Breaking News

နေသွင်ညိဏ်း - ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်မှု ရှာပုံတော်

Photo- Credit
 ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်မှု ရှာပုံတော် 
နေသွင်ညိဏ်း
(မိုးမခ) ဇွန် ၂၀၊ ၂၀၂၆


ခုရက်ပိုင်း ကျနော် စဉ်းစားမိတာက လွတ်လပ်မှုဆိုတဲ့ စကား ၃ လုံးပါ။ ဒီစကား ၃ လုံးကို ဘယ်အချိန်မှာ စကြားခဲ့ဖူးတာလဲ စဉ်းစားကြည့်တဲ့အခါငယ်ငယ်က နှစ်စဉ် အာဇာနည်နေ့ နီးလာတဲ့အခါ ရေဒီယိုကနေ ဖွင့်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတခုကို သတိရပါတယ်။ လွတ်လပ်ရေးဆိုတာ တိုင်းတပါးလက်အောက်ကနေ လွတ်မြောက်ရုံနဲ့မပြီးသေးဘဲ လူ့အဖွဲ့အစည်းထဲက တဦးချင်းဟာ တခြားလူတွေရဲ့ လွတ်လပ်ရေးကိုပါလေးစားဖို့လိုတဲ့အကြောင်း ဥပမာနဲ့ ပြောခဲ့တဲ့စကားပါပဲ။ ကျနော် အမှတ်မမှားရင် ဗိုလ်ချုပ်အောင်ဆန်းက ဟင်္သာတဘက်မှာ လူတွေ လမ်းမပေါ် ဆေးရိုးလှမ်းတဲ့ ကိစ္စကို ဥပမာပေးခဲ့ပါတယ်။ ဒါဟာ လွတ်လပ်မှုမဟုတ်ဘဲ တာဝန်မဲ့မှု၊ စည်းကမ်းမဲ့မှု သက်သက်ဖြစ်တယ်လို့ ဗိုလ် ချုပ်အောင်ဆန်းက သူ့စရိုက်အတိုင်း ဘွင်းဘွင်း ပြောခဲ့ပါတယ်။ 

လွတ်လပ်မှုမိုးကုတ်စက်ဝိုင်း


လွတ်လပ်မှုအကြောင်းကို စာအုပ်ပေါင်းများစွာရေးခဲ့ကြပါတယ်။ ဆက်လည်းရေးနေကြပါလိမ့်မယ်။ ဘာလို့လဲဆိုရင် လွတ်လပ်မှုဆိုတာ လူသားရဲ့ အမြင့်ဆုံးရည်မှန်းချက်တခုပဲမဟုတ်လား။ ဗုဒ္ဓဘာသာမှာအမြင့်ဆုံး ရည်မှန်းချက်တွေ ဖြစ်တဲ့ ဝိမုတ္တိတရား၊ နိဗ္ဗာန် ဆိုတာတွေဟာ လွတ်မြောက်မှုနဲ့ တိုက်ရိုက်ဆိုင်တဲ့ ကိစ္စတွေပါပဲ။ 

ဒီတော့ လွတ်မြောက်မှုဆိုတာဘာလဲဆိုတဲ့ အင်မတန်အခြေခံကျတဲ့ မေးခွန်းကို ကျကျနနနားလည်ဖို့ လိုပါတယ်။ အာရင်ဘက်ရေးတဲ့ လူများ သက္ကရာဇ်များထဲမှာ သူက ပူရှကင်ပြောတဲ့ ‘လောကမှာ ပျော်ရွှင်မှု happiness ဆိုတာ မရှိပါဘူး။ Peace လို့ဆိုတဲ့ ငြိမ်းချမ်းရေးနဲ့ Freedom. ဆိုတဲ့ လွတ်လပ်မှုပဲ ရှိတယ်။’ ဆိုတာကို သူတခါတလေ စဉ်းစားပြီး နားမလည်နိုင်ခဲ့ဘူးလို့ ဝန်ခံထားတယ်။ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုတို့နဲ့ သီးသန့်ဖြစ်တဲ့ပျော်ရွှင်မှုဆိုတာကို သူ ဘယ်လိုမှစဉ်းစားလို့ မရခဲ့ဘူးလို့ အာရင်ဘတ်က ရေးခဲ့တယ်။ 

ပွင့်ပွင့်လင်းလင်းပြောရရင် ဒီစကားတွေရဲ့ အဓိပ္ပါယ်ကို ကျနော်လည်း သေသေချာချာ နားမလည်သေးပါဘူး။ ယေဘုယျသဘောနားလည်တယ်လို့တော့ ထင်ရုံပါပဲ။ 

မကြာခင်တုန်းက စီးပွားရေးဆိုင်ရာ နိုဗယ်ဆုရှင်ဖြစ်တဲ့ ဂျိုးဇက်စတစ်လစ်ရေးတဲ့ The Road To Freedom ဆိုတဲ့ စာအုပ်ကို ကျနော်ဖတ်ကြည့်တယ်။ ဆရာကြီးက အဖွင့်မှာပဲ လွတ်လပ်မှု Freedom ဆိုတာ ဘာလဲ။ လူတယောက်ရဲ့လွတ်လပ်မှုဟာ တခြားတယောက်ရဲ့ လွတ်လပ်မှုကိုစတေးရတာမျိုး ဖြစ်နေရင်ရော အဲ့ဒါလွတ်လပ်မှုလို့ ခေါ်သေးသလားလို့ မေးခွန်းထုတ်ထားတယ်။ 

မြေခွေးတွေရဲ့လွတ်လပ်မှုဆိုတာဟာ သိုးကလေးတွေရဲ့ သေဆုံးရခြင်းဖြစ်တယ်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို ကျနော်တို့စဉ်းစားကြည့်ရင် လူ့ယဉ်ကျေးမှုထဲက လွတ်လပ်မှုဟာ တောရိုင်းယဉ်ကျေးမှုနဲ့ ကွာခြားတယ်ဆိုတာကို နားလည်ဖို့ မခက်ပါဘူး။ 

လွတ်လပ်မှုဆိုတာ တဦးချင်းရည်မှန်းချက်ဖြစ်သလို လူ့အဖွဲ့အစည်းတခုလုံးရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ 

ထင်ရှားတဲ့ အမေရိကန် သမတ ရုစဗဲ့ရဲ့ လွတ်မြောက်ခြင်းတရား ၄ ပါး ရှိပါတယ်။ 

၁။ ပြောရေးဆိုခွင့် လွတ်လပ်ခြင်း
၂။ ကိုးကွယ်ခွင့် လွတ်လပ်ခြင်း
၃။ ချို့ငဲ့ခြင်း (ဆင်းရဲခြင်း) မှ လွတ်လပ်ခြင်း 
၄။ အကြောက်တရားမှ လွတ်မြောက်ခြင်း တို့ ဖြစ်ပါတယ်။ 

ဆိုခဲ့တဲ့အတိုင်း တချက်ချင်းစီတိုင်းမှာ လူတဦးချင်းနဲ့ လူ့အဖွဲ့အစည်း ဆိုတဲ့ မျှခြေဟာ အမြဲရှိနေပါတယ်။ တိရစ္ဆာန် အဖွဲ့အစည်းအတွက်ကျတော့ မျှခြေဆိုတာကို ထည့်စဉ်းစားစရာ မလိုပါဘူး။ 

လူဟာ ဘယ်အတိုင်းအတာထိ လွတ်လပ်သလဲ။ လူတယောက်ရဲ့ လွတ်လပ်ခွင့်ဟာ ဘယ်မှာ ဆုံးသလဲ။ ကျနော်တို့ ငယ်ငယ်က ဒီကိစ္စ မေးဖူးပါတယ်။ လူကြီးတယောက်က "မင်းရဲ့ လွတ်လပ်မှုနယ်ပယ်ဟာ ငါ့ရဲ့ လွတ်လပ်မှုနယ်အစမှာ ဆုံးသွားတယ်"လို့ ပြောပါတယ်။ နောက်ပိုင်း ကျနော် စာဖတ်လာတဲ့အခါ တော်စတွိုင်း ပြောတဲ့ လွတ်လပ်မှု အဓိပ္ပါယ်မှာ ဒီထက်ကောင်းတဲ့ နမူနာကို ကျနော် သွားတွေ့ပါတယ်။ 

တော်စတွိုင်းက ‘လူတယောက်ဟာ သူ့ဆန္ဒအရ လက်ကို လက်မြှောက်ချင်မြှောက်နိုင်တယ်။ ပြန်ချချင်ချနိုင်တယ်။ ဒါပေမယ့် ကလေးတွေ ကြားထဲ ရောက်နေရင် လက်မြှောက်တာနဲ့ ချတာကို အရင်လို ထင်တိုင်း မမြှောက်နိုင်မချနိုင်ပါဘူး’ လို့ ရေးခဲ့တယ်။ 

ဒါဟာ လူတယောက်ရဲ့ လွတ်လပ်မှုဟာ လူ့အဖွဲ့အစည်းထဲမှာ ဘယ်လို အကန့်အသတ်ရှိသလဲဆိုတာကို ကျနော့်ကို နားလည်သွားစေတဲ့ ဥပမာပါပဲ။ အထူးသဖြင့် အင်အားကြီးသူဟာ မိမိထက် အားနည်းသူနဲ့ ဆက်ဆံရတဲ့အခါမှာ လွတ်လပ်မှုနဲ့ ပတ်သက်လာရင် ပိုပြီး ထိန်းသိမ်းဖို့ တာဝန်ရှိတယ်ဆိုတာကို နားလည်သွားစေပါတယ်။ 

ဒါက ဥပဒေအရ ပြဌာန်းထားတာမျိုး ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ဥပဒေဆိုတာက နေရာတကာ၊ အခြေအနေ အရပ်ရပ်မှာ သက်ရောက်နိုင်တာ မဟုတ်ပါဘူး။ ဥပဒေ မသက်ရောက်နိုင်တဲ့နေရာ၊ အခြေအနေ၊ ဆိတ်ကွယ် မျက်ကွယ် ဆိုတာ အမြဲရှိပါတယ်။ ဒါကို လူသားရဲ့ အသိစိတ်၊ တာဝန်သိတဲ့ စိတ်က ဖြည့်စွက်ပေးနိုင်ပါတယ်။ ကျင့်ဝတ်/ သီလ ဆိုပါတော့။ 

ဥပမာအားဖြင့် ဒီနေ့ကာလမှာ ဆိုရှယ်မီဒီယာပေါ်မှာ ရေးချင်သလို ရေးတယ်ဆိုပါတော့။ ဥပမာ Facebook ပေါ်ရေးတဲ့ post တခုကို community standards နဲ့ မကိုက်လို့ဆိုပြီး Facebook က ဖြုတ်ချလိုက်ပါတယ်။ ဒီအခါမှာ နောက်တခါ ဒီလို မဖြစ်အောင် ဖြစ်စေတဲ့ စကားလုံးတွေကို ရှောင်ပြီး ဒီအဓိပ္ပါယ်ကိုပဲ တခြားနည်းနဲ့ ရေးနိုင်ပါတယ်။ ဒါဟာ လူတယောက်ကို အပုတ်ချတာ၊ ဂုဏ်သရေကို ထိပါးတာ ဖြစ်နိုင်ပါတယ်။ အကျိုးမရှိ သိမ်ဖျင်းတဲ့ စကားတွေလည်း ဖြစ်နိုင်ပါတယ်။ ထိခိုက်သူက  ဥပဒေနဲ့ အရေးယူလို့ မရဘူး၊ အခြေအနေ မရှိဘူး ဆိုပါတော့။ ဒါကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လို့ ဆိုနိုင်ပါသလား။ 

ဒီလို နမူနာတွေ အများကြီး ရှိပါတယ်။ ဒီနေ့ကာလမှာ လွတ်လပ်မှုဆိုတာ လူတချို့အတွက်ဖြစ်လာနေပြီး လူတချို့အတွက် ထိခိုက်စေတယ်ဆိုတာကို ပညာရှင်တွေနဲ့ စာရေးဆရာတွေက ထောက်ပြလာကြပါတယ်။ လွတ်လပ်စျေးကွက်  စျေးကွက် လွတ်လပ်မှုဟာ ဆင်းရဲ ချမ်းသား ကွာဟမှုကို ပိုဆိုးလာစေတာ မျိုးပေါ့။ လူတွေကို အကြွေးထောင်ချောက်ထဲ ပိတ်မိစေတာမျိုးလည်း ပါဝင်ပါတယ်။ 

လွတ်လပ်မှုရှာပုံတော်

လွတ်လပ်မှုဆိုတာဟာ တဦးချင်းရဲ့ ရည်မှန်းချက်ဖြစ်ရုံနဲ့မပြီး၊ လူ့အဖွဲ့အစည်းအတွက် ရည်မှန်းချက်လည်း ဖြစ်ရမယ်လို့ ကျနော် အမြဲတမ်း နားလည်ထားပါတယ်။ တကယ်တော့ ဒီနားလည်မှုကို စာပေတွေက ပုံသွန်းပေးခဲ့တယ်လို့ ဆိုရပါမယ်။ 

ဗိုလ်ချုပ်အောင်ဆန်းရေးတဲ့ တဝက်တပျက် ကိုယ်တိုင်ရေးအထုပ္ပတ္တိ ထဲမှာ မလွတ်လပ်မှုကို သူဘယ်လောက်မနှစ်မြို့တဲ့အကြောင်း ရေးထားခဲ့ပါတယ်။ မလွတ်လပ်တဲ့ ဘဝထက်စာရင် လူရိုင်းဘဝကိုပဲ ရွေးချယ်မယ်လို့ ရေးခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်းက ‘ လွတ်လပ်ချမ်းသာစွာ ခေါင်းထောင်နေနိုင်မည်ဆိုလျှင် မလွတ်လပ်သော လူ့ယဉ်ကျေးမှုဘဝထက် ကျနော် အဆတရာကြိုက်သည်။ နှစ်သက်သည်။’ လို့ ရေးခဲ့တယ်။ 

ဗိုလ်ချုပ်အောင်ဆန်းက စိမ်းလန်းစိုပြေကျယ်ပြန့်သော လွင်ပြင်ရိုင်းပေါ်တွင် လက်ပန်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ်မြူးတူးအော်ဟစ်နေလိုသည်။’ လို့ လည်း ရေးခဲ့တယ်။ 

တခါတလေ ကျနော် အံ့ဩနေတယ်။ ကမ္ဘာ့ကြီးရဲ့မတူတဲ့ နေရာ၊ မတူတဲ့ ယဉ်ကျေးမှုတွေ ရှိနေပေမယ့် လွတ်လပ်မှုကို ဆာလောင်တဲ့ အတွင်းဘက်ကျကျ ဆန္ဒမှာ ဘာလို့ သွားတူနေသလဲဆိုတာကို ကျနော် နားမလည်နိုင်တာပါ။ ဒီလိုပဲ မျိုးရိုးဗီဇ၊ အကျင့်စရိုက် မတူပေမယ့် လွတ်လပ်မှုကို ချုပ်ချယ်ခံရ၊ ရုတ်သိမ်းခံရတဲ့အခါမှာလည်း တုံ့ပြန်ပုံတွေ ဘာလိုတူညီနေရတာလဲဆိုတာတွေကို ကျနော် နားမလည်နိုင်ပါဘူး။ 

ကြောက်ရွှံခြင်းမှ ကင်းဝေးရေးစာအုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယရဲ့ ဂန္ဒီနဲ့ ဗမာ့အောင်ဆန်းတို့ကြားမှာ တူညီချက်ရှိရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ အခုလို ရေးခဲ့တယ်။ 

‘ အကြမ်းမဖက်ရေးလမ်းစဉ်ကို ရှေ့ဆောင်ဖြန့်ချိသူ ခေါင်းဆောင်ကြီးဖြစ်သောဂန္ဒီနှင့် အမျိုးသားစစ်တပ်ကို တည်ထောင်ခဲ့သောအောင်ဆန်းတို့သည် ပင်ကိုယ်သဘာဝ ကွာခြားလှပါသည်။ သို့သော် ကာလ ဒေသ မရွေး အာဏာရှင်စနစ်မှ ထွက်ပေါ်လာသော စိန်ခေါ်မှုများသည်ဆင်တူယိုးမှာ ရှိသကဲ့သို့ ထိုစိန်ခေါ်မှုကို ပြိုင်ဆိုင်အံတုရန် ထွက်ပေါ်လာသူများ၏ အရည်အသွေးများသည် တူညီလေ့ရှိပါသည်။’  ( ဒေါက်တာအောင်ခင် ဘာသာပြန်) 

ဒီနေရာမှာ ‘ခေတ်ရဲ့စိတ်ဓာတ်’ ဆိုတာကိုလည်း ကျနော် သတိရပါတယ်။ အာရင်ဘတ်က လီနင်အကြောင်းကို ပြန်ပြောပြတဲ့အခါမှာ လီနင်ဟာ ဆိုနာတာ တေးသွားတပုဒ်ကို နားထောင်မိရင် ဝမ်းနည်းနေတတ်ပြီး၊ တော်လှန်ရေးသမားတယောက်ရဲ့ မာန်ဟာ စျာန်လျှောပြီး အနုပညာသမားတယောက်လို နုညံ့ပျော့ပျောင်းတဲ့စိတ်တွေပေါ်လာတတ်ပုံကို ရေးပြခဲ့ပါတယ်။ ဒါပေမယ့်လည်း လီနင်က ‘ကျနော်တို့ခေတ်ဟာ အနုပညာခံစားဖို့ထက် ရုန်းကန်တော်လှန်ရမယ့်ခေတ်ဖြစ်နေတာက ခက်နေတယ်လို့ ပြောခဲ့တယ်။ ဒါဟာ ခေတ်ရဲ့စိတ်ဓာတ်ပါပဲ။ 

‘ ငါ့အား ဖုံးလွှမ်းအပ်ထားသော လကွယ်သန်းခေါင် 
ဤအမှောင်အတွင်းမှ နေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏ စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။ လောကဓံတရား၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ် တွင်းသို့ ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတ်ို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်’ 

ဒီကဗျာဟာလည်း ခေတ်ရဲ့ စိတ်ဓာတ်ကိုဖော်ပြနေတဲ့ ကဗျာတပုဒ်ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ညိုမြတို့ ရေးပြီး အိုးဝေမဂ္ဂဇင်းမှာ ၁၉၃၆ ခုနှစ်က ဖော်ပြခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းနေတဲ့ ကာလ။ 

တကယ်တော့ ဒီကဗျာရဲ့ မူလပိုင်ရှင်ဟာ ၁၉ ရာစု အင်္ဂလိပ်ကဗျာဆရာ William Ernest Henley ဖြစ်ပါတယ်။ ဒီကဗျာကို ကျနော် သတိရတာက အထက်မှာ ကျနော် ပြောခဲ့တဲ့ လူသားရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ ရှိနေတဲ့ လွတ်လပ်လိုစိတ်နဲ့ ‘ခေတ်ရဲ့စိတ်ဓာတ်’ဆိုတာတွေနဲ့ ဆက်စပ်နေလို့ပါပဲ။ 

တကယ်တော့ ဟင်နလေရဲ့ အနိုင်မခံ ( Invictus ) ကဗျာကို မြန်မာပြည် လွတ်လပ်ရေးအတွက် ခေါင်းဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ကိုအောင်ဆန်းတို့ သူငယ်ချင်းတသိုက်ကြိုက်သလို၊ တောင်အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားတဲ့ စနစ်တို့ တွန်းလှန်စဉ်က နယ်ဆင်မန်ဒဲလားတို့ နှစ်သက်ခဲ့တဲ့ကဗျာလည်း ဖြစ်ခဲ့တယ်။ 

ကျနော် အသက် ၂၀ ကျော်လောက်က မန်ဒဲလားရေးတဲ့ လွတ်လပ်ရေးသို့ ခရီးရှည်စာအုပ်ထဲက စာတပုဒ်ကို ဖတ်ရင်း ရှေ့ကို ဆက်မဖတ်နိုင်ဘဲ စဉ်းစားနေခဲ့တယ်။ မန်ဒဲလားက ဒီလို ရေးထားတယ်။ 

‘ ကျနော်ဟာ လွတ်လပ်မှုကို ငတ်မွတ်ပြီး မွေးဖွားလာတာ မဟုတ်ပါဘူး။ ကျနော်ဟာ လွတ်လပ်စွာ မွေးဖွားလာတာ ဖြစ်ပါတယ်။ လွတ်လပ်စွာဆိုတာ ကျနော် သိသမျှ နည်းလမ်းအားလုံးအရ လွတ်လပ်တာကို ပြောတာဖြစ်တယ်။ ကျနော့်အမေရဲ့ တဲနားက ကွင်းပြင်တွေထဲ လွတ်လွတ်လပ်လပ်ပြေးလွှားနိုင်တယ်။ ကျနော် ရွာထဲက ဖြတ်စီးတဲ့ ကြည်လင်တဲ့ စမ်းချောင်းထဲ လွတ်လွတ်လပ်လပ်ရေကူးနိုင်တယ်။ ကြယ်ရောင်အောက်မှာ ပြောင်းဖူးတွေကို လွတ်လွတ်လပ်လပ် ဖုတ်စားနိုင်တယ်။ တအိအိသွားနေတဲ့ ကျွဲကြီးတွေရဲ့ ကျောပြင်ကျယ်ကြီးတွေပေါ် လွတ်လွတ်လပ်လပ်တက်စီးနိုင်တယ်။ ကျနော်ဟာ အဖေ့စကားကို နားထောင်ပြီး ကိုယ်လူမျိုးစုဓလေ့ထုံးတမ်းတွေ လိုက်နာနေသရွေ့ ကျနော့်ကို လူတွေရဲ့ ဥပဒေ (ဒါမှမဟုတ်) ဘုရားသခင်ရဲ့ ဥပဒေက ဘာမှ ဒုက္ခမပေးပါဘူး။ ကျနော့်ကလေးဘဝလွတ်လပ်မှုဟာ ထင်ယောင်မှားမှုဖြစ်တယ်ဆိုတာ ကျနော်သိမြင်လာတဲ့အခါ၊ ကျနော့် လွတ်လပ်မှုဟာ ကိုယ့်ဆီကနေလုယူခံထားရပြီးဆိုတာကို လူငယ်တယောက်အနေနဲ့ ကျနော်တွေ့ရှိလာတဲ့အခါမှာတော့ ကျနော်ဟာ လွတ်လပ်မှုကို စတင်ငတ်မွတ်လာခဲ့တယ်။ ( ဂါမဏိ ဘာသာပြန်) 

ဒီလောက်ထိ ရှည်ရှည်ဝေးဝေး ကျနော် ကိုးကားနေတာဟာ ဒီစာကြောင်းတွေကို ဖတ်ပြီီးတဲ့အခါ လူတယောက်ရဲ့ လွတ်လပ်မှု ( အထူးသဖြင့် လောကီလွတ်လပ်မှု) ဆိုတာဟာ လူ့အဖွဲ့အစည်းထဲက တခြားအရာတွေနဲ့ ခွဲခြားမရဘူးဆိုတာကို ကျနော့်ကို ပိုပြီး တွေးတောဖို့ ဖြစ်လာစေလို့ပါပဲ။ 

မန်ဒဲလားရေးတဲ့ လွတ်မြောက်ရေး ခရီးရှည်ရဲ့ နောက်ဆုံးအပိုင်းဟာ ဒီသဘောကိုပဲ ထပ်ပြီး အတည်ပြုထားပါတယ်။ ကျနော် နားလည်သလို ပြောရရင် မန်ဒဲလားက လွတ်မြောက်ခြင်းအကြောင်းကို ပြောတဲ့အခါမှာ သူ့ကလေးဘဝ အတုအယောင် လွတ်မြောက်ခြင်းကို သိသွားတဲ့နောက် သူနားလည်ထားတဲ့ လွတ်မြောက်မှု အစစ်အမှန်ဆိုတာ ဘယ်လိုလဲဆိုတာကို ရေးပြထားတယ်။ မန်ဒဲလားရဲ့ လွတ် မြောက်ခြင်းဒဿနနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ လွတ်မြောက်ခြင်း ဒဿနမှာ တူညီချက်တွေ ရှိနေတာကိုလည်း တွေ့ရတယ်။ 

အကြောက်တရားမှ လွတ်မြောက်ရေး

လွတ်မြောက်ခြင်းအကြောင်းပြောတဲ့အခါ ကျနော် အရင်ဆုံး သတိရတာက နယ်ဆင်မန်ဒဲလားနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ကျနော့် အမြင်အရဆိုရင် နယ်ဆင်မန်ဒဲလားရဲ့ နိုင်ငံရေးဖြတ်သန်းမှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုထက် ပိုပြီး ရှုပ်ထွေးပါတယ်။အတွေ့အကြုံကြွယ်သလို အတွေးအခေါ်လည်း အလွန်မြင့်မားတဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမ္မဂန္ဒီရဲ့ နိုင်ငံရေးဘဝလိုပဲ အကြမ်းမဖက်နိုင်ငံရေးနည်းလမ်းအပေါ်မှာ မျဉ်းဖြောင့်လို၊ မြှားတစင်းရဲ့ လားရာလိုပဲ အကွေ့အကောက်မရှိပါဘူး။ 

နယ်ဆင်မန်ဒဲလားဟာ ထောင်ထဲမှာ ၂၇ နှစ်နေခဲ့ရပြီး အသက် ၇၁ နှစ်မှာ ထောင်က ပြန်လွှတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်အုပ်စုရဲ့ မတရားတဲ့ ပြစ်ဒဏ်တွေ အကြိမ်ကြိမ်ချမှတ်ခံရပြီး အခုအသက် ၈၁ နှစ်မွေးနေ့အထိ အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။ 

မန်ဒဲလားက လွတ်မြောက်ရေးသို့ ခရီးရှည် ဆိုတဲ့ သူ့ကိုယ်တိုင်ရေး အထုပ္ပတ္တိမှာ လွတ်မြောက်ခြင်း အကြောင်း ရေးခဲ့ပါတယ်။ သူ့ကလေးဘဝ လွတ်လပ်ခြင်းဟာ အပေါ်ယံ လွတ်မြောက်ခြင်းဖြစ်ပြီး လူ့အဖွဲ့အစည်းတခုလုံး မလွတ်မြောက်သေးသမျှ သူလည်း မလွတ်မြောက်နိုင်မှန်း သိရှိနားလည်သွားတဲ့နောက်မှာ သူဟာ တော်လှန်ရေးသမားတယောက် ဖြစ်လာတယ်လို့ ရေးခဲ့ပါတယ်။ မန်ဒဲလားက 

‘လွတ်မြောက်ခြင်းဆိုတာ ခွဲခြားမရစကောင်းသော အရာဖြစ်သည်။ ပြည်သူ တဦးတယောက်ကို ချုပ်နှောင်သောကြိုးသည် ပြည်သူအားလုံးကို ချုပ်နှောင်သောကြိုးဖြစ်သည်။’ လို့ ရေးခဲ့တယ်။ 

(‘ Freedom is indivisible; the chains on any one of my people were the chains on all of them.")

မန်ဒဲလားရဲ့ အားသာချက်က သူဟာ ငယ်စဉ်က ဒေါသကြီးသူ ဖြစ်ပေမယ့် ကြီးလာတဲ့အခါ သူတော်စင်တပါးလို စိတ်ရှည်ပြီး လောကကို အလွန်အကောင်းမြင်သူ ဖြစ်လာခဲ့တယ်။ ထောင်ကျနေချိန်မှာတောင် သူဟာ အကောင်းမြင်စိတ်ကို အဆုံးရှုံးမခံခဲ့ဘူး။ ထောင်ဝါဒါ လူဖြူတယောက်ရဲ့ လူသားဆန်မှု အသေးအဖွဲလေးကို တွေ့ရလျှင်ပင် သူက ဒါဟာ တနေ့မှာ အပြောင်းအလဲဖြစ်နိုင်တဲ့ သဲလွန်စပဲလို့ မြင်တယ်။ 

တကယ်လည်း နယ်ဆင်မန်ဒဲလားနဲ့ သူ့ပါတီ (တောင်အာဖရိက အမျိုးသားကွန်ဂရက်) တောင်အာဖရိက နိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ၊ လူမှုအပြောင်းအလဲတွေကို ဖန်တီးခဲ့ကြတယ်။ မန်ဒဲလားကိုယ်တိုင်လည်း အကျဉ်းသားဘဝကနေ သမတ ဖြစ်လာခဲ့တယ်။ ဒီလွတ်မြောက်ရေးခရီးရှည်ကို နောက်ကြောင်းပြန်ကြည့်တဲ့အခါ မန်ဒဲလားက လွတ်မြောက်ရေးခရီးဟာ အခုမှ စရုံပဲ ရှိပါသေးတယ်လို့ ရေးခဲ့တယ်။ မန်ဒဲလားလို အလွန်ကြီးကျယ်တဲ့ ဥာဏ်ရည်နဲ့ နှလုံးသားရှိသူက ဒီလို လေးနက်တဲ့ အနာဂတ်အမြင်မျိုးကို ပြောတာ သဘာဝကျပါတယ်။ ဒါပေမယ့် အသက် ၂၀ ကျော်မှာ ဒီသဘောတရားတွေကို ဖတ်ရတဲ့ ကျနော့်အနေနဲ့ကတော့ အံ့ဩနေခဲ့တယ်။ မန်ဒဲလားက အခုလို ရေးခဲ့တယ်။ 

အမှန်တရားက ကျနော်တို့ တကယ်မလွတ်မြောက်သေးပါဘူး။ လွတ်မြောက်ရေးအတွက် လွတ် မြောက်ခွင့်ကို ရရုံရှိပါသေးတယ်။ တနည်းအားဖြင့် ဖိနှိပ်ခံရမှုမှ လွတ်မြောက်လာတာဖြစ်တယ်။ တကယ့် လွတ်မြောက်မှုအပေါ် ကျနော်တို့ရဲ့ ချစ်မြတ်လေးနက်မှုကို မှတ်ကျောက်တင်မယ့် စမ်းသပ်မှုဟာ အခုမှ စတင်တာပါ။

(‘ The truth is that we are not yet free; we have merely achieved the freedom to be free, the right not to be oppressed. The true test of our devotion to freedom is just beginning.’) 

နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲတွေအကြောင်းကို ကျနော် စိတ်ဝင်စားလို့ စာတွေ ဖတ်လာတဲ့အခါ Freedom From နဲ့ Freedom To ဆိုတာကိုသွားတွေ့တယ်။ ဒီတော့လည်း တခါက ဖတ်ဖူးတဲ့ မန်ဒဲလား ပြောခဲ့စကားအဓိပ္ပါယ်ကို ပိုပြီး လေးလေးနက်နက် နောက်တခါ စဉ်းစားနေခဲ့တယ်။ 

လွတ်မြောက်ခြင်းဟာ တာဝန်နဲ့ တွဲနေတဲ့ တရားဖြစ်တယ်။ လွတ်မြောက်ခြင်းဆိုတာ အဆက်စပ်ရှိနေတဲ့ တရားဖြစ်တယ်။ လွတ်မြောက်ခြင်းကို ပိတ်ပင်ထားတဲ့ သူကိုယ်တိုင်ဟာလည်း မလွတ်မြောက်သူ ဖြစ်တယ်လို့ မန်ဒဲလားက ရေးခဲ့တယ်။ 

ဒါတွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောက်တရားမှ လွတ်မြောက်ခြင်း Freedom from Fear မှာလည်း ပြန်တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အကြောက်တရားကြောင့်သာ  လူတွေဟာ မတရားမှုတွေ၊ အကုသိုလ်တွေကို ကျူးလွန်နေကြတာလို့ ရေးခဲ့တယ်။ အဂတိ တရားလေးပါးထဲမှာ အကြောက်တရားဟာ တပါးအနေနဲ့ ပါနေသလို၊ တခြားအဂတိ ၃ မျိုးရဲ့ ဇစ်မြစ်ကို ပြန်စစ်လိုက်ရင်လည်း အကြောက်တရား ဆိုတာကို တွေ့လိမ့်မယ်လို့ ဆိုထားတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့အရေးအကြီးဆုံး အယူအဆက ‘ အာဏာက (လူကို) ဖျက်ဆီးခြင်းမဟုတ်၊ အကြောက်တရားက ဖျက်ဆီးခြင်း ဖြစ်သည်။ အာဏာကို ကျင့်သုံးသူတွင် အာဏာကို လက်လွတ်ရမည်ကို ကြောက်သကဲ့သို့ အာဏာဒဏ်ခံရသူတို့တွင်လည်း ထိုဒဏ်ကို ကြောက်သဖြင့် ပျက်စီးခြင်းသို့ရောက်ရ၏။’  

‘It is not power that corrupts but fear. Fear of losing power corrupts those who wield it and fear of the scourge power corrupts those who are subject to’ 

ဒါကြောင့် အကြောက်တရားမှ လွတ်မြောက်မှသာ 
အဂတိတရား၊ အကုသိုလ်တရားတို့မှ လွတ်မြောက်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးခဲ့တယ်။ ပထမအဆင့် အရေးကြီးတာက အာဏာကို စွန့်လွှတ်ရမှာ ကြောက်နေသူတွေကို တွန်းလှန်ဖယ်ရှားရေးဖြစ်ပြီး၊ ဒုတိယအဆင့်မှာ  တရားမျှတမှု၊ ညီညွတ်မှုတို့ကို ဖြစ်စေမယ့် ဥပဒေစည်းမျဉ်းအပေါ် အခြေခံတဲ့ နိုင်ငံ၊ လူ့အဖွဲ့အစည်းကို တည်ဆောက်ရေးဖြစ်တယ်။ ဒီရည်မှန်းချက်တွေကို ဆောင်ရွက်နိုင်ဖို့ဆိုရင် ပြည်သူလူထုအနေနဲ့ ပထမအဆင့်အနေနဲ့ အကြောက်တရားနဲ့ လျစ်လျူရူ့ခြင်းကို ဖယ်ရှားဖို့ လိုတယ်။ ဒီတိုက်ပွဲမှာ အနစ်နာခံဖို့၊ ဇွဲရှိဖို့၊ ညီညွတ်ဖို့ လိုတယ်လို့ ရေးခဲ့တယ်။ ဒါကို စိတ်ဓာတ်တော်လှန်ရေး လို့ ဒေါ်အောင်ဆန်းစုကြည်က သုံးနှုန်းပါတယ်။ 

သူ့တဦးချင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်သူ ဖြစ်ပါတယ်။ တခါမှာ စကော့အေ ဟန့်ဒ် ( Scott A. Hunt) ဆိုတဲ့ စာရေးဆရာက ဒေါ်အောင်ဆန်းစုကြည်ကို မေးတယ်။ လွတ်လပ်မှုကို ဘယ်လို သဘောထားလဲ။ ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေတယ်။ 

‘ ကျမ သွားချင်ရာ မသွားရဘူး။ တွေ့ချင်တဲ့လူနဲ့ မတွေ့ရဘူး။ ဒါကို မလွတ်လပ်ဘူးလို့ ဆိုရမယ်။ ဒါပေမယ့် ဒါတွေက ကျမအတွက် သိပ်အရေးမကြီးလှပါဘူး။ သူတို့တွေ ကျမကို အိမ်ချုပ်ချလည်း ကျမက သိပ်စိတ်မပူပါဘူး။ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုဆိုတာ ကျမအတွက်တော့ သိပ်အရေးမကြီးလှပါဘူး။ ‘ 

ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးကြီးတာက သူ့တကိုယ်စာ လွတ်မြောက်ရေးမဟုတ်ပါဘူး။ ပြည်သူအများလွတ်မြောက်ရေး။ အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ အကြောက်တရားမှ လွတ်မြောက်ရေး၊ အဂတိလေးပါးစတဲ့ အကုသိုလ်အမှုတို့မှ လွတ်မြောက်ရေး ဖြစ်ပါတယ်။ 

နေသွင်ညိဏ်း 

 

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar