စစ်မှုထမ်းဥပဒေရဲ့ ဖိနှိပ်မှုအောက်မှာ ရှင်သန်ဖို့ ရုန်းကန်နေကြရတဲ့ ပြည်သူတွေရဲ့ဘဝ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၃ မြင်ကွင်း
(မိုးမခ) ဇွန် ၂၄ ၊ ၂၀၂၆
စစ်မှုထမ်းဥပဒေရဲ့ ဖိနှိပ်မှုအောက်မှာ ရှင်သန်ဖို့ ရုန်းကန်နေကြရတဲ့ ပြည်သူတွေရဲ့ဘဝ
စစ်မှုထမ်းဥပဒေ၊ စစ်မှုမထမ်းမနေရလို့ ဆိုရင် ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနိုင်ငံထဲမှာ နေထိုင်နေကြရတဲ့ ပြည်သူအများစုအဖို့ ဟိုဘက် သည်ဘက်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ အမိန့်တွေရဲ့ သက်ရောက်မှုတွေအောက်မှာ ရှင်သန်ဖို့ ရုန်းကန်နေကြရတာ အများစုဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေတွေ အပြင်မှာ ဖမ်းဆီးစုဆောင်းနေတာတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေမှာ ဖော်ပြကြတဲ့ အကြောင်းအရာ အများစုက အာဏာသိမ်းစစ်တပ် ထိန်းချုပ်ဒေသတွေက အကြောင်းအရာတွေ ဖြစ်ပါတယ်။ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ နယ်မြေတွေက သူ့ဒေသ၊ သူ့အမိန့် ထုတ်ပြန်ပြီး စစ်မှုထမ်းစုဆောင်းတဲ့ အကြောင်းတွေလည်း အထိုက်အလျောက် သတင်းမီဒီယာတွေမှာ တွေ့မြင်ကြရပေမဲ့ အများစု အကြောင်းအရာတွေက အာဏာသိမ်းစစ်တပ်က စုဆောင်းနေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
ဇွန်လ ၂၄ ရက်နေ့ ဘီဘီစီ မြန်မာပိုင်းမှာ ဖော်ပြထားတဲ့ မြောက်ဥက္ကလာပမြို့နယ်က ဇနီးဖြစ်သူက သူ့လင်ယောကျ်ားဖြစ်သူကို မလိမ့်တပတ်နဲ့ မြို့နယ်ပြောင်းပြီး စစ်မှုထမ်းစုဆောင်းတဲ့ အဖြစ်အပျက်အတွက် နေထိုင်ရာရပ်ကွက်က အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ဆယ်အိမ်မှူးတွေကို ရဲစခန်းမှာ အမှုဖွင့်ထားတယ် ဆိုတဲ့ အဖြစ်အပျက်က စစ်အာဏာရှင် အုပ်ချုပ်မှုအောက်မှာ နေထိုင်နေကြရတဲ့ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံရုန်းကန်နေကြရတဲ့ အနေအထားကို ဖေါ်ပြနေတယ်လို့ ဆိုချင်ပါတယ်။
လင်မယား ကတောက်ကဆ ဖြစ်ရာက ရပ်ကွက်အုပ်ချုပ်ရေးရုံးက အသိကို အကူအညီတောင်းပြီး ခင်ပွန်းဖြစ်သူကို ထိန်းပေးဖို့ အကူအညီတောင်းရာက နေထိုင်ရာ ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးက ခင်ပွန်းဖြစ်သူကို ရန်ကုန်မြို့တောင်ပိုင်း မြို့နယ်တခုဖြစ်တဲ့ ဒဂုံမြို့နယ်က အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးပြီး စစ်မှုထမ်းစုဆောင်းရေးကို လျင်မြန်စွာပို့ဆောင်ခံလိုက်ရတဲ့ အဖြစ်အပျက်လွန်ခဲ့တဲ့နှစ် လယ်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပွားပြီး လအတန်ကြာမှာ ဇနီးဖြစ်သူက နေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူးတွေပါဝင်တဲ့ ၅ ဦးကို ရဲစခန်းမှာ အမှုဖွင့်ဖို့ သွားရောက်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ သူ့ခင်ပွန်းကို ၄င်းရဲ့ ဆန္ဒမပါဘဲ သန်းခေါင်စာရင်းပြောင်းရွှေ့ကာ စစ်မှုထမ်းအဖြစ် အတင်းအကြပ် စုဆောင်းပို့ဆောင်လိုက်တာကို လူကုန်ကူးမှုအဖြစ် ရဲစခန်းမှာ အမှုဖွင့်ဖို့ တိုင်ကြားခဲ့ပေမယ့် လူကုန်ကူးမှုနဲ့ အမှုဖွင့်မပေးသော်လည်း မတရားဖမ်းဆီး ချုပ်နှောင်ခြင်း၊ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်းနဲ့ အားပေးကူညီခြင်း ပုဒ်မတွေနဲ့ အမှုဖွင့်ပေးခဲ့တယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။
အမှုဖွင့်ခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ လက်ရှိအချိန်မှာတော့ အုပ်ချုပ်ရေးမှူး တာဝန်ယူထားသူမဟုတ်တော့ပါဘူး။ အခုလို ခင်ပွန်းဖြစ်သူ အဓမ္မစစ်မှုထမ်း ပို့ဆောင်ခံရတာကို အမှုဖွင့် တရားစွဲဆိုဖို့ လုပ်ဆောင်ရာမှာ နိုင်ငံရေးအကျဥ်းသူဟောင်း မစုစုနွေးက လိုက်ပါကူညီပေးနေတယ်လို့ သတင်းထဲမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။
ဒီသတင်းပါ အဖြစ်အပျက်ကို ကြည့်ရင် အာဏာသိမ်းစစ်တပ်က ထောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ အများစု လွှမ်းမိုးထားတဲ့ လွှတ်တော်၊ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတအဖြစ် တာဝန်ယူထားတဲ့ အစိုးရ ရဲ့ လက်အောက်မှာ နေထိုင်နေကြရတဲ့ ပြည်သူလူထုတွေရဲ့ ကြံ့ကြံ့ခံ၊ ရုန်းကန်နေထိုင်နေရတဲ့ အနေအထားကို ပေါ်လွင်စေပါတယ်။
တော်လှန်ရေး လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေမှာ နေထိုင်နေကြသူတွေနဲ့ ပြည်ပမှာ အဝေးရောက်နေထိုင်ပြီး မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ ကြိုးပမ်းနေတယ် ဆိုသူတွေ အနေနဲ့ကတော့ အခုလို ဖြစ်ရပ်မျိုးကို ထူးခြားတဲ့ အဖြစ်အပျက်တခုအဖြစ် ရှုမြင်ချင်မှ ရှုမြင်ကြပါလိမ့်မယ်။
ပြည်တွင်း စစ်တပ်အုပ်ချုပ်မှုအောက် နေထိုင်နေကြတဲ့ လူထုတွေကို စစ်မှုထမ်း စုဆောင်းမခံရဖို့ တော်လှန်ရေး လက်နက်ကိုင် တပ်ထဲ ဝင်ရောက်ဖို့သော် လည်းကောင်း၊ ပြည်ပကို ဖြစ်တဲ့နည်းနဲ့ ထွက်ခွာပြီး နေထိုင်လုပ်ကိုင်ကြဖို့ အကြံပြုကောင်း ပြုကြမှာ ဖြစ်ပေမဲ့ လူတိုင်း လုပ်ဆောင်နိုင်တဲ့ အနေအထားတော့ ရှိမနေကြတာလည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတာ၊ မိသားစုဝင်ထဲက ကြည့်ရှုစောင့်ရှောက်ကြရမဲ့သူတွေ ရှိနေတာမျိုးကြောင့် ပြည်တွင်းမှာပဲ တွေ့ကြုံလာမဲ့ အခြေအနေကို ရင်ဆိုင်ကျော်ဖြတ်ကြဖို့ ဆုံးဖြတ်ထားကြရသူတွေ အများအပြားရှိနေကြတာလည်း ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ နေထိုင်နေကြရတဲ့သူတွေ အနေနဲ့ အမျိုးမျိုးသော အခက်အခဲ အကျပ်အတည်းတွေကို ရင်ဆိုင်ကျော်ဖြတ်နေကြရသလို အခြားတဖက်မှာလည်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ရာဇဝတ်မှုခင်း သိသာစွာမြင့်တက်လာမှု၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုနဲ့ ပြည်သူ့ဝန်ဆောင်မှုလို့ သတ်မှတ်ကြတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး စတဲ့ ယန္တရားတွေ ပုံမှန် အလုပ်မလုပ်တဲ့ အခြေအနေတွေအောက်မှာ ရိုးရိုးသားသား လုပ်ကိုင်ရှာဖွေပြီး ရှင်သန်နေထိုင်ဖို့ အရေးက ခက်ခဲတဲ့အနေအထား တရပ်လည်း ဖြစ်နေတာပါ။
ရာဇဝတ်မှုတွေ မြင့်တက်လာနေတာကို နေ့စဥ် ဖြစ်ပွားနေတဲ့ လုယက်သတ်ဖြတ်မှုတွေ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်မှုတွေကို ကြည့်ရင် သိနိုင်သလို၊ မြို့တွေမှာ တိုက်ပွဲတွေ ဖြစ်ပြီး မြို့ကို စွန့်ခွာတိမ်းရှောင်ကြရတဲ့ အခြေအနေမျိုးမှာလည်း နေအိမ်တွေ ဖောက်ယူတာတွေ မြို့တိုင်းလိုလိုမှာ ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်သူတွေက ပြစ်မှုကျူးလွန်ကြတဲ့ သဘောမျိုးမဟုတ်ဘဲ လုယက်ဖောက်ထွင်းမှုလို ရာဇဝတ်မှုကျူးလွန်တဲ့ ရာဇဝင်ရှိသူတွေ၊ မူးယစ်ဆေးသားကောင်တွေက ဖောက်ထွင်း ခိုးယူမှုတွေကို ကျူးလွန်ကြတာမျိုး ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ ရာဇဝတ်မှုခင်းတွေကို အရေးယူ ဖမ်းဆီးတာထက် နိုင်ငံရေးအရ၊ စစ်ရေးအရ တိုက်ခိုက်နေသူတွေကို ဖမ်းဆီးအပြစ်ပေးဖို့ကို ဦးစားပေး လုပ်ဆောင်နေတာကြောင့်လည်း သာမန်လူထုတွေအဖို့ စစ်ဘေးဒဏ်ကို ခံစားနေရချိန်မှာ အခြားတဖက်မှာ တရားဥပဒေ မစိုးမိုးတာ လုံခြုံမှုမရှိတဲ့ အခြေအနေတွေကိုလည်း တပြိုင်နက်ထဲ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
ပြည်သူလူထုတွေ အနေနဲ့ တချို့သော နိုင်ငံရေးနယ်ပယ်က အငြင်းအခုံတွေ၊ အပေါ်ပိုင်းက ဖြစ်ရပ်တွေကို စိတ်ဝင်စားနိုင်ခြင်း မရှိသလို သိလည်း မသိရှိကြပါဘူး။ တိုက်ပွဲတွေ၊ စစ်ပွဲတွေ နဲ့ ခရီးလမ်း ပိတ်ဆို့မှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ ပြင်ပမှာ လက်တွေ့ကြုံတွေ့နေကြရတဲ့ အဓမ္မစစ်မှုထမ်းစုဆောင်းမှုတွေကိုသာ ကောင်းစွာ သိရှိနေကြတဲ့ အနေအထားမျိုးလို့ ဆိုရင် မှားမယ် မထင်ပါ။
တခါတရံ ပြည်ပရောက် နိုင်ငံရေး အသိုင်းအဝိုင်းတွေကြားမှာ ဆွေးနွေးငြင်းခုံနေကြတဲ့ အကြောင်းအရာတွေဟာ မြန်မာနိုင်ငံ ဒေသအသီးသီးမှာ နေထိုင် ရုန်းကန်နေကြတဲ့ ပြည်သူလူထုတွေရဲ့ အကြောင်းထက် နိုင်ငံရေး အပေါ်လွှာက အကြောင်းတွေသာ ဖြစ်နေတတ်တာလည်း သတိပြုမိပါတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေး အပေါ်လွှာက သူတွေ အနေနဲ့ မိမိတို့ အသိုင်းအဝိုင်းထဲက ပြဿနာ၊ အငြင်းအခုံတွေထက် ပြည်သူလူထုတွေရဲ့ ရုန်းကန် ရှင်သန်နေထိုင်နေကြရတဲ့ အကြောင်းတွေကို ပိုပြီး စိတ်ဝင်စားဖို့လည်း နှိုးဆော်လိုတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar