Breaking News

မောင်လူမွှေး - မရှက်တတ်၊ မကြောက်တတ်ကြတော့ရင်



မောင်လူမွှေး - မရှက်တတ်၊ မကြောက်တတ်ကြတော့ရင်

မိုးမခ ၊ ဇွန် ၁၅ ၊ ၂၀၂၆


တစ်ရက်တော့ မောင်လူမွှေးတစ်ယောက် ကျန်းမာရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းတစ်ခုအတွက် ရန်ပုံငွေရရှိအောင် အကူအညီတောင်းခံသည့်စာ ရေးသားပေးရန် အကူအညီတောင်းသဖြင့် ကူညီရေးသားပေးခဲ့ရသည်။ ကွန်ပျူတာခလုတ်များကို နှိပ်နေရင်း မောင်လူမွှေးတို့သည် တောင်းခံရသူများ ဖြစ်နေကြပါလား၊ တနိုင်ငံလုံးနီးပါးသည် ကမ္ဘာကြီးကို အကူအညီတောင်းခံနေရပါလားဟု တွေးမိသည်။

"ပညာလေး မတောက်တခေါက် တတ်လို့ တော်သေးတယ်။ ဒါကြောင့်သာ ကွန်ပျူတာခလုတ်ကိုခေါက်ပြီး တောင်းပေးနိုင်တာ။ ဘာမှမတတ်ရင်တော့ ခွက်ခေါက်ပြီး တောင်းရနိုင်တယ်" ဟု မောင်လူမွှေးက ပြောတော့ CDM ဆရာမလေးတစ်ယောက်က ဟက်ဟက်ပက်ပက် ရယ်မောပါသည်။

စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများ အတိဒုက္ခရောက်ခဲ့ကြရသည်။ အာဏာသိမ်းစစ်တပ်ကို တော်လှန်ခဲ့ကြသည့် ငါးနှစ်ကျော်ကာလအတွင်း ပြည်သူတို့၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအခြေအနေများစွာ ကျဆင်းခဲ့ရသည်။ ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွာပြီး နှစ်ရှည်လများ စစ်ဘေးရှောင်နေကြရသည့် ပြည်သူများသည် ပို၍ ဒုက္ခရောက်ကြရသည်။

"ထောက်ပံ့မှုတွေပေးတယ်။ ဘယ်သူတွေက မရဘူးတဲ့။ ဘယ်မှာ ရန်ဖြစ်ကြတယ်" စသည့် သတင်းစကားများကို ကြားရသည့်အခါ မောင်လူမွှေး စိတ်ဆင်းရဲရသည်။ အားလုံး ခက်ခဲနေကြချိန်တွင် အကူအညီရရှိခြင်းသည် ပျော်ရွှင်စရာကောင်းပါသည်။ သို့သော် အကူအညီရလာတိုင်း မပျော်ရွှင်ရဘဲ ပြဿနာများသာ တက်နေသည်ဆိုလျှင်တော့ မောင်လူမွှေးတို့ စဉ်းစားသင့်ပြီ ဖြစ်သည်။

ဒီလိုဖြစ်ကြရသည်မှာ စီမံခန့်ခွဲမှုအလွဲများကြောင့် ဖြစ်ရခြင်းပါ။ ဒါဆိုလျှင် စီမံခန့်ခွဲမှု ဘာကြောင့်လွဲရသနည်း။ မတတ်မြောက်၍ လွဲချော်သည်ဆိုလျှင်လည်း တော်လှန်ရေးကာလ ငါးနှစ်ကျော်ပြီဖြစ်ရာ အမှားများကို ပြင်ဆင်ရင်း လုပ်ဆောင်လျှင်ပင် စီမံခန့်ခွဲမှုကို ထိုက်သင့်သလောက် တတ်မြောက်သင့်ပြီ ဖြစ်သည်။

"အကူအညီတစ်ခု ရတဲ့အခါမှာ ချိတ်ဆက်တာဝန်ခံပြီး ကူညီပေးတဲ့သူက ကိုယ့်ကို လူထောက်ခံမှုရအောင် လုပ်တယ်။ ဒီလိုလုပ်တော့ လိုအပ်တဲ့သူထက် ကိုယ်နဲ့နီးစပ်တဲ့သူတွေကို ပေးတာပေါ့ဗျာ။ အဲဒီမှာ ညီတူညီမျှမဖြစ်၊ ရှိတဲ့သူတွေကရ၊ မရှိတဲ့သူတွေက မရဖြစ်ပြီး ပြဿနာတွေ တက်ကြတာ။ ပြည်သူတွေရဲ့ ယုံကြည်မှု ပျက်ပြားစေတဲ့၊ ညီညွတ်မှုကို ပြိုကွဲစေတဲ့ ကိစ္စတွေပါပဲ" ဟု ဤကိစ္စနှင့် ဤကဲ့သို့သော လူများအကြောင်းကိုသိသည့် CDM ဆရာတစ်ယောက်က မောင်လူမွှေးကို ပြောပြသည်။

ယခုလည်း နိုင်ငံတကာမှ ထောက်ပံ့ကြေးကို ရသည့်ရွာက ရ၊ မရသည့်ရွာက မရ။ ရသည့်ရွာတွင်ပင် ညီတူညီမျှမရဘဲ ပြဿနာများ ဖြစ်ပွားကြသည်။ အကြောင်းရင်းရှာသော် ခေါင်းနားပန်းကြီးရသည့် အဖြစ်အပျက်များပင် ဖြစ်သည်။ စဉ်းစားရင်း ခေါင်းရှုပ်လာသဖြင့် မောင်လူမွှေး အိမ်ရှေ့ထွက်ထိုင်နေစဉ် ရေပုံးလေးထမ်းလာသည့် ဒေဝကို တွေ့လိုက်ရသည်။

ဒေဝ တို့မိသားစုသည် စစ်ရှောင်မိသားစု ဖြစ်သည်။ စစ်ရှောင်မိသားစုများထဲတွင်မှ သူသည် မျက်လုံးတစ်ဖက် အမြင်အာရုံမကောင်းရှာပေ။ သူ၏အစ်မသည်လည်း ကျန်းမာရေးချို့တဲ့သူဖြစ်သည်။ သူ၏အထက်မှ အစ်ကိုနှစ်ယောက်သည် တော်လှန်ရေးတပ်ဖွဲ့ထဲတွင် ရှိနေကြသည်။ တော်လှန်ရေးတပ်ဖွဲ့ထဲရှိ အစ်ကိုနှစ်ယောက်အနက် အကြီးဆုံးအစ်ကိုသည် ပြည်သူများကို ကယ်ထုတ်ရင်း မိုင်းနင်းမိသဖြင့် ခြေတစ်ဖက် ဖြတ်တောက်ထားရသူ ဖြစ်သည်။ ခြေတစ်ဖက်မရှိတော့သော်လည်း ရဲဘော်များ၏ လေးစားခြင်းခံရသည့် ရဲဘော်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေဆဲ။ ထောက်ပံ့ကြေးမရသည့်အထဲတွင် ဒေဝ တို့မိသားစုလည်း ပါဝင်သည်။ ဘယ်လိုအကြောင်းကြောင့် ကျန်ရစ်ခဲ့သည်မှန်း မသိပါ။ မောင်လူမွှေး သိသည့် စစ်ရှောင်မိသားစုများထဲတွင် ဒေဝတို့မိသားစုသည် ထောက်ပံ့ကြေး ရသင့်ရထိုက်ဆုံးစာရင်းတွင် ပါဝင်သည်။

မောင်လူမွှေးတို့ တောရွာတွင် နေထိုင်ကြသည့် မြန်မာလူမျိုးအများစုသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ဗုဒ္ဓတရားတော်လာ သူတော်ကောင်းတရားတွင် "ဟီရိဩတ္တပ္ပ" ဆိုသည့် တရားရှိသည်။ မြန်မာများနှင့် အင်မတန် ရင်းနှီးသည့် စကားလုံး ဖြစ်သည်။ မကောင်းမှုပြုရမည်ကို ရှက်ခြင်းနှင့် ကြောက်ခြင်း ဆိုသည့် တရား။ ကိုယ် မရသင့်၊ မယူသင့်သည်ကို မယူဘဲ နေနိုင်ခြင်း၊ မိမိထက် နိမ့်ပါးသူများကို ဦးစားပေးခြင်းသည်လည်း သူတော်ကောင်းတရား ဆိုသည်ကို နားလည်ရန် လိုအပ်သည်။ ထောက်ပံ့ရန် ကြားခံဆောင်ရွက်ပေးသူရော ယူကြသူများပါ သူတော်ကောင်းတရားကို ကျင့်သုံးနိုင်ကြပါစေဟု ဆန္ဒပြုရပါသည်။ မပြုသင့်၊ မလုပ်ထိုက်သည်ကို ပြုလုပ်ရန် မရှက်တတ်၊ မကြောက်တတ်ကြလျှင် ထိုလူ့အဖွဲ့အစည်းသည် ပျက်စီးတတ်သည်ဟု ပညာရှိအဆက်ဆက်တို့ ဟောကြားမြွက်ဆိုခဲ့ကြပြီးလည်း ဖြစ်ပါသည်ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar