နေသွင်ညိဏ်း - မြန်မာ့နိုင်ငံရေးဓလေ့နှင့် ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေးတို့ကို ပြန်ဖတ်ခြင်း
မြန်မာ့နိုင်ငံရေးဓလေ့နှင့်
ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေးတို့ကို ပြန်ဖတ်ခြင်း
နေသွင်ညိဏ်း
(မိုးမခ) ဇွန် ၈၊ ၂၀၂၆
‘လူ့အဖွဲ့အစည်းမှာ အာဏာရှင်မင်းမူနေတာဟာ တိုင်းသူပြည်သားက လက်ခံထားလို့ ဖြစ်တယ်။ လက်မခံရင် အာဏာရှင်စနစ် ပျောက်ကွယ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားမှာဖြစ်လို့ ရေရှည် မခံနိုင်ပါ' ( ဒေါက်တာမောင်မောင်ကြီး၊ မြန်မာ့နိုင်ငံရေးဓလေ့)
မြန်မာ့နိုင်ငံရေးဓလေ့ဟာ အာဏာရှင်စနစ်အတွက် ရေခံမြေခံကောင်းဆိုတဲ့ အယူအဆကို မန္တလေးတက္ကသိုလ် သမိုင်းပါမောက္ခဒေါက်တာမောင်မောင်ကြီးက Burmese Political Value မှာ ရေးခဲ့တယ်။ ဒေါက်တာ မောင်မောင်ကြီးရဲ့ စာကဆန်ရင်းနာနာဖွတ်ဆိုသလို မြန်မာမင်းခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ် အုပ်ချုပ်ပုံစနစ်တွေ၊ မြန်မာလူ့အဖွဲ့အစည်းထဲက အစိုးရမင်းများအပေါ်သဘောထား၊ မြန်မာ့စရိုက်က ပုံဖော်ပေးလိုက်တဲ့နိုင်ငံရေးဓလေ့တွေကို ပယ်ပယ်နှယ်နှယ်ကြီး ဝေ ဖန်ထားတယ်။ မြန်မာ့စရိုက်ကို မြန်မာပညာရှင်တယောက် မထောက်မညှာဝေဖန်တဲ့ကျမ်းတစောင်ဆိုရမယ်။ ဒေါက်တာမောင်မောင်ကြီးရဲ့ကောက်ချက်က ဒီမိုကရေစီဆိုတာ လူတွေရဲ့စိတ်နေစိတ် ထားဖြစ်တယ်။ မြန်မာပြည်မှာ လူတိုင်းနဲ့ ဆိုင်တဲ့ ဒီမိုကရေစီကို ပြုစုပျိုးထောင်ဖို့ အလွန်ခက်လိမ့်မယ် လို့ ရေးခဲ့တယ်။
ဒီစာအုပ်ကို ဆရာဒေါက်တာအောင်ခင်ကလည်း ကောက်နုတ်ဘာသာပြန်ဖူးသလို၊ ကိုနိုင်ဦးကလည်း ဘာသာပြန်ထားပါတယ်။ စာရေးဆရာကျော်ဝင်းကလည်း သူ့စာတွေမှာ ကိုးကားတာ၊ ဟော ပြောတာ တွေ့ဖူးပါတယ်။ ဂရုဓမ္မထားပြီး ဖတ်ရမယ် စာတအုပ်ပါပဲ။ ၁၉၈၃ ခုနှစ်မှာ ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။ ဒေါက်တာ မောင်မောင်ကြီးရဲ့ အယူအဆကို မကြာသေးခင်နှစ်တွေအထိ ကိုးကားနေကြတာကို ကြည့်ရင် မြန်မာ့စိတ်ရင်းဟာ သိိသိသာမပြောင်းလဲသေးဘူးလို့ စာရေးဆရာများက ယူဆလို့ ဖြစ်မယ်လို့ ဆိုရမလို ရှိပါတယ်။
ဒေါက်တာမောင်မောင်ကြီးက သူ့ရဲ့အယူအဆကို သမိုင်းအဖြစ်အပျက်တွေ၊ ဥပမာတွေ၊ ဆိုရိုး၊ စကားပုံ-တွေ၊ နောက်ဆုံး ဘုရားစာတွေကိုကိုးကားပြီး တည်ဆောက်ပြသွားပါတယ်။ ဒီလို ယဉ် ကျေးမှုဓလေ့အထိုင်က နိုင်ငံရေးစနစ်ကိုချဉ်းကပ်တာကို ဝေဘာ Max Weber ကနေ ဟန်တင်တန် Samuel Huntington တို့ ရေးခဲ့ကြလို့ ဒေါက်တာမောင်မောင်ကြီးက သူတို့လမ်းလိုက်တယ်လို့ ဆိုချင်ဆိုနိုင်ပါလိမ့်မယ်။
ကျနော်က The Future of Freedom စာအုပ်မှာ ဇာကရီယာ ရေးသလို လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှု၊ ဓလေ့ ဆိုတာ အကောင်းတွေရော၊ အဆိုးတွေပါ ရှိနေတာကြောင့် ဒီယဉ်ကျေးမှု ဓလေ့ကို တခုတည်းသော အကြောင်းအဖြစ် ဆွဲယူတာဟာ တဖက်စောင်းနင်း ဖြစ်လိမ့်မယ်ဆိုတာကို သတိရပါတယ်။ ဒီလိုပဲ ယဉ်ကျေးမှု၊ ဓလေ့ကို စီးပွါးရေး ဖွံ့ဖြိုးမှု၊ ဆုတ်ယုတ်မှုရဲ့ အကြောင်းရင်းအနေနဲ့ တင်ပြခဲ့ကြသူတွေလည်း ရှိပါတယ်။ ဒီအချက်ကို ပြန်ငြင်းချက်ထုတ်ပြီး အင်စတီကျုးရှင်းတွေကသာ အရေးကြီးတယ်လို့ ရေးခဲ့တာတွေလည်း ဖတ်ဖူးပါတယ်။ ဒါကတော့ ပညာရှင်လောကရဲ့ ဖြစ် ရိုးဖြစ်စဉ်၊ ကျင့်ရိုးကျင့်စဉ်ပါပဲ။
ဒေါက်တာ မောင်မောင်ကြီးရဲ့ စာအုပ်နဲ့ ပတ်သက်လို့ ငြင်းချက်ထုတ်ခဲ့သူတွေလည်း ရှိပါလိမ့်မယ်။ သမိုင်းအချက်အလက်အရပြောရရင် ဒေါက်တာမောင်မောင်ကြီးရဲ့ စာအုပ်ထွက်ပြီး ၅ နှစ်လောက်မှာပဲ မြန်မာပြည်မှာ ဒီမိုကရေစီ တောင်းဆိုတဲ့ လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ပါတယ်။ ဆိုလိုတာက မြန်မာ့ယဉ်ကျေးမှု ၅ နှစ်အတွင်းမှာ ချက်ချင်းပြောင်းလဲသွားပြီး ပြည်သူတွေက အာဏာရှင်စနစ်ကို ထ တော်လှန်လိုက်ကြတာမဟုတ်ပါဘူး။ ဒီမိုကရေစီရှင်သန်နိုင်တဲ့ ရေခံမြေခံဟာလည်း မြန်မာ့ဓလေ့မှာရှိနေတယ်လို့ယူရင် ပိုမျှတမယ်လို့ ထင်ပါတယ်။
ဒီအကြောင်းကို စာတစောင်ပေတဖွဲ့ ရေးခဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ၁၉၉၀ ဝန်းကျင်တဝိုက်မှာ ရေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အက်ဆေး၊ စာတမ်းငယ်တွေမှာ မြန်မာ့ဓလေ့ထဲမှာ ဒီမိုကရေစီမျိုးစေ့ ရှိနေတယ်ဆိုတာ မီးမောင်းထိုးပြခဲ့ပါတယ်။ Freedom from Fear စာအုပ်ထဲက ဒီမိုကရေစီ ရှာပုံတော်နဲ့ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေးတို့မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီအကြောင်း အတိအလင်းရေးထားပါတယ်။
ဒေါက်တာမောင်မောင်ကြီးရဲ့ စာအုပ်ထဲက အယူအဆနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူအဆကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ကျနော် နားလည်သွားတာ တချို့ကို ဆွေးနွေးကြည့်ပါမယ်။
၁။ မြန်မာပြည်မှာ အာဏာရှင်စနစ် သက်တမ်းရှည်နေတာဟာ ပြည်သူတွေက လက်ခံထားလို့ ဆိုဒေါက်တာ မောင်မောင်ကြီးရဲ့ အဆိုအပေါ် ဒေါ်အောင်ဆန်းစုကြည် ငြင်းချက်ထုတ်မယ် မထင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တချို့မိန့်ခွန်းတွေမှာ ဒီအချက်ကို ထောက်ခံတာမျိုး ရှိပါတယ်။
၂။ မြန်မာ့နိုင်ငံရေးဓလေ့ဟာ အာဏာရှင်စနစ်နဲ့ပဲ အသားကျနေလိမ့်မယ်ဆိုတဲ့ ဒေါက်တာ မောင်မောင်ကြီးရဲ့ အဆိုကို ဒေါ်အောင်ဆန်းစုကြည်က သဘောမတူပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူအဆက ဒီမိုကရေစီအယူအဆကို ဗုဒ္ဓစာပေလာ မဟာသမ္မတမင်းအယူအဆ၊ မင်းကျင့်တရား ၁၀ ပါး၊ အပရိဟာနိယတရား စတာတွေနဲ့ ဥပမာပေးပါတယ်။ ဒါတွေဟာလည်း မြန်မာ့ယဉ်ကျေးမှုထဲ နက်နက်ရှိုင်းရှိုင်းရှိနေတဲ့ အရာတွေပဲ မဟုတ်ပါလား။
ဒီနေရာမှာ ပညာရှင်နဲ့ နိုင်ငံရေးသမားတော်လှန်ရေးသမားတို့ သဘောသဘာဝ မတူပုံဖြစ်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။ ဆိုလိုတာကတော့ ဒေါက်တာ မောင်မောင်ကြီးက မြန်မာ့နိုင်ငံရေးဓလေ့ရဲ့ အားနည်းချက်တွေကို ဝေဖန်ပါတယ်။ ဒါပေမယ့် ဘယ်ပုံပြောင်းလဲနိုင်မလဲဆိုတဲ့ နည်းလမ်းကို ပေးတာ မတွေ့ရသလောက်ပါပဲ။ (အဆိုးမြင်)
ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာ့နိုင်ငံရေးဓလေ့ထဲက ဒီမိုကရေစီ မျိုးစေ့ကို ရှာဖွေတင်ပြပါတယ်။ အားနည်းချက်တွေ ရှိတာတွေကိုလည်း တင်ပြပါတယ်။ ဘယ်ပုံ လွတ်မြောက်နိုင်မလဲ ဆိုတဲ့ နည်းလမ်းကို ဆွေးနွေးပါတယ်။ (အကောင်းမြင် )
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေကို ပြန်ကြည်ရင် မြန်မာလူထုအပေါ် အကောင်းမြင်တဲ့၊ ယုံ ကြည်တဲ့ သဘောထားတွေ တွေ့နိုင်ပါတယ်။ လူထုကို မယုံကြည်ရင် ဒီလောက် ဒုက္ခခံပြီး လုပ်မှာ မဟုတ်ဘူးလို့ မိန့်ခွန်းတခုမှာ ပြောဖူးတာ မှတ်မိပါတယ်။
ဒေါက်တာမောင်မောင်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ချဉ်းကပ်ပုံ မတူပေမယ့် တနေရာမှာ သွားတူနေတာလည်း အင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်။ ဒေါက်တာ မောင်မောင်ကြီးက ဒီမိုကရေစီဆိုတာ လူထုရဲ့စိတ်နေစိတ်ထား ဖြစ်တယ်လို့အဓိပါယ်ဖွင့်ပါတယ်။ မြန်မာတွေ အတွက် ခက်ခဲလိမ့်မယ်လို့ နိမိတ်ဖတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီအရေးတော်မှာ စိတ် ဓာတ်တော်လှန်ရေးအထိ သွားဖို့ လိုအပ်တယ်လို့ ရေးပါတယ်။ ‘ စိတ်ဓာတ်တော်လှန်ရေး မဆင်နွှဲနိုင်ပါက … ပြုပြင်ရေးနှင် ကိုယ့်ကျင့်တရားပြောင်းလဲရေး ပြန်လည်ရှင်သန်ရေး ဖြစ်စဉ်ကို အမြဲ အန္တရာယ်ပေးနေမည်။’ လို့ သတိပေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအလေ့အကျင့်ဟာ မြန်မာ့ယဉ်ကျေးမှုဓလေ့ရဲ့ အပြင်ဘက် အရာမဟုတ်၊ ပျောက်ဆုံးနေတဲ့ အရာ ဆိုတဲ့ ရူ့ထောင့်က ချဉ်ကပ်ပါတယ်။ ဒါကြောင့် ပြန်လည် ရှင်သန်ရေး လို့ သုံးပါတယ်။ ဒီမိုကရေစီ ရှာပုံတော် အက်ဆေးမှာ အင်္ဂုတ္တရနိကယ်ထဲက ‘ ပျောက်လျှင်မရှာ၊ ပျက်တာမပြင်၊….လူ့ပေါက်ပန်းကို ရှေ့တန်းမှာတင်’ စတဲ့ တိုင်းပြည်ဆုတ်ယုတ်ကြောင်း အကြောင်းတွေကို ဖော်ပြရင်း ပျောက်သွားတဲ့ ဒီမိုကရေစီကို ပြန်ရှာဖို့ လိုတယ်လို့ တင်ပြထားပါတယ်။
ပြန်ချုပ်တဲ့အခါ အာဏာရှင်ကိုယဉ်ပါးနေတယ်လို့ ဒေါက်တာမောင်မောင်ကြီးရေးပြီး နှစ်အနည်း ငယ်မှာပဲ ၈ လေးလုံး လူထုအရေးတော်ပုံ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါနဲ့ မလုံလောက်သေးဘူးဆိုရင် ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ လူထုဟာ အာဏာရှင်ဘက်သားတွေကို မရွေးခဲ့ပါဘူး။ နောက်ဆုံး ၂၀၂၁ စစ်တပ်က တကျော့ပြန် အာဏာသိမ်းတဲ့အခါမှာလည်း တပြည်လုံး အုံကြွခဲ့ပြီး အာဏာရှင်စနစ်ကို အာခံခဲ့ကြပါတယ်။ အခုချ်န်ထိလည်း နည်းမျိုးစုံနဲ့ အာဏာရှင်စနစ်ကို လက်မခံကြောင်း လက်တွေ့ပြနေကြဆဲ ဖြစ်ပါတယ်။
တချက်တော့ ပြောစရာရှိပါတယ်။ အာဏာရှင်တော်လှန်ရေးဟာ ဒီမိုကရေစီတည်ဆောက်ရေး၊ စိတ်ဓာတ်တော်လှန်ရေးအထိချီတက်ဖို့လည်း လိုနေပါသေးတယ်။ ဒီမိုကရေစီ ရှာပုံတော် ဆောင်း ပါးမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ‘ တော်လှန်ရေးလှုပ်ရှားမှုများတွင်၊ လက်တလောအရေးကြီးသည့် အရေးပေါ်နိုင်ငံရေးကိစ္စများသည် စိတ်ဓာတ်ရေးရာ အဓိက ရည်မှန်းချက်များအပေါ် လွှမ်းမိုးသွားနိုင်သည့် အန္တရာယ် အမြဲ ရှိနေတတ်သည်’ လို့ သတိပေးပါတယ်။ ဒီလိုဖြစ်လာရင် ဂျော့အော်ဝဲလ် ရေးတဲ့ စိတ်ကူးယဉ်ဝတ္ထု ခြေလေးချောင်းတော်လှန်ရေး ထဲကလို တကယ်ဖြစ်လာနိုင်စရာရှိတယ်လို့သတိပေးထားပါတယ်။
ဒေါက်တာမောင်မောင်ကြီးရဲ့ စာအုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးတွေဟာ မြန်မာပြည်မှာ ၁၉၈၈ ဒီမိုကရေစီ တော်လှန်ရေးရဲ့ ရှေးပြေးနဲ့ အစောပိုင်းနှစ်တွေမှာ ရေးသား ပုံနှိပ်ခဲ့တာ ဖြစ်ပြီး ရူ့ထောင့်မတူတာကြောင့် နှိုင်းယှဉ်ဖတ်ရူ့ရင် ပိုစိတ်ဝင်စားစရာကောင်းသလို ဒီနေ့ အထိလည်း အတွေးသစ်တွေကို ပေးနိုင်နေသေးတယ်လို့ ဆိုနိုင်ပါတယ်။
နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
