ ပြည်သူအချင်းချင်း ကူညီကြတာ လက်မနှေးကြ၊ စာသင်ခွင့်မရကြတဲ့ ကလေးတွေကို စာသင်နိုင်အောင် ကူညီကြတယ်။ မီးပွိုင့်၊ လမ်းဆုံလမ်းခွမှာ ပန်းရောင်းနေတဲ့ ကလေးတွေ စာသင်ခွင့်ရအောင် လူငယ်လေးတချို့က ပန်းကူရောင်းပြီး တချို့က စာသင်ပေးကြတယ်။

အင်မတန်မှ ချစ်စရာကောင်းတဲ့ အလေ့အထတွေ မြို့ရွာအနှံ့က လူငယ်တွေ လက်ဆင့်ကမ်းလာကြတယ်။ ပိုလျှံနေသူတွေထံက အသုံးမလိုတာတွေကို ယူပြီး လိုအပ်နေသူတွေကို မျှဝေပေးကြတယ်။ ပရဟိတစိတ်ဝင်စားသူက ပရဟိတ၊ နိုင်ငံရေး စိတ်ဝင်စားသူက ကျောင်းသားသမဂ္ဂအဖွဲ့တွေ ဝင်ရောက်ကြတယ်။ ရန်ကုန်တက္ကသိုလ် အပါအဝင် တက္ကသိုလ်တိုင်းမှာ သမဂ္ဂအဖွဲ့တွေဖွဲ့ကြ၊ အခြေခံပညာကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတွေ ရှိလာ၊ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားသမဂ္ဂရုံးခန်း ဖွင့်ခွင့်ရလာကြတယ်။ အခွင့်အရေးဆိုတာကို ရရမယ်၊ မရရင် တောင်းဆိုရမယ်ဆိုတာ သူတို့အဖို့ အထူးတလည်မဟုတ်တော့၊ ကမ္ဘာလုံးဆိုင်ရာ အတွေးအခေါ်တွေ၊ အသိအမြင်တွေအပြည့်နဲ့ပေါ့။

ပညာရေးမှာဆိုရင် နိုင်ငံတကာမှာ အရေးကြီးဆုံးအဖြစ် အဓိကထားပေမယ့် မြန်မာပြည်မှာ နာမည်သာရှိပြီး လက်တွေ့မလုပ်နိုင်တဲ့ သုတေသနလုပ်ငန်းတွေ စတင်အစပျိုးကာ ပညာရေးဖွံ့ဖြိုးမှုပွဲတော်တွေမှာ ဘာသာရပ်အလိုက် သုတေသနပြုထားတဲ့ အခန်းကဏ္ဍတွေ ပြသလာနိုင်သလို တက္ကသိုလ်အသီးသီးမှာ သုတေသနတွေ စတင်နေကြပြီ။

ရုတ်တရက် တိုင်းပြည်အာဏာကို လုခံလိုက်ရတဲ့အခါ ဒီလူငယ်တွေအားလုံး နည်းလမ်းအသွယ်သွယ်ကနေ ပြန်လည်တုံ့ပြန်ရင်း ပညာရေးကိုနားပြီး လက်နက်ကိုင်ရသူတွေ၊ တတ်ထားတဲ့ပညာနဲ့ တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာက ကူညီကြသူတွေ၊ တော်လှန်ရေးမှာ ကိုယ်တိုင်မပါသော်လည်း ဓမ္မနဲ့ အဓမ္မမှာ မဟုတ်မမှန်တဲ့ဘက်တော့ မလိုက်နိုင်ဆိုကာ မတရားတဲ့သူတွေဘက် မပါချင်တဲ့အတွက် ကိုယ့်အနာဂတ်ကို ရပ်လိုက်သူတွေ၊ မတရားမှန်းသိပေမယ့် မိသားစုအခက်အခဲကြောင့် အလုပ်လုပ်ကြရသူတွေ၊ ဘာနိုင်ငံရေးမှ စိတ်မဝင်စား၊ ဘယ်ဘက်ရယ်မရှိသော်လည်း ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေကြောင့် ပညာရေးခါးဆက်ပြတ်သွားသူ၊ အလုပ်လက်မဲ့ဖြစ်သွားသူ စသဖြင့် လူငယ်တွေရဲ့အနာဂတ်ဟာ ပြောင်းလဲသွားကြရတယ်။ ငါးနှစ်အတွင်း ကြပ်တည်းလာတဲ့ အခြေအနေနဲ့ ခက်ခဲနေတဲ့အခြေအနေတွေကြောင့် နူးညံ့တဲ့ဂီတသံတွေအစား ဆဲသံဆိုသံ၊ ရန်ဖြစ်သံ၊ လုယက်သတ်ဖြတ် ကြမ်းတမ်းသံတွေ ညံလာခဲ့တယ်။

ပြည်ပကို ရောက်လာသူလူငယ်တွေမှာလည်း ကျန်ခဲ့တဲ့ မိဘတွေရဲ့ နောက်ခံပေါ်မူတည်ပြီး ကြုံတွေ့ရင်ဆိုင်ကြရတယ်။ ထမင်းမစားရတာ ရက်အတန်ကြာပြီဖြစ်လို့ ခြေတွေလက်တွေတုန်ကာ လမ်းဘေးလဲနေတဲ့ မြန်မာလူငယ်သတင်းကို ဖတ်ရတာ မချိတင်ကဲဖြစ်ရတယ်။ တော်သေးတာက တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလူမှုကူညီရေးအသင်းတွေ ရှိနေလို့ ခေါ်ယူစောင့်ရှောက်ထားနိုင်တယ်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ အသက် ၁၉ နှစ်နဲ့ ၂၀ ဝန်းကျင် လူငယ် ၄ ယောက်က ထမင်းမစားရတာကြာပြီး ဗိုက်ဆာလွန်းလို့ လုပ်ခလစာမရှင်းပေးတဲ့ အလုပ်ရှင်ကို ဓားနဲ့ခုတ်ကာ သတ်ဖြတ်လိုက်တဲ့ သတင်းကြားရကာ ရင်တုန်ပန်းတုန် ဖြစ်ရတယ်။ အဖြစ်အပျက်တွေကို သိရတဲ့အခါ တွေးလေ တွေးလေ ရင်နင့်ရလေပဲ။ အလုပ်ရှင်ဆီက လစာမရတဲ့အခါ စားစရာမရှိ၊ ထမင်းငတ်တာ ရက်ကြာလာတော့ လူသတ်တဲ့အထိ ဖြစ်သွားရတာ။

မှတ်သားစရာရှိတာက သူတပါးတိုင်းပြည်မှာ အလုပ်သွားလုပ်တော့မယ်ဆိုရင် အဲဒီနိုင်ငံမှာရှိတဲ့ အလုပ်သမားအရေး ကူညီပေးတဲ့ အဖွဲ့အစည်းအမည်၊ ဖုန်းနံပါတ်တွေ မှတ်သားထားဖို့၊ အခက်အခဲရှိက အရေးပေါ် သွားလာဆက်သွယ် ပြောဆိုလို့ရနိုင်တဲ့နေရာ၊ အနည်းဆုံး မြန်မာဘုန်းကြီးကျောင်း စသဖြင့် မှတ်သားထားသင့်တယ်။ ချင်းမိုင်မှာ ရောက်နေကြတာ မြန်မာပြည်သား သိန်းဂဏန်းရှိတာမှာ ဒီလူ ၄ ယောက်ကို အမြဲမဟုတ် ခဏတဖြုတ်ကတော့ ထမင်းကျွေးနိုင်ပါတယ်။ ထိုင်းလူမျိုးတွေလည်း သနားကြင်နာတတ်သူတွေ အများကြီးရှိတာဖြစ်လို့ အကြောင်းအကျိုးပြောရင် ကျွေးပါတယ်။

မျက်စိရှေ့မြင်ဖူးတာကတော့ ကောက်ညှင်းပေါင်းနဲ့ အကင်ရောင်းတဲ့ဆိုင်မှာ လာတောင်းသူကို ကျကျနန သူစားသလို ဝယ်ကျွေးတာ မြင်ဖူးတယ်။ ဖြေရှင်းနိုင်မယ့်နည်းလမ်းကို မတွေးဘဲ စိတ်စေရာကြောင့် မိဘတွေလည်း ရင်ကျိုး၊ လူငယ်တွေ ဘဝပျက်ရတယ်။ ဗိုက်ဆာလို့ဆိုတဲ့ စကားသံကို သားသမီးတွေထံကကြားရင် မိဘတွေဟာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်တတ်ကြတယ်၊ ဆာလောင်တယ်ဆိုတဲ့ အသံကို မကြားလိုကြဘူး၊ သားသမီးလေးတွေ ကျောင်းကပြန်လာပြီး အိမ်ဝရောက်တာနဲ့ “အမေ ဗိုက်ဆာလိုက်တာ” ပြောလိုက်ရင်ကို အဝတ်အစားလဲ၊ လက်ဆေးဆိုကာ ထမင်းပွဲ မြန်မြန်ပြင်ဆင်ပေးကြတာ မိဘတိုင်းပဲလေ။

အဲဒီသတင်းမှာ ကျနော်တို့ ဆာလောင်တယ်၊ ဗိုက်ဆာတယ်၊ စားစရာပိုက်ဆံမရှိဘူးဆိုတဲ့ စကားသံဟာ အင်မတန်ကို ရင်ထဲနင့်နေရပါရောလား။ အိပ်မက်တွေပျောက်ဆုံး၊ အနာဂတ်တွေ လွင့်ပြယ်ကာ အိမ်အကူဝင်လုပ်ရတာ၊ စိုက်ပျိုးခြံ၊ ပန်းရံ၊ စားသောက်ဆိုင် ပန်းကန်ဆေး စသဖြင့် အောက်ခြေအလုပ်လုပ်ရတဲ့ လူငယ်တွေတင်မကပါဘူး၊ အဆင်ပြေတဲ့ မိသားစုတွေသော်မှ တကွဲတပြားစီ ခွဲနေကြရတယ်။ မလုံခြုံတဲ့ အခြေအနေတွေကြောင့် အနည်းဆုံး အိမ်နီးချင်း ထိုင်းကိုပို့ပြီး နေစေရတယ်။ သူငယ်ချင်းတစ်ယောက်က ပြောတယ်။ သူ့သူငယ်ချင်းက “အော်... တို့သားသမီးတွေ အခြေကျပြီအောက်မေ့တာ ဘဝကလည်း” လို့ ညည်းတော့ သူငယ်ချင်းဖြစ်သူက “တို့လိုအိုကြီးအိုမတွေတောင် ဒီအသက်အရွယ် အခြေပျက်ရတာ ဒီကလေးတွေ ဆိုဖွယ်မရှိဘူး” လို့ ပြောလိုက်တယ်တဲ့။

ဒါဟာ ဒီနေ့ကာလ မင်းအောင်လှိုင် အာဏာသိမ်းလိုက်ပြီး ဖြစ်လာတဲ့ တိုင်းသူပြည်သားတွေရဲ့ဘဝပဲ။ ဆင်းရဲချမ်းသာ၊ လူလတ်တန်းစား၊ ကျေးလက်၊ မြို့ပြ၊ ပြည်ပပါမကျန် မြန်မာပြည်သားမှန်သမျှ ရှင်ကွဲ၊ သေကွဲ၊ အိမ်မနေရ၊ စားဒုက္ခ၊ သွားဒုက္ခ အစုံအလင်ကို ဖြစ်စေတာ။ တရားခံသိပြီပဲ၊ မတရားခံနေကြရတာသိပြီပဲ၊ လုပ်စရာက တစ်ခုသာ။ အားလုံး ညီညီညွတ်ညွတ်နဲ့ မြန်မာပြည်သူအပေါင်းကို ဒုက္ခပေးနေသူကို ကိုယ်တတ်နိုင်ရာနေရာကနေ တွန်းလှန်နေဖို့ပဲ။ ဒါမှ ရုန်းကန်နေရတဲ့ ခုမျိုးဆက် လွတ်မြောက်မယ်၊ မဟုတ်ရင် ရုန်းကန်ရတဲ့ နောင်မျိုးဆက်အထိ ရောက်သွားပါလိမ့်မယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar