နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ အပစ်ရပ်/ငြိမ်းချမ်းရေး ဆွေးနွေးမှု ခရီးလမ်း
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁၃ မြင်ကွင်း
(မိုးမခ) ဇွန် ၁၄ ၊ ၂၀၂၆
နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ အပစ်ရပ်/ငြိမ်းချမ်းရေး ဆွေးနွေးမှု ခရီးလမ်း
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ ယခုနှစ်ဆန်းမှာ ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲလို့ ဆိုကြတဲ့ ရွေးကောက်ပွဲအပြီးမှာ တွက်ဆထားတဲ့အတိုင်း အငြိမ်းစားစစ်ဗိုလ်ချုပ်တွေနဲ့ အဓိကကျောရိုးထားဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ အနိုင်ရပြီး စစ်တပ်ရဲ့ တပ်ချုပ်ဖြစ်သူ မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်ပြီး အာဏာရလာတဲ့ အရပ်ဝတ်လဲ အစိုးရက ၄င်းတို့ရဲ့ သက်တမ်းအစ ရက်ပေါင်း ၁၀၀ မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ တပ်ချုပ်ရာထူးကနေ အနားယူခဲ့တဲ့တိုင် စစ်တပ်ကို ဦးဆောင်နေဆဲလို့ အများကယူဆထားတဲ့ အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ ဒီဖိတ်ခေါ်မှုကို ပြောဆိုစဥ်မှာပဲ နိုင်ငံအနှံ့အပြားမှာ ထိုးစစ်တွေ၊ တိုက်ခိုက်မှုတွေ အနှံ့အပြားဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေ နဲ့ ကျောက်ဖြူမှာ၊ ရခိုင်နဲ့ မကွေးတိုင်းအစပ်မှာ ရခိုင်နဲ့ ဧရာဝတီတိုင်းအစပ်၊ ကချင်ပြည်နယ် ဗန်းမော်၊ ဖားကန့်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် ထိစပ်ရာ အင်းတော် ဒေသမှာ၊ ကရင်ပြည်နယ် ထိုင်းနယ်စပ် အနီးမှာ၊ တနင်္သာရီတိုင်း ထိုင်းနယ်စပ် နဲ့ လောင်းလုံ၊ ပုလော တနင်္သာရီဒေသတွေမှာ၊ ပဲခူးတိုင်း စစ်တောင်းမြစ် အရှေ့ခြမ်းဒေသတွေ နဲ့ ချင်းပြည်နယ် ဒေသအချို့မှာ တိုက်ပွဲတွေ ထိုးစစ်တွေ ဖြစ်ပွားနေတဲ့ အချိန်လို့ဆိုရမှာ ဖြစ်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာ လက်နက်ကိုင် အဖွဲ့ပေါင်း ရာဂဏန်းနဲ့ချီရှိနေပေမဲ့ အုပ်စုခွဲလိုက်ရင် ဒါဇင်အနည်းငယ်မျှ အရေအတွက်ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ နဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်မှာ ရှိတဲ့ PDF အဖွဲ့တွေ နဲ့ ဒေသအလိုက် မြို့/ကျေးရွာအလိုက် ဖွဲ့စည်းထားကြတဲ့ PDF တပ်ဖွဲ့တွေ ဖြစ်ပါတယ်။
အခု ရက်၁၀၀ ကာလအချိန်ပေးပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်ရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုသာ ဖိတ်ခေါ်တာ ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အခြား PDF လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မဟုတ်ဘဲ လက်နက်ချဖို့သာ ဖိတ်ခေါ်တာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုလို့ အမည်ခေါ်ဆိုပေမယ့်လည်း ပထမအဆင့်မှာ အပစ်ရပ်ဖို့က အဓိကအချက်ဖြစ်ပြီး ငြိမ်းချမ်းရေးဆိုတဲ့ အနေအထားက အဝေးကြီးမှာလို့ ဆိုရမဲ့ သဘောလည်း ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို အုပ်စုခွဲကြည့်ရင် ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြင်းပြင်းထန်ထန် မြို့သိမ်း နယ်သိမ်းတိုက်ပွဲတွေဖြစ်ပွားပြီးနောက် လက်ရှိ အပစ်ရပ်ထားတဲ့ အဖွဲ့၊ အာဏာမသိမ်းမီကတည်းက အပစ်ရပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့ နဲ့ လက်ရှိ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့ အဖွဲ့တွေရယ်လို့ ခွဲခြားနိုင်မယ့် သဘောမျိုး တွေ့ရပါတယ်။
MNDAA နဲ့ TNLA လို အဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပြီးနောက် အပစ်ရပ်ထားတဲ့ အဖွဲ့တွေဖြစ်ပြီး အပစ်ရပ် သဘောတူညီချက်က ခပ်နဲ့နဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ လတ်တလော တိုက်ပွဲတွေ မဆင်နွှဲနိုင်သေးတဲ့ အနေအထားမျိုး သို့မဟုတ် လက်ဝယ်ရှိတဲ့ မြို့တွေ နယ်တွေကို စစ်တပ်ဘက်ကို ပြန်မလွှဲပေးရအောင်၊ တနည်းအားဖြင့် သိမ်းပိုက်ရရှိထားတဲ့ မြို့/နယ်မြေတွေကို တရားဝင် အသိအမှတ်မပြုသည့်တိုင် ပြန်လည်လက်မလွှတ်ရဖို့ အနေအထားအတွက် စစ်တပ်နဲ့ အပစ်ရပ်သဘောတူညီမှု ရယူပြီး အနာဂတ်အတွက် အင်အားဖြည့်တင်းဖို့ ရည်ရွယ်ထားကြတာမျိုးလို့ ယူဆရပါတယ်။
ဒုတိယအမျိုးအစား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အာဏာမသိမ်းမီကတည်းက NCA ထိုးထားတဲ့အဖွဲ့ သို့မဟုတ် NCA ထိုးမထားသည့်တိုင် ဆယ်စုနှစ်ချီ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပိုနေမြဲကျားနေမြဲ အနေအထားနဲ့ ၄င်းတို့ထိန်းချုပ်နယ်မြေတွေကို အုပ်ချုပ်နေတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ သာဓကအနေနဲ့ ပြရရင် UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်၊ မိုင်းလားအဖွဲ့ NDAA၊ RCSS/SSA၊ SSPP/SSA၊ မွန်ပြည်သစ်ပါတီ၊ KNU/KNLA (PC) တို့လို အဖွဲ့တွေ ဖြစ်ပါတယ်။ တပ်အင်အား များများစားစား မရှိတဲ့၊ ထိန်းချုပ်နယ်မြေအားဖြင့် ပမာဏကြီးကြီးမားမားမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့လည်း ကျန်ရှိနိုင်ပြီး အရေအတွက် အနည်းငယ်မျှသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့က စစ်တပ်နဲ့ စစ်ဆင်ရေးအချို့မှာ ပူးပေါင်းတိုက်ခိုက်တာတွေ ရှိတာလည်း တွေ့ကြရပါတယ်။
တတိယအမျိုးအစား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ လတ်တလောမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ အဖွဲ့တွေဖြစ်ပြီး အမည်အားဖြင့် ဖော်ပြရရင် KNU/KNLA၊ KIA၊ AA၊ CNF တို့လို အဖွဲ့တွေ ဖြစ်ပါတယ်။
ရွေးကောက်ပွဲနဲ့ အရပ်သားအစိုးရ အသွင်ပြောင်းလဲထားတဲ့ မင်းအောင်လှိုင် အစိုးရရဲ့ ဖိတ်ခေါ်မှုကို ၂၀၁၁ ခုနှစ်တွေက ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ အနေအထားနဲ့ နှိုင်းယှဥ်လို့ လုံးဝမရတာ သေချာပါတယ်။ ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ အချိန်ကာလမှာ ရှိနေတဲ့ နိုင်ငံရေးနဲ့ စစ်ရေး အနေအထားက အခုအခြေအနေနဲ့ အဆင့်များစွာ ကွာခြားတဲ့ အနေအထားဖြစ်ပြီး ခုလက်ရှိ အနေအထားဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်တပ်အကြား ယုံကြည်မှုက အနိမ့်ဆုံးအဆင့် ရောက်ရှိနေတဲ့လို့ ဆိုနိုင်ပါတယ်။
လက်နက်ကိုင်တွေသာမက အရပ်သားတွေကိုပါ သတ်ဖြတ်ကာ နေအိမ်၊ ကျေးရွာ၊ မြို့တွေကို မြေလှန်ဖျက်ဆီးတဲ့ ထိုးစစ်တွေ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ အခုလိုကာလမှာ နှစ်ဖက် အပစ်ရပ်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောဆိုမှုတွေဟာ အဖွဲ့အစည်းအသီးသီးအဖို့ လက်ခံဖို့ ခက်ခဲနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
ဒီလို အခြေအနေမှာ ဘာကြောင့် မြောက်ပိုင်း ညီနောင် ၃ ဖွဲ့အနက်က ၂ ဖွဲ့က အပစ်ရပ်သဘောတူညီခဲ့ကြရတာလဲ ဆိုတဲ့မေးခွန်းလည်း ရှိပါတယ်။ ဒီမေးခွန်းရဲ့ အဖြေကိုတော့ သက်ဆိုင်ရာလက်နက်ကိုင် အဖွဲ့တွေက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုတာမရှိပေမဲ့ ပထဝီနိုင်ငံရေးအရ ဖိအားပေးခံရတာ၊ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးအရ အလုံးစုံအောင်ပွဲရဖို့ မျှော်လင့်ချက် အားနည်းသွားချိန်မှာ မိမိတို့တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ဆက်လက်ထိန်းထားနိုင်ရေးတွေ နဲ့ ချိန်ထိုးစဥ်းစားပြီး ဆုံးဖြတ်ခဲ့ကြတာမျိုး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
စစ်တပ်နဲ့ အပစ်ရပ် သဘောတူလိုက်တာကြောင့် ဝေဖန်မှုတွေ ထိုးနှက်မှုတွေ ရှိလာမဲ့အရေးလည်း ကြိုပြီးတွေးမိကောင်း တွေးမိပေမဲ့ ဒီနည်းလမ်းကို မရွေးလို့မဖြစ်တဲ့ အနေအထားမှာ ရွေးချယ်ခဲ့ကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၁ ကနေ ၂၀၂၁ ခုနှစ်ဆန်းထိ လုပ်ဆောင်ခဲ့ကြတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေ မအောင်မမြင် ဖြစ်ခဲ့ ရောက်နေတဲ့နေရာကနေ သုည ဆက်တင် အထိ ပြန်မရောက်ရုံ တမယ် ကြီးမားတဲ့ နောက်ပြန်ဆုတ်ခဲ့ရတဲ့ အခြေအနေမျိုး နောက်ပိုင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးမှု၊ ငြိမ်းချမ်းရေးအတွက် ကြားဝင် စေ့စပ်ဆောင်ရွက်သူ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေမှာ ပါဝင်ဆောင်ရွက်သူတွေကို လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေ နဲ့ ထောက်ခံသူတွေက ငြိမ်းချမ်းရေးပွဲစား ဆိုတဲ့ စကားလုံးမျိုးနဲ့ ဆန့်ကျင်ရှုတ်ချကြတဲ့ အနေအထားတွေ တွေ့နေကြရတာ ဖြစ်ပါတယ်။
မဝေးတဲ့ အနာဂတ်ကာလတွေမှာ အပစ်ရပ် ဆွေးနွေးမှုတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပြောဆိုမှုတွေဟာ နိုင်ငံရေးအရ လူကြိုက်မများတဲ့ အကြောင်းအရာတွေ ဖြစ်နေဦးမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ စစ်ပွဲတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ခါးစည်းခံစားနေကြရဦးမဲ့ အနေအထားမျိုးလို့ မှန်းဆကောက်ချက်ချရတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar