ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နဲ့ စစ်တပ်အစိုးရရဲ့ နှိပ်ကွပ်မှု
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁၉ မြင်ကွင်း
(မိုးမခ) ဇွန် ၂၀ ၊ ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နဲ့ စစ်တပ်အစိုးရရဲ့ နှိပ်ကွပ်မှု
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကျရောက်တဲ့ ဇွန်လ ၁၉ ရက်တွေမှာ ကာယကံရှင် အနေနဲ့ ပြင်ပမှာ လွတ်လပ်စွာ နေထိုင်နေရတာမဟုတ်ဘဲ အကျဥ်းထောင်၊ နေအိမ် အကျယ်ချုပ်နဲ့ ရှိနေချိန်တွေမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို နိုင်ငံရေးလှုပ်ရှားမှုတခုအဖြစ် ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကာလ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ဘဝနဲ့ ကန့်သတ်ခံရလိုက် ပြန်လွှတ်ပေးလိုက် တလှည့်စီလို ဖြစ်ခဲ့တဲ့ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီထောက်ခံသူတွေ တက်ကြွလှုပ်ရှားသူတွေဟာ ၄င်းရဲ့ မွေးနေ့မှာ နိုင်ငံရေးအန်တုမှု၊ လူအများကို နိုင်ငံရေးအရ စည်းလုံးမှုရအောင် နှိုးဆော်မှု တရပ်အဖြစ် မွေးနေ့အချိန်အခါမှာ စည်းရုံးလှုံ့ဆော်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၉၀ ကျော်နဲ့ ၂၀၀၀ ခုနှစ် အလွန် အဆိုပါကာလတွေကတော့ လူမှုကွန်ရက်မီဒီယာတွေ မပေါ်ထွန်းသေးတဲ့ ခေတ်ကာလဖြစ်တာ ဆက်သွယ်ရေးပစ္စည်းဖြစ်တဲ့ မိုဘိုင်းဖုန်း၊ အင်တာနက်တွေ မသုံးစွဲနိုင်သေးတဲ့ ကာလမို့လို့ သတင်းမီဒီယာနဲ့ မိမိတို့ရဲ့ ကွန်ရက်ဝင်တွေကို တိုက်ရိုက်ဆက်သွယ် ပြောဆိုတဲ့နည်းလမ်းတွေနဲ့ လူအများ သိရှိအောင်၊ ပါဝင်အောင် လုပ်ဆောင်ခဲ့ကြရတာ ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်နှောင်းပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီးနောက်မှာတော့ ၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်အထိ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဟာ လွတ်လွတ်လပ်လပ်နဲ့ ကျင်းပနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ လွှတ်တော်ထဲ ရောက်နေချိန်မှာ လွှတ်တော်ရုံးခန်းထဲ ကျင်းပတာရှိသလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ယူစဥ်မှာလည်း တာဝန်ထမ်းဆောင်တဲ့ ရုံးမှာ နေပြည်တော်က နေအိမ်မှာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွေက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှု နဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့ကို နှိုးဆော်တဲ့ နေ့ရက်တခုအဖြစ် ပြန်လည် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းချထားတာ ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေအနေနဲ့ နိုင်ငံရေးအရ လူထုကို လှုံ့ဆော်စည်းရုံးနိုင်မှု mobilization ကို ဖော်ဆောင်ကြတဲ့နေ့ရက် တခုအဖြစ် အသွင်ပြန်လည် ဖြစ်လာခဲ့ပါတယ်။
အင်တာနက်၊ လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းတွေ အားကောင်းနေချိန်လည်း ဖြစ်လို့ နေရာဒေသ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး လူမှုကွန်ရက်ပေါ်ကနေ နည်းလမ်းအမျိုးမျိုးနဲ့ ကမ်ပိန်းလုပ်ဆောင်တာ၊ မြို့တွေ ရွာတွေ နယ်တွေမှာ လုပ်ကြတဲ့ မွေးနေ့ အထိမ်းအမှတ်၊ လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို အားလုံးသိရှိအောင် လုပ်ဆောင်ကြတဲ့ လှုပ်ရှားမှုကြီးတရပ် ဖြစ်လာပြီး စစ်တပ်အစိုးရကလည်း ပြည်တွင်းက ၄င်းတို့ထိန်းချုပ်ထားတဲ့ မြို့တွေ နယ်တွေမှာ နေထိုင်နေတဲ့ လူထုကို မျက်ခြည်မပြတ် စောင့်ကြည့်နေပြီး နှင်းဆီပန်း ပန်တာ၊ သို့မဟုတ် အခြားသောပန်းတွေနဲ့ မွေးနေ့ အထိမ်းအမှတ် နိုင်ငံရေး လှုပ်ရှားမှုလို့ ယူဆတာမှန်သမျှကို ဖမ်းဆီးဖို့ ထောင်ချဖို့ လက်မနှေးဘဲ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း နှစ်စဥ် ဇွန်လ ၁၉ ရက်နေ့တွေမှာ စစ်အစိုးရရဲ့ ရဲ၊ စရဖနဲ့ စစ်တပ်ရဲ့ ဖိနှိပ်ရေးယန္တရားထဲက လက်နက်ကိုင်အဖွဲ့ဝင်တွေက မြို့တွေ၊ ဈေးတွေနဲ့ လမ်းတွေမှာ အရပ်ဝတ်နဲ့ လူထုကို စောင့်ကြည့်နေကြပြီး အွန်လိုင်းပေါ်မှာလည်း လူမှုကွန်ရက် ပလက်ဖောင်းအမျိုးမျိုးမှာ စောင့်ကြည့်ပြီး ဖော်ထုတ် ဖမ်းဆီးဖို့ အသင့်အနေအထားနဲ့ ရှိနေကြတာ ဖြစ်ပါတယ်။
လူမှုကွန်ရက်မီဒီယာမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့ ပတ်သက်တဲ့ ပို့စ်တခု တင်ရုံ၊ ဓာတ်ပုံတပုံ ဝေမျှရုံ၊ ထောက်ခံအားပေးတဲ့ ကွန်းမင့် တခု ရေးမိရုံနဲ့ ဖမ်းဆီးခံရသူတွေလည်း နှစ်တိုင်း ရှိနေခဲ့တာပါ။
စစ်တပ်က အကျဥ်းချထားတဲ့ အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဂုဏ်ပြုတာ၊ အမှတ်တရ လုပ်တာကို ဘာကြောင့် စစ်အစိုးရက ကြောက်လန့်နေရတာလဲလို့ အချို့က မေးခွန်းထုတ်တာ အမြင်အာဘော်တွေ ရေးသားဖော်ပြနေကြတာ တွေ့မြင်နေကြရတာပါ။
အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်ရွံ့တယ်ဆိုတာထက် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုထားတဲ့ စစ်အစိုးရ ပြုတ်ကျရေး၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုကို ချေမှုန်းလိုတဲ့ ရည်ရွယ်ချက်က ဖိနှိပ်မှုတွေရဲ့ နောက်ကွယ်မှာ ရှိနေတာ ဖြစ်ပါတယ်။
ယခုနှစ် ဇွန်လ ၁၉ ရက်မှာတော့ စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေက အချို့သော နေရာတွေမှာ လျှပ်တပြက် စာတန်းချိတ်ဆွဲတာ၊ မွေးနေ့အထိမ်းအမှတ် နှင်းဆီပန်းနဲ့ လွတ်မြောက်ရေး တောင်းဆိုချက်တွေ လုပ်ဆောင်ခဲ့ကြတာကို လူမှုကွန်ရက်မှာ ဝေမျှထားကြတာ တွေ့ရှိရပြီး ၈၁ အမှတ်အသားပါတဲ့ တီရှပ်အင်္ကျီ ဝတ်ဆင်သူတချို့ ဖမ်းဆီးခံရတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
အနောက်နိုင်ငံ သံရုံးအချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါဝင်တဲ့ ၈၁ ဂဏန်းနဲ့ ပုံဖော်ထားတဲ့ လိုဂိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ သူ့လွတ်မြောက်ရေးကို တောင်းဆိုခဲ့ကြတာတွေ့ရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုသံရုံးကတော့ ထူးထူးခြားခြား အဲလိုတောင်းဆိုမှုထဲ ပါဝင်တာ မတွေ့ရပါဘူး။
သမ္မတထရန့် လက်ထက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ထင်ဟပ်ဖော်ပြတဲ့ အချက်တခုအဖြစ် အချို့က ရှုမြင်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို စိတ်ဝင်စားမှု လျော့ကျလာတဲ့ သဘောလားလို့ ယူဆရပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မတိုင်ခင် ၅ ရက်ခန့်အလိုမှာ ဖြစ်ပွားခဲ့တဲ့ နောက်ဖြစ်ရပ်တခုက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ နေအိမ်ခြံတံခါးပေါ်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံနဲ့ ပြောစကားကိုးကားချက်၊ ရွှေဂုံတိုင်လမ်းပေါ်က NLD ရုံးချုပ်က ပါတီအလံနဲ့ ဆိုင်းဘုတ်ကို ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။
အချို့က အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ဟာ တရုတ်ပြည်ကို သွားရောက်တဲ့ ခရီးစဥ်နဲ့ ချိတ်ဆက်ပြောဆိုကြပေမဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ မတိုင်ခင်မှာ ဖြစ်ပျက်ခဲ့တာကြောင့် တရုတ်ပြည် ခရီးစဥ်ထက် မွေးနေ့ ကျရောက်တဲ့ ဇွန်လ ၁၉ ရက်နဲ့ ဆက်စပ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆစရာ ရှိနေတာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar