Breaking News

လှကျော်ဇော - ရဲဘော်ဖေသောင်း ရာပြည့်အမှတ်တရ



လှကျော်ဇော - ရဲဘော်ဖေသောင်း ရာပြည့်အမှတ်တရ

မိုးမခ ၊ ဇွန် ၁၅ ၊ ၂၀၂၆


ဗမာပြည်ကွန်မြူနစ်ပါတီဟာ စတင်ဖွဲ့စည်းကတည်းက ဗမာပြည်က အဖိနှိပ်ခံပြည်သူများ လွတ်မြောက်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်တာကြောင့် ခေတ်အဆက်ဆက်က ပေါ်ပေါက်လာတဲ့ အဖိနှိပ်ခံပြည်သူများရဲ့ တိုက်ပွဲစဉ်ကြီးများအတွင်းက အထင်ကရ ပါဝင်ခဲ့သူများ အများအပြား ပါတီထဲ ရောက်လာကြပါတယ်။ ဒီလိုနဲ့ ဗမာ့လွတ်လပ်ရေး တိုက်ပွဲအတွင်းက သူရဲကောင်းများအဖြစ် ကျော်ကြားခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်ဝင်များထဲကရော၊ လေထီးဆင်း ရဲဘော်များထဲကရော အတော်များများ ပါတီထဲ ရောက်ခဲ့ကြပြီး၊ ပါတီတွင်းမှာ ဒုက္ခဟူသမျှ ခါးစီးခံပြီး သေတပန်သက်တဆုံး တတာဝန်တွေ ထမ်းဆောင်ခဲ့ကြပါတယ်။

ပါတီထဲ ရောက်လာတဲ့ လေထီးဆင်း ရဲဘော်များထဲကမှ ရဲဘော်ဖေသောင်းဟာ ကံအကောင်းဆုံးလို့ ပြောနိုင်ပါတယ်။ သူ့ဘဝတလျှောက် ပါတီတာဝန်တွေကို အစွန်းအထင်းမရှိ အလွန်ပြောင်မြောက်စွာ သမိုင်းဝင် ဆောင်ရွက်နိုင်ခဲ့ပြီး ပါတီရဲ့ အမြင့်ဆုံး ဗဟိုကော်မတီတာဝန်များကို ထမ်းဆောင်နိုင်ခဲ့ကာ (လက်နက်ကိုင်တော်လှန်ရေးအတွင်း ကွန်မြူနစ်များအနေနဲ့ ရတောင့်ရခဲ) သက်တမ်းစေ့ နေသွားနိုင်ခဲ့သူပါ။ ဒီလေထီးရဲဘော်ကြီး မိသားစုနဲ့ ကျွန်မတို့ မိသားစုတို့ဟာ (ပါတီကြီး ဖရိုဖရဲ ပြိုကွဲအပြီး တစ်ဖက်နိုင်ငံမှာ ခိုလှုံနေစဉ်) အနှစ် ၂၀ ကျော် သုံးဆယ်နီးပါး အိမ်နီးနားချင်းများ၊ ဆွေမျိုးရင်းချာများလို နေလိုက်ရပါတယ်။ လူချင်း အဲဒီတော့မှ ရင်းနှီးကြရပေမယ့် ရဲဘော်ကြီးဖေသောင်းနဲ့ သူတည်ဆောက်ခဲ့တဲ့ (၈၁၅) စစ်ဒေသရဲ့ ဂုဏ်သတင်းကတော့ ကျွန်မတို့ အစောကြီးကတည်းက ကြားပြီး၊ သိပြီးပါပြီ။

အစောဆုံး စကြားရတာကတော့ ၁၉၇၈-၇၉ ကာလများပါ။ အဲဒီကာလ ပါတီထဲ အုပ်လိုက်ကြီး ရောက်လာတဲ့ ပညာတတ်ရဲဘော်များကို ပါတီဗဟိုက အစုတွေခွဲပြီး ပါတီရဲ့ စစ်ဒေသအသီးသီးကို သွားရောက်လေ့လာခိုင်းပါတယ်။ အဲဒီရဲဘော်တွေထဲက လက်စလက်န ရှိသူများက သူတို့ အတွေ့အကြုံတွေကို ပြည်သူ့အသံအတွက် ဆောင်းပါးများ ရေးပို့ကြပါတယ်။ (၈၁၅) စစ်ဒေသရဲ့ ဂုဏ်သတင်းကို အဲဒီမှာ စကြားရတာပါ။ ဒေသခံကလေးတွေကို ကျောင်းအိပ်ကျောင်းစား လက်ခံပြီး ဗမာစာသင်ပေးတဲ့ ကျောင်းတွေအကြောင်း၊ အဲဒီကျောင်းက ကျောင်းသားလေးများနဲ့ စကားစမြည် ပြောကြည့်ရာမှာ ဗမာလို ရေရေလည်လည် ပြောတတ်ကြောင်း။ ကျောင်းသားလေး တစ်ယောက်ကို "ကမ္ဘာကြီး လုံးသလား၊ ပြားသလား" လို့ မေးကြည့်တာ "လုံးတယ်" လို့ ဖြေတာ။ "အဲဒါကို ယုံသလား" လို့ မေးတော့ "ယုံတယ်" လို့ ဖြေသတဲ့။ "ဘာလို့ ယုံတာလဲ" လို့ ဆက်မေးတော့ "ပါတီက ပြောထားလို့" တဲ့။

တပ်မှူး၊ တပ်သား ခွဲခြားမှု လုံးဝမရှိဘဲ၊ ရဲဘော်လေးများ ကင်းစောင့်ချိန်မှာ (အခြားစစ်ဒေသတွေမှာ ကေဒါတွေသာ ဝတ်ရတဲ့) ဂွမ်းကုတ် အင်္ကျီရှည်ကြီးတွေ ဝတ်ပြီး ကင်းစောင့်နေရတာ တွေ့ခဲ့ရတဲ့အကြောင်းတွေ၊ တပ်သားလေးများ စည်းကမ်းလိုက်နာမှုကောင်းတာတွေ စတာတွေ၊ စတာတွေကို အဲဒီဆောင်းပါးတွေကတဆင့် ကြားရတာပါ။ ဒါ့အပြင် ပန်ဆန်းမှာဖွင့်တဲ့ သင်တန်းအသီးသီးကို လာတက်တဲ့ စစ်ဒေသအသီးသီးက ရဲဘော်များအကြားမှာ (၈၁၅) စစ်ဒေသက ရဲဘော်များဟာ ဗမာစာရေချိန်ရှိတာ၊ လေ့လာရေးအားကောင်းတာ၊ စည်းကမ်းလိုက်နာမှုကောင်းတာ စတဲ့ နာမည်ကောင်းတွေ ရပါတယ်။ ဗဟိုဆေးကျောင်း လာတက်ကြတဲ့ (၈၁၅) က ရဲဘော်များမှာ အားကောင်းချက် အတော်များများ ကျွန်မတွေ့ခဲ့ရပါတယ်။ အထူးသဖြင့် စုပေါင်းလုပ်ဆောင်ရတဲ့ လုပ်ငန်းတွေမှာ အမိန့်နာခံမှုကောင်းတာ၊ အလုပ်မရွေးတာ၊ ကျန်ရဲဘော်များကို Ngဲ့ညှာတတ်တာ၊ တစ်ခွန်းတည်း ပြောရရင်တော့ တစ်ကိုယ်ကောင်း မဆန်တာ၊ လူလယ်မကျတာ စတာတွေ တွေ့ရပါတယ်။ တကယ့်ကို အဖိနှိပ်ခံများရဲ့ တော်လှန်ရေးသမား ပုံစံဝင်နေတာပါ။ အနစ်နာခံစရာရှိရင် ကိုယ်ကရှေ့ကပဲ အနစ်နာခံလိုက်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ဖော်ပြနေတာပါ။ ဒါကြောင့်ပဲ ဗဟိုနဲ့ စစ်ဒေသအသီးသီးအကြားမှာ နာမည်ကောင်းရနေတာပါ။

စတင်တည်ဆောက်ကတည်းက နိုင်ငံရေးမှူးအဖြစ် တာဝန်ယူလာတဲ့ ရဲဘော်ဖေသောင်းလည်း ကျော်ကြားလာပြီး ကျန်ဒေသများရဲ့ လေးစားအားကျ စံပြုစရာခေါင်းဆောင် တစ်ဦး ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ (၈၁၅) စစ်ဒေသ တည်ငြိမ်လာတော့ ရဲဘော်ဖေသောင်းကို ၁၉၈၀ ပြည့်နှစ်များမှာ မြောက်ပိုင်းဗျူရို (ဗဟိုဌာနခွဲ)ရဲ့ စစ်ရေးခေါင်းဆောင်အဖြစ် ဗဟိုက တာဝန်ပေးလိုက်ပါတော့တယ်။ ကျွန်မကိုယ်တိုင်လည်း (၈၁၅) စစ်ဒေသကို ရဲဘော်ဖေသောင်း ဘယ်လို စနစ်တကျ တည်ဆောက်ခဲ့တယ်ဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။

၁၉၈၃-၈၄ မှာ (၈၁၅) စစ်ဒေသမှာ ကာလဝမ်းရောဂါ ကျရောက်ပါတယ်။ အဲဒါကို သွားရောက်ကူညီဖို့ ဗဟိုက ကျွန်မနဲ့ ကိုအိုက်အေး (ဗဟိုဆေးကျောင်းကော်မတီဝင်) ကို လွှတ်လိုက်ပါတယ်။ အဲဒီတုန်းက (၈၁၅) စစ်ဒေသ ဌာနချုပ် မိုင်ဖိုင်ကနေ ရောဂါ အကြီးအကျယ် ဖြစ်နေတဲ့ စန်တောင်ခရိုင်ကို တောလမ်းခရီးက (၄-၅) ရက် သွားရမှာ၊ လမ်းကရွာတွေ ဝင်ဆေးကုပေးရမှာ၊ ကာကွယ်ဆေးထိုးပေးရမှာ၊ ဆေးပညာပေး ဟောပြောပွဲတွေလည်း လုပ်ပေးရမှာဆိုတော့ အတော်ပင်ပန်းမဲ့ ခရီးပါ။ ကျွန်မတို့ ဆေးအဖွဲ့မှာ မိုင်ဖိုင်ဆေးရုံက ဆေးလုပ်သား ၅ ယောက် ထပ်အားဖြည့်ပေးလိုက်ပါတယ်။ လမ်းခရီးတစ်လျှောက် အဆင်ပြေရေးအတွက် သက်ဆိုင်ရာ ဒေသတာဝန်ခံတွေနဲ့ ဆက်သွယ်လုပ်ဆောင်ဖို့ ဌာနချုပ်ရုံးက ကေဒါတစ်ဦးလည်း ပါပါတယ်။ ကျွန်မအတွက်လည်း မြင်းတစ်ကောင်၊ မြင်းထိန်းတစ်ယောက်နဲ့ ကိုယ်ရံရဲဘော်လေး တစ်ယောက် ထည့်ပေးလိုက်ပါသေးတယ်။

ကျွန်မ ပန်ဆန်းမှာ ရှေ့တန်းဆေးတပ်ဖွဲ့အဖြစ်နဲ့ရော၊ ဆေးလှည့်လည်ကုသပေးတဲ့ အဖွဲ့အဖြစ်နဲ့ရော ခရီးအတော်များများ ထွက်ဖူးပါတယ်။ ဒီတစ်ခါ ခရီးလောက် ဘက်စုံက အဆင်ပြေချောမွေ့တာ မကြုံဖူးပါဘူး။ ကျွန်မနဲ့အတူ ပါလာတဲ့ ကိုအိုက်အေးဟာ ပန်ဆန်းမှာ ကျွန်မခရီးထွက်တိုင်းလည်း ပါတတ်သူပါ။ သူကိုယ်တိုင်က "ပန်ဆန်းနဲ့တော့ ကွာပါ့" လို့ ခဏခဏ ပြောသံကြားရပါတယ်။ (တစ်ခုတော့ ရှိပါတယ်... ကျွန်မတို့က ဧည့်သည်များဖြစ်လေတော့ သူတို့အချင်းချင်းကြားက ဒေသပြဿနာများကို ကျွန်မတို့ ရှေ့မပြောဘဲ ကြိတ်ဖြေရှင်းတာတွေလည်း ဖြစ်နိုင်ပါတယ်။)

ကျွန်မတို့ ခရီးစထွက်ကတည်းက ဌာနချုပ်က ထည့်လိုက်တဲ့ ကေဒါက ညအိပ်မဲ့ရွာကို ကြိုအကြောင်းကြားထားပြီး လိုအပ်တာတွေ အကုန် စစီစဉ်ပြီးသားပါ။ အဲဒီရွာရောက်တာနဲ့ ရွာကော်မတီဝင်များက အဆင်သင့်စောင့်နေပါတယ်။ ရောဂါမဖြစ်တဲ့ ရွာတွေဆို ကာကွယ်ဆေးထိုးပေးရပြီး ညပိုင်း ရွာတွေမှာ လူစုံချိန်မှာ ကျန်းမာရေး ပညာပေးဟောပြောပွဲ အထူးသဖြင့် ကာလဝမ်းရောဂါကို ဘယ်လို ကာကွယ်ကြမလဲ၊ ဖြစ်လာရင် ဘယ်လိုကုသမယ်ဆိုတာတွေ အလေးပေးပြောပြရပါတယ်။ ညအတော်မိုးချုပ်မှ စကားဝိုင်းတွေက ပြတ်ပါတယ်။

တစ်နေကုန် ပင်ပန်းထားတာ ညအိပ်ဖို့ ပြင်ထားပေးတဲ့ နေရာအရောက်မှာတော့ (၈၁၅) စစ်ဒေသ ရဲဘော်လေးများရဲ့ အားကောင်းချက်များကို တွေ့လိုက်ရပါတော့တယ်။ ကျွန်မတို့က ထုံးစံအတိုင်း အဲဒီရွာက ဘုန်းကြီးကျောင်း အောက်ထပ်မှာ ညအိပ်ကြဖို့ စစီစဉ်ထားတာပါ။ ကျွန်မက ဆေးအဖွဲ့ထဲက တစ်ဦးတည်းသော အမျိုးသမီးဖြစ်နေတော့ ကျွန်မကို ကျောင်းထောင့်လေး တစ်နေရာမှာ သီးခြားအိပ်ရာလေး ပြင်ပေးထားပါတယ်။ သန့်သန့်ပြန့်ပြန့် သပ်သပ်ရပ်ရပ်လေး။ တစ်နေကုန် ပင်ပန်းထားလို့ အတော်လေး ပျော်သွားမိတယ်။

စိတ်ထဲမှာ အဲဒီလို ကျေနပ်နေတုန်းမှာပဲ၊ ကျွန်မအတွက် (၈၁၅) စစ်ဒေသဌာနချုပ် ထည့်ပေးလိုက်တဲ့ ကိုယ်ရံရဲဘော်လေးက ရေတဝက်လောက်နဲ့ ရေဇလုံလေးကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ရောက်လာပါတယ်။ "ဆရာမအတွက် သန့်ရှင်းရေးလုပ်ဖို့ ရေနွေးပါ။ ရေနွေးထပ်လိုချင်လည်းပြောပါ။ ဒီမှာ မျက်နှာသုတ်ပဝါအသစ်" ဆိုပြီး ပုခုံးပေါ်တင်လာတဲ့ ပဝါလေး လှမ်းပေးတယ်။ ကျွန်မဖြင့် ကျေးဇူးတင်လိုက်တာလေ။ "ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျေးဇူးပါ" လို့ပဲ ပြောနိုင်ပြီး ရေနွေးပတ်နဲ့ မျက်နှာသစ်၊ ခြေတွေ လက်တွေ ရေပတ်တိုက်ပြီး ထိုးအိပ်လိုက်တာ မနက်မိုးစင်စင်လင်းမှ နိုးပါတော့တယ်။

လူက အတော်လန်းဆန်းသွားတော့ နောက်နေ့ခရီးက အတော်တွင်ပြီး နေ့လယ် နောက်တစ်ရွာအရောက်မှာ နောက်လျှို့ဝှက်ချက်တစ်ခုကို ထပ်သိလိုက်ရပါတော့တယ်။ နေ့လယ်စာစားနေရင်း ကျွန်မက ကိုအိုက်အေးကို ညကအိပ်ကောင်းကြောင်း ပြောမိပါတယ်။ ကိုအိုက်အေးက "ကောင်းမှာပေါ့၊ ကြမ်းပိုးမှ မကိုက်တာ" ဆိုမှ ကျွန်မလည်း သတိရတယ်။ ဟုတ်ပါ့၊ ခါတိုင်းညတွေ ဘယ်မှာအိပ်အိပ် ကြမ်းပိုးက အလွန်သောင်းကျန်းတာ။ ကျွန်မတို့ ရွာကော်မတီရုံးမှာ မနေ့နေ့ခင်း အလုပ်များနေကြစဉ် ကိုယ်ရံရဲဘော်လေးက သူ့ပုလင်းနဲ့ ထည့်ယူလာတဲ့ ပိုးသတ်ဆေးမှုန့်ကို ရေနဲ့ဖျော်ပြီး ညအိပ်မဲ့နေရာလေးတွေက ကြမ်းခင်းကြားတွေမှာ လျှောက်ဖျန်းထားတာတဲ့။

ဪ... အဲလောက် အသေးစိတ် စီစဉ်ပေးထားတာ။ အဲဒါလေးက ဥပမာလေး တစ်ခုပါ။ အဲသလိုမျိုး အသေးစိတ် စီစဉ်ပေးတာတွေ အများကြီးပါ။ ဒီခရီးစဉ်တလျှောက် မရေတွက်နိုင်အောင် တွေ့ခဲ့ရတာပါ။ ဒါကြောင့်ပဲ ရွာစဉ်ဝင်၊ ရောဂါသည်တွေရှိရင် ကုသပေး၊ ကာကွယ်ဆေး ရွာလုံးကျွတ်ထိုးပေး၊ ညပိုင်းတွေမှာ ဆေးပညာဟောပြောပွဲတွေလုပ်နဲ့ တစ်ရက်မနား ၂ ပတ်ကျော် ၃ ပတ်နီးပါး တောက်လျှောက် ခရီးနှင်နေရပေမဲ့ သိပ်မပင်ပန်းလှပါဘူး။ စန်တောင်ခရိုင် ရောက်တော့ ဆေးကုရင်း နားနားနေနေ ၂ ရက်လောက် နေလိုက်ကြပါတယ်။ အပြန်ခရီးမှာတော့ နမ့်လန်ချောင်းတလျှောက် ဖောင်နဲ့မျှောချလာလို့ ၂ ရက်နဲ့ မိုင်ဖိုင်ကို ပြန်ရောက်လာပါတယ်။ ဒါကတော့ ရဲဘော်ဖေသောင်းရဲ့ (၈၁၅) စစ်ဒေသကို ဘယ်လို တည်ဆောက်ခဲ့သလဲဆိုတာ တစေ့တစောင်း တွေ့လိုက်ရတဲ့ အဖြစ်ပါ။

ဒီဘက်ရောက်လာပြီး အိမ်နီးနားချင်းအဖြစ် နေလိုက်ရပြန်တော့ ရဲဘော်ဖေသောင်းရဲ့ ကောင်းမွန်တည်ကြည် မြင့်မြတ်လှတဲ့ အခြေခံစိတ်ဓာတ်၊ နှိမ်နှိမ်ချချနဲ့ ရိုးစင်းစွာ နေထိုင်တဲ့ အကျင့်စရိုက်၊ မိသားစုအပေါ် အလွန်ချစ်မေတ္တာကြီးမားပြီး အနစ်နာခံပေမယ့် တောင်းဆိုမှုကျ မြင့်မားတာ၊ နိုင်ငံရေးအရ မပြတ်ပညာပေးနေတာ၊ ကျန်အတူနေရဲဘော်များ၊ မိသားစုဝင်များအပေါ်မှာလည်း အလွန်ဂရုစိုက် စောင့်ရှောက်ပေးတာ၊ နယ်စပ်မှာ ကျန်ခဲ့တဲ့ ရဲဘော်များအတွက်လည်း လိုအပ်ရင် လိုအပ်သလို အကူအညီပေးတာ စတဲ့ အားကောင်းချက်များကို လေ့လာစဖွယ် တွေ့ရပါတယ်။ ရေးမယ်ဆိုရင်တော့ အများကြီးရေးစရာတွေ ရှိပါတယ်။ ကျွန်မအတွက်တော့ အလွန်အားကျ လေးစားဖွယ် မျိုးဆက်ဟောင်း ခေါင်းဆောင်ရဲဘော်ကြီး တစ်ယောက်နဲ့ ရင်းနှီးခင်မင်စွာ နေထိုင်လိုက်ရပြီး သမိုင်းဆိုင်ရာ အချက်အလက်များကို မေးမြန်းခွင့်၊ ဆွေးနွေးခွင့်တွေ ရလိုက်တာကတော့ အဖိုးမဖြတ်နိုင်ခဲ့ပါဘူး။

ဒီလိုရဲဘော်ကြီးများရဲ့ သွေးတွေ၊ ချွေးတွေ၊ အသက်တွေနဲ့ ပေးဆပ်ထားလို့သာ ကျွန်မတို့ ဗမာပြည်ကွန်မြူနစ်ပါတီကြီးရဲ့ ဂုဏ်ရောင်ပြောင်မှုဟာ အခုလို အနှစ် (၈၀) ကျော်သည်အထိ အရှိန်တညီးညီးနဲ့ ဆက်လက်ရှင်သန် အားကောင်းနေတာပါ။ ရဲဘော်ဖေသောင်း ကွယ်လွန်သွားတာ အနှစ် (၂၀) ရှိသွားပေမဲ့ ထာဝစဉ် ဥဒါန်းတွင်နေမှာပါ။


လှကျော်ဇော

၁၆-၂-၂၀၂၆


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar