ကိုအောင်မှိုင်း - ကျနော့်နာမည်
ကိုအောင်မှိုင်း - ကျနော့်နာမည်
မိုးမခ ၊ ဇွန် ၇ ၊ ၂၀၂၆
ကျနော့်နာမည်
အနီရောင် ကိုယ်ပိုင်နံပါတ် ၂၁၆၄
ကျနော့်အသက်
ဂျပန်နယ်ချဲ့ဝါဒကို အနောက်တံခါးက
မောင်းထုတ်ချိန်မှာ ကျနော်က အမေ့ဝမ်းထဲမှာ။
အမေရိကန်နယ်ချဲ့ဝါဒက အရှေ့တံခါးက
ဝင်လာချိန်မှာတော့ ကျနော် မွေးပြီ။
“လွတ်မြောက်ခြင်းကလေး” လို့ ခေါ်ကြတာပေါ့။
ကျနော့်လိပ်စာက
ဂွမ်ဂျူးမြို့၊ မွန်ဟွန်းဒုံ ၈၈-၁၊
အဆောင် ၂၊ အခန်း ၄၁၊
ကျနော့်အိမ်၊ အခန်း၊ အိမ်သာ။
ကျနော်ရောက်နေတဲ့နေရာက
နေမမြင်ရတဲ့၊ ကြယ်မမြင်ရတဲ့
လကွယ်ညလို အမှောင်မှာ
သုံးမီတာပတ်လည် ဂူငယ်လေးတစ်ခုလေ။
ကျနော် လွတ်လပ်မှုလား
တစ်နေ့ ၂၄ နာရီ အကျဉ်းချုပ်နှောင်မှု။
မဟုတ်သေးဘူး—
တစ်နှစ် ၃၆၅ ရက် အကျဉ်းချုပ်နှောင်မှု။
မဟုတ်သေးဘူး—
ရက်ပေါင်း ၅,၄၇၅ ရက်ကြာ သင်္ချိုင်းတစ်ခု။
ကျနော့်အသုံးအဆောင်တွေက
အပြာရောင် ထောင်ဝတ်စုံတစ်ထည်
ပေါက်ပြဲနေတဲ့ သတ္တုပန်းကန်သုံးလုံး
ကောက်ရိုးခင်းနဲ့ စောင်တစ်ထည်ပေါ့။
“မလုပ်ရ”
ဘေးခန်းက အကျဉ်းသားနဲ့ စကားမပြောရ။
တစ်ခါတစ်ရံ...
အခြားအကျဉ်းသားတွေရဲ့ မျက်နှာကိုတောင် မကြည့်ရ။
ခွင့်ပြုချက်မရှိဘဲ
သတ်မှတ်ထားတဲ့နေရာကနေ မထရဘူး။
အိပ်ချိန်မဟုတ်ဘဲ
လှဲအိပ်ခြင်း၊ ငိုက်မျဉ်းခြင်း မလုပ်ရဘူး။
ခွင့်ပြုချက်မရှိဘဲ
စာရေးကိရိယာ၊ စက္ကူ မကိုင်ရဘူး။
ခွင့်ပြုချက်မရှိဘဲ
စာအုပ်ဖတ်ခြင်း၊ ဖတ်ဖို့ကြိုးစားခြင်း မလုပ်ရဘူး။
လုပ်ခွင့်ရှိတာက—
အထက်ပါ စည်းကမ်းတွေကို
တစ်ယောက်ယောက် ချိုးဖောက်တာ တွေ့ရင်
တာဝန်ခံအရာရှိထံ ချက်ချင်း တိုင်ကြားရမယ်။
ဒီလိုဘဝမျိုးနဲ့
နေခဲ့ရအောင် ဘာလုပ်ခဲ့မိလို့လဲ။
ပုံပြင်တွေကိုတော့
ကြားဖူးပြီးသား ဖြစ်မှာပါ။
အမေရိကန် အမဲသားတွေ
တင်သွင်းလာလို့
ကိုရီးယား နွားမွေးမြူရေးဈေးကွက်
ပြိုလဲသွားတယ်။
ဒီအတွက်
ညည်းတွားနေတဲ့
လယ်သမားတစ်ယောက် ရှိတယ်
အဲဒါ အဖေ့အသံပေါ့။
အလုပ်သမားတွေရဲ့
နာကျင်မှုကို မျှဝေခံစားခဲ့
“တရားမဝင် လှုံ့ဆော်သူ” လို့ စွပ်စွဲခံရပြီး
လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့
တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ တောင်းပန်သံ။
အဲဒီတောင်းပန်သံက အစ်မအသံပေါ့။
ကျွန်တစ်ယောက်လို
အမြတ်ထုတ်ခံပြီး မနေချင်တော့လို့
လူသားအားလုံး တန်းတူညီမျှကြောင်း
ကြေညာရင်း ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တဲ့
အလုပ်သမားတစ်ယောက်က ညီလေးပါ။
“Team Spirit” စစ်ရေးလေ့ကျင့်မှုအတွင်း
အမေရိကန်စစ်သားတွေက မုဒိမ်းကျင့်ခဲ့တဲ့
တောင်ပေါ်ရွာက အမျိုးသမီးတစ်ယောက်ရဲ့
အော်ဟစ်သံက အဒေါ်အသံ။
အချိန်တိုင်းမှာ၊
အိမ်တွေထဲမှာ၊
လမ်းတွေပေါ်မှာ၊
နိုင်ငံသားတွေကို
မြင်နေခဲ့တယ်။
သူတို့တွေရဲ့
ငိုကြွေးသံတွေကို
ကြားနေခဲ့တယ်။
ရုပ်သေးအစိုးရကို
ဆုတ်ဖြဲပစ်ကြစို့။
ဖက်ဆစ်ဆန့်ကျင်ရေး
ဒီမိုကရေစီတိုက်ပွဲ
အောင်မြင်ပါစေ။
နယ်ချဲ့ဆန့်ကျင်ရေး
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ
အောင်မြင်ပါစေ။
ဒီအသံဟာ
ကျနော့်အသံ
မိတ်ဆွေတွေရဲ့အသံ
အိမ်နီးချင်းတွေရဲ့အသံ
ပြည်သူလူထုအသံ။
ကိုအောင်မှိုင်း (ဘာသာပြန်ပါသည်)
Kim Nam-ju (1945-1994) သည် South Cholla ပြည်နယ် Haenam တွင် မွေးဖွားခဲ့ပြီး 1970s နှင့် 80s ခုနှစ်များအတွင်း တောင်ကိုရီးယား၏ minjung သို့မဟုတ် "ပြည်သူ့" လှုပ်ရှားမှုနှင့် ဆက်စပ်နေသော လက်ဝဲဝါဒီ ကဗျာဆရာတစ်ဦးဖြစ်သည်။ သူသည် အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် လှုံ့ဆော်နေသည့် တရားမဝင် မြေအောက်အဖွဲ့အစည်းဖြစ်သည့် National Liberation Front တွင် ပါဝင်ပတ်သက်မှုအတွက် စစ်တပ်အစိုးရမှ ပြစ်ဒဏ်ချမှတ်ခံရသူ ၃၆ ဦးအနက်မှ တစ်ဦးဖြစ်ပြီး ဂွမ်ဂျူးတွင် ၁၉၈၀-၈၈ နှစ်များအတွင်း ထောင်ကျခဲ့သည်။ သူသည် ၁၉၈၀ ခုနှစ် မေလ ဂွမ်ဂျူး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အထိမ်းအမှတ် ကဗျာဒါဇင်ပေါင်းများစွာကို ရေးသားခဲ့ပြီး သူ့အကျဉ်းချခံရမှု၊ တောင်ကိုရီးယား၏ စစ်အာဏာရှင်စနစ်၊ မြောက်-တောင် ပိုင်းခြားရေးစနစ်နှင့် အမေရိကန် လက်သစ်ကိုလိုနီ လွှမ်းမိုးချုပ်ကိုင်မှုတို့ကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ အတွင်းရော အပြင်မှာပါ ရဲဘော်ရဲဘက်များ၏ အကူအညီဖြင့် Kim သည် ဤကဗျာများကို ထုတ်ဝေရန်အတွက် ထောင်ထဲမှ တိတ်တဆိတ် ခိုးထုတ်နိုင်ခဲ့ပါသည်။ 1988 တွင် လွတ်ငြိမ်းချမ်းသာခွင့်ရပြီး 1994 တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ချိန်အထိ စာရေးခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို ပြန်လည်စတင်ခဲ့သည်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar