Breaking News

ပေါက်မြို့နယ်ထဲက ပျူစောထီးကျေးရွာ ကို PDF တပ်တွေ သိမ်းပြီး ပြည်သူ့စစ်နဲ့ မိသားစုဝင် ၇၀ ဖမ်းဆီး



မြန်မာနွေဦးခရိုနီကယ် - ဇွန် ၆ မြင်ကွင်း

(မိုးမခ) ဇွန် ၇ ၊ ၂၀၂၆

ပေါက်မြို့နယ်ထဲက ပျူစောထီးကျေးရွာ ကို PDF တပ်တွေ သိမ်းပြီး ပြည်သူ့စစ်နဲ့ မိသားစုဝင် ၇၀ ဖမ်းဆီး

ခုရက်ပိုင်းတွေအတွင်း အညာမြေတပ်ပေါင်းစုလို့ အမည်ပေးထားတဲ့ ပခုက္ကူမြို့နယ်ထဲက PDF တပ်ပေါင်းစုက စစ်တပ်က ဖွဲ့စည်းပေးထားတဲ့ ပျူစောထီးလို့ ခေါ်တဲ့ ပြည်သူ့စစ်အားကောင်းတဲ့ ကျေးရွာတရွာဖြစ်တဲ့ ကုက္ကိုစုကျေးရွာကို တိုက်ခိုက်သိမ်းယူပြီးနောက်မှာ အဆိုပါ ကျေးရွာက ပြည်သူ့စစ်တွေနဲ့ ၄င်းတို့မိသားစု၊ စစ်တပ်ထောက်ခံတဲ့ ကျေးရွာသား ၇၀ လောက်ကို ဖမ်းဆီးရမိကြောင်း ဗီဒီယိုဖိုင်တွေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ 

ဖမ်းဆီးခံရသူတွေထဲ ကလေးငယ်လက်ဆွဲထားတဲ့ သူ တဦးလည်း ဗီဒီယိုမှာတွေ့ရပြီး လူငယ်၊ လူလတ်ပိုင်းသာမက အသက် ၆၀၊ ၇၀ အရွယ် အမျိုးသားတွေလည်း ပါဝင်တာ တွေ့ရပါတယ်။ လက်နက်မချဘဲ မြိုင်မြို့နယ် စက်မှု (၂) ဘက်ကို ထွက်ပြေးဖို့ ကြိုးစားစဥ် ဖမ်းဆီးရမိတာလို့ သတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ ၆၀ မမ လက်နက်ကြီးတလက် အပါအဝင် စုစုပေါင်း လက်နက် ၁၇ လက် ဖမ်းဆီးရမိတယ်လို့ ဖေါ်ပြထားပြီး သတင်းဓါတ်ပုံပါ လက်နက်တွေကတော့ တိုက်ခိုက်ရေး လက်နက်တွေထက် ရဲစခန်း၊ ပြည်သူ့စစ်တို့လိုမျိုးကို စစ်တပ်က ထောက်ပံ့ပေးလေ့ရှိတဲ့ ကာဘိုင်သေနတ်လို လက်နက်က အများစုဖြစ်တာတွေ့ရပါတယ်။ 

ပေါက်မြို့နယ်တဝိုက်မှာ စစ်တပ်ကို ထောက်ခံအားပေးတဲ့ ပေါက်ကိုယ်တော်လို့ သူ့ကိုယ်သူ အမည်ပေးထားတဲ့ ဘုန်းတော်ကြီးတပါးက စစ်တပ်နဲ့ စစ်တပ်ကို ထောက်ခံတဲ့ ကျေးရွာတွေမှာ ပြည်သူ့စစ်ဖွဲ့ဖို့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက စည်းရုံးလုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကိုယ်တော်ဟာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ၅၅၀ ဆရာတော်လို့ ခေါ်ဝေါ်ကြတဲ့ ဦးဝါသဝ ို ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့တွေကို ကိုယ်တိုင်ဖွဲ့စည်း ကြီးကြပ်တာမရှိပေမယ့် ပေါက်မြို့နယ်ထဲက ပြည်သူ့စစ်ဖွဲ့စည်းဖို့ စစ်တပ်နဲ့ ကျေးရွာအကြား ဆက်သွယ်ညှိနှိုင်းတဲ့ တာဝန်တွေကို လုပ်ဆောင်နေတာ ဖြစ်ပြီးလူမှုကွန်ရက်မီဒီယာမှာလည်း PDF တပ်တွေကို ရှုတ်ချပြောဆိုတာတွေ လုပ်ဆောင်နေတဲ့ ဘုန်းတော်ကြီး တပါးဖြစ်ပါတယ်။ 

အညာဒေသမှာ မြင်းခြံ၊ ပခုက္ကူ၊ ပေါက်၊ ဂန့်ဂေါ၊ ကလေးတို့လိုမြို့နယ်၊ စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှတို့လိုမြို့နယ်တွေမှာ စစ်တပ်ဘက်ကို ထောက်ခံသူ အင်အားကောင်းတဲ့ ကျေးရွာတွေ ရှိနေကြတာဖြစ်ပါတယ်။ ဒီကျေးရွာတွေကို ပေါက်ကိုယ်တော်၊ ၅၅၀ ဆရာတော် စတဲ့ ဘာသာရေးနယ်ပယ်က ဘုန်းတော်ကြီးတချို့က ကမကထလုပ်ပြီး စစ်တပ်နဲ့ ကျေးရွာပြည်သူလူထု အကြားပေါင်းကူး ဆက်သွယ်ကာ စည်းရုံးလှုံ့ဆော်ပေးနေတာလည်း တွေ့ရပါတယ်။ 

ပုသိမ်-မုံရွာ လမ်းမဘေးမှာရှိတဲ့ ကုက္ကိုစုကျေးရွာဟာ အာဏာသိမ်းစစ်တပ်ကို ထောက်ခံတဲ့ ပြည်သူ့စစ်တွေ အင်အားကောင်းတဲ့ ကျေးရွာဖြစ်ပါတယ်။ 

ပခုက္ကူမြို့ကနေ မင်းတပ်မြို့ကို သွားတဲ့ ပုသိမ်-မုံရွာကားလမ်း ပေါ်က ရေပြာ လုံခြုံရေးစခန်းကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း PDF တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူခဲ့သလို ဒီကားလမ်းပေါ်က ကုက္ကိုစု ကျေးရွာကို ဇွန်လ ၄ ရက်နေ့မှာ PDF တွေကထပ်မံ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ ခုရက်ပိုင်း သတင်းတွေထဲ တွေ့မြင်နေရတဲ့ ပုဂံမြို့ တဖက်ကမ်း မြစ်ခြေမြို့ ဟာ အခု အဖြစ်အပျက်တွေဖြစ်ပွားတဲ့ ပုသိမ်-မုံရွာကားလမ်း ရေပြာစခန်းတို့ရဲ့ အရှေ့တောင်ဘက်မှာ ရှိတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်တွေ မြစ်ခြေမြို့မှာ တလနီးပါးကြာ စစ်ကြောင်းထိုး မီးရှို့၊ ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေစဥ် အဆိုပါမြို့ရဲ့ အနောက်မြောက်ဘက် ပုသိမ်-မုံရွာကားလမ်း ပေါ်က ရေပြာကျေးရွာ၊ ကုက္ကိုစု ကျေးရွာတွေမှာ အခုလို PDF တပ်တွေက ပျူစောထီး (ပြည်သူ့စစ်)ကျေးရွာတွေကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ 

ပခုက္ကူ-မင်းတပ် မြို့တွေကို ဆက်သွယ်ထားတဲ့ ကားလမ်းလည်း ဖြစ်ပြီး လတ်တလောမှာ မင်းတပ်၊ ကန်ပက်လက်၊ မတူပီတို့ကို အာဏာသိမ်းစစ်တပ်က မြေပြင်ရော လေကြောင်းကပါ ထိုးစစ်ဆင်မယ့် လက္ခဏာတွေ တွေ့မြင်နေရတာကြောင့် အခု အညာမြေ တပ်ပေါင်းစု PDF တပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ကုက္ကိုစု ကျေးရွာ၊ ရေပြာရဲစခန်းတို့ကို စစ်တပ်ဘက်က ပြန်လည် ထိုးစစ်ဆင်လာနိုင်ခြေလည်း ရှိနေတာဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းကို တင်ပို့နေတဲ့ လူသုံးကုန်၊ ရိက္ခာတွေဖြတ်သန်းတဲ့ မင်းတပ်ကနေ ရခိုင်မြောက်ပိုင်း ဆက်သွယ်ထားတဲ့ လမ်းကြောင်းရဲ့ အချက်အချာ နေရာတချို့ကို မကြာသေးခင် လပိုင်းက စစ်တပ်က ထိန်းချုပ် တပ်စွဲထားသလို မင်းတပ်၊ ကန်ပက်လက် စတဲ့မြို့တွေကို ထိုးစစ်ဆင်မယ့် လက္ခဏာတွေ တွေ့မြင်နေရတာလည်း ဖြစ်ပါတယ်။ 

အခုလို ပျူစောထီး အားကောင်းတဲ့ အခြေစိုက်တဲ့ ကျေးရွာက ပျူစောထီး အဖွဲ့ဝင် ဒါဇင်နဲ့ချီဖမ်းဆီးနိုင်ခဲ့တဲ့ အပေါ် ဒီဒေသက PDF တပ်ဖွဲ့ဝင်တွေ အနေနဲ့ အောင်မြင်မှုအတွက် အားရဝမ်းသာ ဖြစ်နေကြသလို အာဏာသိမ်းစစ်တပ်ဘက်က တုံ့ပြန်လာနိုင်တဲ့ ထိုးစစ်၊ စစ်ကြောင်းတွေကိုလည်း ကြိုတင်မှန်းဆ ပြင်ဆင်ထားဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar