မောင်တူး - နွေဦးမှာ ခြွေချခံခဲ့ရတဲ့ ကဗျာကြယ်ပွင့် ခက်သီ
မောင်တူး - နွေဦးမှာ ခြွေချခံခဲ့ရတဲ့ ကဗျာကြယ်ပွင့် ခက်သီ
မိုးမခ ၊ မေ ၁၀ ၊ ၂၀၂၆
စာဆိုကြီး
စလေဦးပုညကို
မြို့ဝန် ဦးသာအိုးက သတ်တော့
မင်းတုန်းမင်းက
လူကို ခွေးသတ်လေခြင်းတဲ့။
မောင်သော်ကကို
စစ်ထောက်လှမ်းရေးက
ဆေးကုမပေးပဲ ထောင်ထဲမှာသတ်တော့
ဒေါင်းအိုးဝေဆောင်းပါးမှာ
စာရေးဆရာကို မတရား သတ်လေခြင်းတဲ့။
ခက်သီကို ဖမ်းပြီး
မအလ စစ်တပ်က
ညတွင်းခြင်း နှိပ်စက်သတ်ခဲ့တော့
ကျနော်တို့က
ကဗျာဆရာကို ဖက်ဆစ်တပ် သတ်ခြင်းလို့ ပြောချင်ရဲ့။
နွေဦးတော်လှန်ရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ ကဗျာဆရာခက်သီဟာ ၂၀၂၁ ခုနှစ် မေလ ၉ ရက်မှာ ကျဆုံးခဲ့တယ်။ ၂၀၂၆ ခုနှစ် မေလ ၉ ရက်က ဆရာခက်သီ ကျဆုံးခဲ့တာ ၅ နှစ်ပြည့်ခဲ့ပါပြီ။ နွေဦးတော်လှန်ရေး ကဗျာဆရာခက်သီအတွက် အောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်ကြပါလို့သာ နှိုးဆော်လိုက်ပါတယ်။
သူတို့က
ခေါင်းကိုပစ်တယ်။
တော်လှန်ရေးက
နှလုံးသားမှာရှိတာ
သူတို့မသိကြဘူး။ ။ (ခက်သီ)
ကဗျာဆရာ ခက်သီ (ခေါ်) ကိုဇော်ထွန်းကို စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၂၀၂၁ ခုနှစ် မေလ ၈ ရက်က ဖမ်းသွားခဲ့ပြီး ညတွင်းချင်းပဲ သေဆုံးသွားခဲ့တာပါ။ ကိုခက်သီနဲ့ ဇနီးကို မေလ ၈ ရက် ညက ရွေဘိုနေအိမ်မှာ လာဖမ်းပြီး ရဲစခန်းမှာတညလုံး ရိုက်နှက်ခံရတဲ့ ဒဏ်တွေနဲ့ ကျဆုံးသွားခဲ့တာပါ။ သူ့ရဲ့ ဇနီးကိုတော့ နောက်တနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဓိက ကတော့ ဆရာခက်သီရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရဲရဲတောက် မိန့်ခွန်းတွေ၊ သူ့ရဲ့ တော်လှန်ကဗျာတွေ၊ ဆန္ဒပြပြည်သူတွေကို ဦးဆောင်မှုတွေကြောင့် သူ့ကိုဖမ်းခဲ့တာပါ။ ဆရာခက်သီက စစ်ကြောရေးမှာ အညံ့မခံခဲ့တာကြောင့် လက်လွန်သွားခဲ့တာပါ။ အလားတူ ဆရာခက်သီလိုပဲ စစ်ကြောရေးမှာ သေဆုံးခဲ့သူတွေကလည်း မနည်းပါဘူး။
(ရှင်သန်ခြင်းရှင်းတမ်း)
သူရဲကောင်းလည်း မဖြစ်ချင်ဘူး။
အာဇာနည်လည်း မဖြစ်ချင်ဘူး။
ပြော့ညံ့သွေးကြောင်သူလည်း မဖြစ်ချင်ဘူး။
မိုက်ရူးရဲလည်း မဖြစ်ချင်ဘူး။
တွေဝေခြောက်ခြားသူလည်း မဖြစ်ချင်ဘူး။
ကိုယ့်ကိုယ်ကိုပြန်အရှက်ရသူလည်း မဖြစ်ချင်ဘူး။
လျှာအဖြတ်ခံရတဲ့ ပြောရေးဆိုခွင့်ကိုကြုံဘူးတယ်။
အကျဉ်းချခံရတဲ့ လူ့အခွင့်အရေးတွေနေဘူးတယ်။
သားကြောဖြတ်ခံရတဲ့ နေ့ရက်တွေနဲ့ ရှင်သန်ဘူးတယ်။
ငါတို့ငရဲကို ငါတို့နဲ့ပဲ အဆုံးသတ်ချင်တယ်။
ရေပေါ်ဆီနိုင်ငံရေးသမား မဖြစ်ချင်ဘူး။
စိတ်ကူးယဉ်ကဗျာဆရာ မဖြစ်ချင်ဘူး။
အဓမ္မဝါဒကို ထောက်ခံတဲ့ လူတယောက်မဖြစ်ချင်ဘူး။
ရှင်သန်မှု့ဟာ တမိနစ်ပဲ ကျန်တော့မယ်ဆိုရင်တောင်
အဲ့ တမိနစ်ကို လိပ်ပြာသန့်သန့် နေချင်တယ်။ ။
(ခက်သီ)
၂၀၂၀ ရွေးကောက်ပွဲဟာ မဲစာရင်းမှားသတဲ့။ ဒါကြောင့်မို့လို ဒီမိုကရေစီ စစ်စစ်ဖြစ်အောင် အာဏာသိမ်းရပါသတဲ့။ ဒီစကားကို မင်းအောင်လှိုင်က ပြောခဲ့တယ်။ မင်းအောင်လှိုင်ဟာ သူ့ပြောစကားကိုသူ လိပ်ပြာသန့်ပါ့မလား။ ရခိုင်က ဒေါက်တာအေးမောင်ကလည်း အင်တာဗျူးတခုမှာ “ဗိုလ်မင်းအောင်လှိုင်ဟာ ပျော့ပျော့ပျောင်းပျောင်းလေးနဲ့ လွန်လွန်ကြူးကြူး ဘာမှ မလုပ်သူ” လို့ ပြောသွားတယ်။ လူ ၈၀၀၀ ကျော် သတ်ထားပြီး အိမ် ၁ သိန်းကျော် မီးရှို့ထားတဲ့ ရာဇဝတ်သားကို ပြော့ပြောင်းသူလို့ ပြောခဲ့တဲ့ ဒေါက်တာအေးမောင် လိပ်ပြာသန့်ပါ့မလား။ ဆရာတော်တပါးကလည်း မင်းအောင်လှိုင်ဟာ သာသနာပြုမင်း ဖြစ်ပါတယ်တဲ့။ ဆရာတော်ကော လိပ်ပြာသန့်ပါ့မလား။ ကဗျာဆရာခက်သီကတော့ ပြည်သူတရပ်လုံးအတွက် နွေဦးတော်လှန်ရေးမှာ လိပ်ပြာသန့်သန့် ပါဝင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းပြီးနောက် ကဗျာဆရာခက်သီဟာ ရွှေဘိုနဲ့ ပုလဲနယ်က စစ်အာဏာသိမ်းမှု ဖီဆန်ရေး လူထုလှုပ်ရှားမှုတွေမှာ ခေါင်းဆောင် ပါဝင်ခဲ့ပါတယ်။ ထင်ရှားတဲ့ ခေါင်းဆောင်တဦး ဖြစ်သလို ထိရှပြင်းထန်လှတဲ့ တော်လှန်ကဗျာ စကားလုံးတွေကြောင့် စစ်ကောင်စီရဲ့ ပစ်မှတ်ထားခံရသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ကနေ အငြိုးနဲ့ ဖမ်းဆီးပြီး ရက်စက်လိုက်ကြတယ်ပေါ့။ ငါးနှ စ်ပြည့်ပါပြီ။
(ဝင်းမော်ဦး မြသွဲ့သွဲ့ခိုင်မှသည်)
တိုက်ပွဲ မရှိရင် အောင်ပွဲမရှိ
အော်ဟစ်ကြွေးကြော်သံတွေနဲ့အတူ
စီးမျောလာတဲ့လူအုပ်ကြီး။
ကျားလှောင်အိမ်ထဲမှာ ဆွေးနွေလို့ရမလား
ကျားသနားမှ နွားချမ်းသာမျှော်ဦးမလား
နိုင်ငံရေးဟာ အောက်ကြေးနှိုက်မရ။
သစ်ငုတ်တို ရွှေချတဲ့နိုင်ငံရေးကိုရွေးမလား
အမြစ်လှန် အသစ်စိုက်ဖို့ကြိုးစားမလား
လူထုရဲ့ အသံကို နားစွင့်မိတယ်။
မင်းတို့က ငါတို့ကို မြေမြှုပ်ဖို့ ကြိုးစားတာကိုး
ငါတို့က သစ်စေ့တွေဆိုတာ မင်းတို့ မသိဘူး
စကားပုံတခုမှာ မှတ်သားမိခဲ့။
ဓားကနေ အပင်မပေါက်လည်း
မြေရိုင်းကို ရှင်းလင်းဖို့ ဓားလိုတယ်
၂၁ ရာစုမှာ နည်းပညာဟာ ဓားတလက်ပဲ
သူတို့မှာ သေနတ်ကိုင်တဲ့ လူ ၄ သိန်း
ငါတို့မှာ စမတ်ဖုန်းကိုင်ထားတဲ့ စမတ်လူငယ်တွေ သန်းပေါင်းများစွာ။
ဝင်မော်ဦး မြသွဲ့သွဲ့ခိုင်မှသည်
တော်လှန်ဝိညာဉ်တွေ
စစ်အာဏာရှင် အမြစ်မပြတ်သ၍
အမျှဝေလို့မဖြစ်သေး
ဉာဏ်ပညာနဲ့ နှလုံးသား ဘက်ညီမျှတဲ့ တော်လှန်ရေး
တောက်ပသော အနုပညာတရပ်
ကမ္ဘာ့လူသားများ မတ်တပ်ရပ်ပေးကြပါ။ ။
(ခက်သီ) 19.2.2021
ခက်သီရဲ့ အထက်ပါကဗျာဟာ ခက်သီအတွက် သေမိန့်ပါပဲ။ ဒါပေမဲ့သူဟာ ရဲရဲရင့်ရင် မရှောင်မလွဲ ရင်ဆိုင်သွားခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး ၁၉ ရက်အကြာ မြသွဲ့သွဲ့ခိုင်ရဲ့ ခေါင်းကို တည့်တည့်ပစ်သတ်တဲ့နေ့ ခက်သီက ဒီကဗျာကို ရေးခဲ့တယ်။ ဒီကဗျာဟာ စစ်တပ်က ပစ်တဲ့ ကျည်ဆန်ကို တုန့်ပြန်တဲ့ကဗျာပဲလို့ စစ်အာဏာရှင်ဖက်က ယူဆခဲ့ပုံပါပဲ။ ဒါကြောင့် ခက်သီကို ရန်ညှိုးထားပြီး ဖမ်း သတ်ခဲ့တာပါပဲ။ ဒါဆိုရင် ကဗျာလက်နက်ကို စစ်တပ်က ကြောက်ဒူးတုန်လွန်းတာ ထင်ရှားနေပါပြီ။ ခက်သီရဲ့ တော်လှန်မျိုးစေ့တွေဟာလည်း ပေါက်ဖွားရှင်သန်နေပြီပေါ့။ ကဗျာဆရာတို့ရေ ခက်သီ ၅ နှစ်ပြည့်အတွက် နွေဦးတော်လှန်ကဗျာတွေ ရေးပြီး ဖက်ဆစ်ကျည်ဆန်ကို ကာကွယ်ကြပါတော့။
(ပန်းသီးဝိုင်)
ရူးစမ်း
အာဏာသာမရူးနဲ့
တဏှာသာမရူးနဲ့
ရူးတာ ဘာမှ ရှက်စရာမရှိဘူး။
ပန်းသီးထဲမှာ
ရေမွှေးလား
ခရူးဆိတ်လား
ယဉ်ကျေးမှု သွေးလန့်ခြင်းလား
ရှိပါလိမ့်မယ်။
ငါ့အကြောင်း
နှလုံးသားဂုဏ်ရည်
နင် ထိစမ်းတဲ့အခါ သိလိမ့်မယ်
စွပ်စွဲချက်များ ပြင်းထန်လှချည်ရဲ့။
ယိုစီးကျနေတဲ့
ကျောက်စက်ရေလို စိတ်နှလုံးသား
ငါမဖော်ပြခဲ့တာဟာ
ငါဖော်ပြနေသလိုပါပဲ။
နှစ်ချို့ရင် မင်းသိလိမ့်မယ်
နှစ်တချို့မှာ ငါဟာ ဆိုးသွမ်းခဲ့တယ်
မပြောပါရစေနဲ့
ဖွင့်ဟ မပြောပါရစေနဲ့တော့။
ပန်းသီးတွေ သိုးသွားတော့ ဝိုင်တဲ့။
စိတ်တွေ သိုးသွားတော့ စစ်ပွဲတွေ
ဥပဒေ သိုးသွားတော့ မတရားမှုတွေ။
ကမ္ဘာဦးဓလေ့ပဲ ဆိုပါစို့
နိုင်ရာစားစတမ်းတဲ့
ဧဝဟာ ပန်းသီးကို ကုန်အောင်စားပစ်ခဲ့ရမှာ
ဒါဆို ပန်းသီးလည်း မရှိတော့ဘူး
ဝိုင်တွေလည်း မရှိတော့ဘူး။ ။
(ခက်သီ)
ခက်သီရဲ့ ကဗျာကျည်ဖူးက စစ်အာဏာရှင်တွေရဲ့ ရင်ဘတ်ကို တည့်တည့်မှန်ခဲ့တယ်။ စစ်အာဏာရူးတွေတင်မက ကျွန်ရူးတွေရဲ့ ရင်ဘတ်တွေကိုပါ မှန်တယ်။ အာဏာရူးဟာ သမ္မတရူးဖြစ်လာနေပါပေါ့လား။ ကျွန်ရူးတွေထဲမှာတော့ သင်္ကန်းဝတ်တွေကလည်းအများသားပါလား။
ရူးစမ်း
အာဏာသာ မရူးနဲ့
တဏှာသာ မရူးနဲ့
ကျွန်ရူးလည်း မရူးကြနဲ့ဟေ့ လို့ ခက်သီရဲ့ ကဗျာကို စာသားဖြည့်ရေးရမဲ့ပုံပါပဲ။ ရူးတာ ဘာမှ ရှက်စရာ မရှိဘူး။ အာဏာရူး ကျွန်ရူးတော့ မရူးကြသင့်ဘူးပေါ့။
သစ်ခက်လေးတွေ ချိုးပြီး
တောတိုးရင်း အမှတ်အသားပြုခဲ့သလို
ငါဟာ ကဗျာတချို့ကိုထားခဲ့တယ်။
(ခက်သီ)
ဟုတ်ပါတယ်။ နေလုံးကြီးဟာ အနောက်ဘက် တောင်စွယ်မှာ ကွယ်သွားခဲ့ပေမယ့်။ အရှောင်အရှိန်အဝှာတွေကတော့ ပြင်းပြစွာ ကျန်နေသေးသလို ခက်သီရဲ့ တော်လှန်ကဗျာတွေကတော့ ကျန်နေခဲ့ပါပြီ။ ခက်သီရဲ့ ကဗျာတွေကတော့ နွေဦးတော်လှန်ရေးကို လမ်းပြနေဆဲပါ။ ခက်သီ၊ ဂျင်မီ၊ ကိုရင်ဩ၊ ကေဇဝင်း၊ ကြည်လင်အေး၊ အေစိုင်းကေ၊ မောင်ပိုတို့နဲ့တကွ နွေဦးမှာ အသက်ပေးသွားကြတဲ့ ကဗျာဆရာအပေါင်းကို ခက်သီ ကွယ်လွန်တဲ့ ၅ နှစ်မြောက်မှာ မမေ့မလျှော့ သတိတရ အလေးအနက် ဂုဏ်ပြုကြပါစို့။ ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar