Breaking News

ကိုသန်းလွင် - ဂျပန်နိုင်ငံနှင့် လူဦးရေပြဿနာ

ကိုသန်းလွင် - ဂျပန်နိုင်ငံနှင့် လူဦးရေပြဿနာ

မိုးမခ ၊ ဇွန် ၂၁ ၊ ၂၀၂၆

(၁)

ဂျပန်နိုင်ငံ၏ လူဦးရေသည် ကျဆင်းနေပါသည်။ ကလေးမွေးဖွားနှုန်းမှာ နည်းနေပြီး နယ်များတွင် လူမရှိတော့ဘဲ ဖြစ်နေပါသည်။ အစိုးရသန်းခေါင်စာရင်းဌာန အလိုအရ ဂျပန်လူဦးရေမှာ လွန်ခဲ့သည့်ငါးနှစ်အတွင်း လူဦးရေသုံးသန်းမျှ လျော့နည်းခဲ့သည်။ ၎င်းသည် ဒေသတစ်ခု၌ သတ်မှတ်ထားသော ကာလအတွင်း မွေးဖွားနှုန်းမှာ ပြဿနာဖြစ်လာလောက်အောင် ကျဆင်းနေပါသည်။

ဂျပန်နိုင်ငံ၏ လူဦးရေသည် ၂၀၂၅ ခုနှစ်တွင် ၁၂၃ သန်းမျှရှိသည်။ ဤစာရင်းမှာ သန်းခေါင်စာရင်းဌာနမှ လွန်ခဲ့သည့်လက ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်က လူဦးရေမှာ ၁၂၆ ဒသမ ၁ သန်း ရှိခဲ့သည်။ ဤသည်မှာ သန်းခေါင်စာရင်း စတင်ကောက်ယူသည့် ၁၉၂၀ ခုနှစ်မှစတင်၍ ကျဆင်းမှုအများဆုံး ဖြစ်ပါသည်။

(၂)

လူဦးရေသည် ၂၀၀၈ ခုနှစ်က အများဆုံးဖြစ်ခဲ့ပြီး ၁၂၈ သန်းရှိသည်။ ဤအတိုင်းသာ ဆက်လက်သွားနေပါက ၂၀၇၀ ခုနှစ်တွင် ၈၇ သန်းသာ ရှိပါလိမ့်မည်။ နိုင်ငံလူဦးရေသည် ယခုအခါ ၁၉၈၉ ခုနှစ်ကအတိုင်း ရှိနေပါသည်။

ဂျပန်အစိုးရအဆက်ဆက်က တဖြည်းဖြည်း အိုမင်းလာသည့် လူဦးရေကို အစားထိုးနိုင်ရန် ကြိုးစားခဲ့ကြသည်မှာ ဆယ်စုနှစ်ချီ၍ ကြာခဲ့ပါပြီ။ လူငယ်များကို ကလေးပို၍ယူရန် တိုက်တွန်းခဲ့သည်။ သို့သော် နိုင်ငံသည် မွေးဖွားနှုန်းအနည်းဆုံးနိုင်ငံ စာရင်းဝင်ဖြစ်နေပါပြီ။ ကလေးတစ်ဦး မွေးတိုင်း လူကြီးနှစ်ဦးက သေဆုံးနေပါသည်။ ဂျပန်နိုင်ငံသည် အခြားနိုင်ငံများနှင့်စာလျှင် မွေးဖွားနှုန်းတွင် သိသိသာသာ လျော့နည်းနေသည်။

တဖြည်းဖြည်း လျော့နည်းလာသော လူဦးရေက ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို ကျဆင်းစေပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင်လည်း ပြဿနာဖြစ်ကာ လုပ်သားများ၏ လုပ်အားများလည်း တဖြည်းဖြည်း လျော့နည်းနေသည်။ လူများ၏ မွေးဖွားနှုန်းကျဆင်းခြင်းမှာ နှစ်စဉ်နှစ်တိုင်း ဂျပန်နိုင်ငံ၏ ဒေသအားလုံးသို့ ပျံ့နှံ့၍လာနေသည်ဟု သန်းခေါင်စာရင်းဌာနမှ ပြောသည်။ နိုင်ငံတွင် ဒေသကြီး (Prefectures) ၄၇ ခုရှိရာ ဒေသ ၂ ခုမှလွဲ၍ လူဦးရေ ကျဆင်းနေသည်ဟု ၂၀၂၅ ခုနှစ်က ဆိုပါသည်။ ကျဆင်းနှုန်းမှာလည်း မြန်ဆန်လျက်ရှိသည်။

လူဦးရေ ကျဆင်းသဖြင့် ထိခိုက်ရဆုံးနေရာများမှာ မြောက်ဘက်အကျဆုံး အာခိတာ (Akita) နှင့် အအိုမိုရီ (Aomori) နယ် ၂ ခုဖြစ်ပြီး ၎င်းတို့တွင် ၂၀၂၀ မှ ၂၀၂၅ ခုနှစ်အတွင်း ၈ ရာခိုင်နှုန်းမျှ လျော့နည်းသွားသည်။ ထိုဧရိယာများသည် ဂျပန်နိုင်ငံ၏ အသက်အကြီးဆုံးလူများ နေထိုင်ရာဒေသများဖြစ်ပြီး လူငယ်များမှာ လျင်မြန်သောနှုန်းဖြင့် ထိုဒေသများမှ ထွက်ခွာသွားနေကြသည်။ ဆောင်းရာသီတွင် အေးသောကြောင့်လည်းကောင်း၊ ဝင်ငွေအနေဖြင့် နည်းပါးသောကြောင့်လည်းကောင်း လူအများ စွန့်ခွာနေကြခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ အစွန်အဖျားဒေသများမှာ တဖြည်းဖြည်း လူနည်းလာနေပြီး လူငယ်အများအပြားမှာ အလုပ်ရှိရာ တိုကျို၊ အိုဆာကာ၊ နာဂိုယာနှင့် အခြားမြို့ကြီးများသို့ ပြောင်းရွှေ့သွားကြသည်။ အချို့နေရာများတွင် ကျောင်းများမှာ လူအိုရုံအဖြစ်သို့ ပြောင်းလဲသွားရပြီး အများအတွက်ဖြစ်သောနေရာ (Community Centre) များ ဖြစ်ကုန်ကြသည်။ သန်းပေါင်းများစွာသော အိမ်များမှာ နေမည့်သူမရှိဘဲ ဖြစ်နေပြီး အစိုးရရုံးနှင့် ဆေးရုံများမှာ အရွယ်အစား လျှော့ချနေကြရသည်။ ရထားလမ်းများမှာလည်း ရထားများ မပြေးဆွဲနိုင်တော့ဘဲ ရပ်တန့်ကုန်သည်။

ဂျပန်နိုင်ငံ၏ တံခါးများကို အကုန်လုံးဖွင့်ကာ နိုင်ငံခြားသားများကို လာရောက်နေထိုင်ကြပါရန် ကြိုးစားခြင်းသည်သာ အကောင်းဆုံး ကုစားရာနည်းလမ်း ဖြစ်သည်။ သို့သော် အစိုးရသည် ဂျပန်တို့၏ အလေ့အထတစ်ခုအနေဖြင့် လူဝင်မှုကြီးကြပ်ရေး (Immigration rule) များကို သတိကြီးစွာထား၍ ကိုင်တွယ်ကြသည်။ ဂျပန်နိုင်ငံတွင်လည်း ဂျပန်လူမျိုးကို အစစဦးစားပေးသော (Japan First) စိတ်ကူးမှာ မျိုးချစ်နိုင်ငံရေးသမားများနှင့် နိုင်ငံရေးကျွမ်းကျင်သူများအကြား ပျံ့နှံ့လျက်ရှိသည်။

ဂျပန်နိုင်ငံသည် လူဦးရေကျဆင်းမှုမှာ ရေတိုစီမံကိန်း၊ ရေရှည်စီမံကိန်းများနှင့် စီမံ၍ပြောင်းလဲသည့်တိုင် ပြန်၍ ပြုပြင်မရသော ကိစ္စရပ်တစ်ခု ဖြစ်နေပါပြီ။ ၎င်းကို ပြုပြင်နိုင်သော အချက်တစ်ခုမှာ အစုလိုက်အပြုံလိုက် နိုင်ငံခြားသားများကို ပြောင်းရွှေ့ခိုင်းခြင်းပင် ဖြစ်သည်။ နိုင်ငံခြားသားများကို ပုံစံအမျိုးမျိုးဖြင့် လက်သင့်ခံခြင်းသည်သာ အလွယ်ကူဆုံးနည်းဖြစ်သည်။

ဤအခက်အခဲများကြားတွင် နေရာတစ်ခု၌သာ စိတ်သက်သာခွင့်ရှိသော အဖြစ်များ ဖြစ်ပေါ်လျက်ရှိသည်။ အိုကီနာဝါ ကျွန်းတန်းတလျှောက်တွင် (ဂျပန်ပြည်တောင်ပိုင်း) လူဦးရေသည် အနည်းငယ်တိုးတက်သည် ဆိုရုံ တိုးတက်လျက် ရှိသည်။ အမျိုးသမီးများ၏ ဘဝသက်တမ်းတလျှောက်လုံးတွင် ၁ ဒသမ ၅ ယောက် မွေးဖွား၍ ဂျပန်နိုင်ငံတွင် အမြင့်ဆုံး ဖြစ်သည်။ တနိုင်ငံလုံးအနေဖြင့် ပျမ်းမျှမွေးဖွားနှုန်းမှာ မိန်းကလေးတစ်ယောက်လျှင် ၁ ဒသမ ၁ ယောက်နှုန်းသာ ရှိသည်။

ဂျပန်နိုင်ငံ မြို့ကြီးများတွင်မူ မွေးဖွားမှုနှုန်းမှာ လျော့ကျသည့်ဘက်သို့ မရောက်ရုံသာ ရှိသည်။ တိုကျိုနှင့် ပတ်ဝန်းကျင် ကာနာဂါဝါ (Kanagawa)၊ ဆိုင်တာမာ (Saitama)၊ ချီဘာ (Chiba) နယ်တို့တွင် ၂၀၂၅ ခုနှစ်၌ လူဦးရေ ၃၇ သန်း တိုးတက်လာပါသည်။ ဤနေရာပတ်ဝန်းကျင်သည် ဂျပန်တစ်နိုင်ငံလုံး လူဦးရေ၏ ၃၀ ရာခိုင်နှုန်းမျှ ရှိသည်။

တိုကျိုမြို့၏ စီးပွားရေးလုပ်ငန်း ဗဟိုချက်ကျရာ နိုင်ငံရေးနှင့် စီးပွားရေး လုပ်ကိုင်ရာဒေသတွင် လူဦးရေမှာ တစ်နိုင်ငံလုံးထက် ၂၀ ရာခိုင်နှုန်းမျှ ပိုမို၍ လူဦးရေသိပ်သည်းသည်။ တိုကျိုသည် လူဦးရေအထူထပ်ဆုံး မြို့တစ်မြို့ဖြစ်ပြီး လူဦးရေသည် ၁ ရာခိုင်နှုန်း တိုးတက်လာသည်။ ၂၀၂၅ ခုနှစ်က လူဦးရေမှာ ၁၄ ဒသမ ၂ သန်း ရှိပါသည်။ လူဦးရေထူထပ်ခြင်းမှာ ကျောင်းသားဦးရေ တိုးပွားလာခြင်း၊ အနယ်နယ်အရပ်ရပ်မှ အလုပ်အကိုင်အတွက် ရောက်ရှိလာခြင်းတို့ကြောင့် ဖြစ်သည်။

ဂျပန်နိုင်ငံ၏ အခြေအနေမှာ လာမည့် ၁၀ နှစ်တာကာလအတွင်း ပိုမိုဆိုးရွားလာဖွယ် ရှိပါသည်။ ကျောင်းများ၊ ဆေးရုံများနှင့် ရဲစခန်းများတွင် အလုပ်လုပ်ကိုင်ရန် အလုပ်သမားရှာဖွေရေးမှာ ပိုမိုခက်ခဲလာဖွယ် ရှိနေသည်။ အငြိမ်းစားယူပြီးသူတို့အား အငြိမ်းစားလစာပေးရန်အတွက်မူ လူငယ်လုပ်သားထုထဲမှ အခွန်ကောက်ရသည်မှာလည်း ပိုမိုခက်ခဲလာရန် အကြောင်းရှိပါသည်။

အစိုးရက မွေးဖွားနှုန်း တိုးတက်လာအောင် ကြိုးပမ်းမှုမှန်သမျှမှာ မအောင်မြင်ဘဲ ရှိနေသည်။ ဂျပန်နိုင်ငံမှ အခြားနိုင်ငံများသို့ ပေးနိုင်သော သင်ခန်းစာမှာ လူဦးရေကို မျက်ခြည်မပြတ် စောင့်ကြည့်ရန်ပင် ဖြစ်သည်။ အာရှနှင့် ကမ္ဘာ့အခြားနေရာများမှ မြို့ပြကြီးများတွင်လည်း ဤပြဿနာများ ရှိနေပြီဖြစ်ရာ ဂျပန်နိုင်ငံသည် ထိုနိုင်ငံများအားလုံး၏ ရှေ့တန်းမှာ ရှိနေခြင်းဖြစ်ပါသည်။

(၃)

၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၅၅ ရာခိုင်နှုန်းမှာ မြို့ကြီးများ၌ နေထိုင်ကြပြီး ၎င်းဂဏန်းသည် ၂၀၅၀ ပြည့်နှစ်တွင် ၆၈ ရာခိုင်နှုန်း ဖြစ်လာဖွယ်ရှိသည်။

ကမ္ဘာတဝန်းလုံး လူဦးရေတိုးပွားလာမှုကြောင့် ကမ္ဘာ့မြို့ကြီးများစွာတို့တွင် ခေါင်းခဲစရာ ပြဿနာများကို ရင်ဆိုင်နေရချိန်တွင် လူဦးရေ ကျဆင်းမှုကြောင့် ဂျပန်နိုင်ငံသည် ပြဿနာတစ်မျိုးနှင့် ရင်ဆိုင်နေရသည်။ ဂျပန် ရထားဘူတာရုံများ၌မူ လူဦးရေ များပြားမှုကြောင့် ရထားစင်းရေနှင့် မလုံလောက်သဖြင့် လူအများ စုပြုံတိုးနေရသဖြင့် ဂျပန်အာဏာပိုင်များအတွက် တစ်နေရာမှ တစ်နေရာသို့ လူအများသွားလာရေးကိစ္စကို အလေးထား ဖြေရှင်းနေရသည်။

ထို့ကြောင့် မြို့ကြီးများတွင် ပြည့်သိပ်၍ နယ်များတွင် လူနေနည်းနေခြင်းကို အာဏာပိုင်တို့ တတ်နိုင်သည့် ဖြေရှင်းနည်းမှာ လူများကို မြို့ကြီးများမှနေ၍ တောနယ်များသို့ ရွှေ့ပြောင်းကြရန် နည်းလမ်းရှာခြင်း ဖြစ်သည်။ သို့မဟုတ် နယ်နေလူငယ်များကို မြို့ကြီးများသို့ မပြောင်းရွှေ့စေရန်၊ နေရပ်မှာပင် အလုပ်အကိုင် အဆင်ပြေစေရန် စီမံကိန်းချ၍ ဆောင်ရွက်ရမည်ဖြစ်သည်။

လူဦးရေနည်းပါးခြင်းမှာ ပြည်ပမှ နိုင်ငံခြားသားများကို လက်ခံရုံမှတပါး အခြားသက်သာသော ထွက်ပေါက်ကို မမြင်နိုင်ပေ။ ဂျပန်နိုင်ငံအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေကို ပြင်ဆင်ပြီး အများစုကို လက်ခံခြင်းဖြင့် အလုပ်သမား၊ လူနည်းခြင်းပြဿနာများကို ဖြေရှင်းနိုင်မည် ဖြစ်သည်။

ကိုသန်းလွင်

Ref: Japan is Shrinking and struggling to change, By Javier Hernandez, NY Times, 10 June 2026



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar