စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သံတမန်ရေး ကြိုးပမ်းမှုနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အမြင်
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁၄ မြင်ကွင်း
(မိုးမခ) ဇွန် ၁၅ ၊ ၂၀၂၆
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သံတမန်ရေး ကြိုးပမ်းမှုနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အမြင်
ပြီးခဲ့တဲ့နှစ်ကုန် နဲ့ ယခုနှစ်ဆန်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲပြီးနောက် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှု ပိုမိုရရှိလာဖို့ ကြိုးစားနေတာကို ပြည်ပခရီးစဥ်တွေက သက်သေခံနေပါတယ်။ ဧပြီလမှာ သမ္မတရာထူးယူပြီး အစိုးရအဖွဲ့ဖွဲ့စည်းပြီး တလခန့်အကြာမှာ အိန္ဒိယနိုင်ငံ ခရီးစဥ်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ၅ ရက်ကြာမြင့်တဲ့ အိန္ဒိယနိုင်ငံ ခရီးစဥ်ရဲ့ အကြောင်းရင်းခံက အိန္ဒိယနိုင်ငံမှာ ကျင်းပမဲ့ နိုင်ငံစုံ ပါဝင်တဲ့ အစည်းအဝေးတခုကို တက်ရောက်ရင်း သွားဖို့ အစီအစဥ် ဖြစ်ပေမယ့် အာဖရိကတိုက် နိုင်ငံအချို့မှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ကူးစက်ရောဂါကြောင့် အဆိုပါအစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ရာက စစ်ခေါင်းဆောင် အနေနဲ့ အစည်းအဝေးတက်ရောက်ရင်း သွားမဲ့ခရီးစဥ်ကို ဖိတ်ကြားမှုကြောင့် သွားတဲ့ ခရီးစဥ်အဖြစ်ပြောင်းလဲ စီစဥ်ခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံခရီးစဥ်မှာ ဝန်ကြီးချုပ်၊ သမ္မတ တို့နဲ့တွေ့ဆုံပြီး အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတာ၊ နှစ်နိုင်ငံ ဝန်ကြီးဌာနအချင်းချင်း ဆွေးနွေးကြတာတွေ လုပ်ဆောင်ခဲ့ကြကာ နိုင်ငံခေါင်းဆောင် တယောက်ကို ပုံမှန်ဖိတ်ကြား ဧည့်ခံတဲ့ ခရီးစဥ်တခု အနေအထားမျိုးအဖြစ် တွေ့မြင်ရပြီး မြန်မာစစ်ခေါင်းဆောင် အနေနဲ့ သံတမန်ရေးအရ အောင်မြင်မှုကြီးတရပ်သဖွယ် သတင်းထုတ်ပြန် ပြောဆိုခဲ့တာတွေ့ကြရမှာ ဖြစ်ပါတယ်။
ဒေသတွင်းမှာရော ကမ္ဘာမှာပါ လူဦးရေအချိုးအစားအရ၊ စီးပွားရေးအင်အားအရ အင်အားကြီးနိုင်ငံ တနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ အရပ်သားအဖြစ် အသွင်ပြောင်းပြီး သမ္မတရာထူးရယူထားတဲ့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို တရားဝင် ခရီးစဥ် ဖိတ်ကြားရတဲ့အတွက် မြန်မာအတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေ ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းတွေက ဝေဖန်ကြတာရှိပေမယ့် အိန္ဒိယနိုင်ငံ အကျိုးစီးပွားအတွက် မြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံရမယ်လို့ မှတ်ယူထားပုံရတာ ဖြစ်ပါတယ်။ ကုလားတန်ဘက်စုံသုံး ဆိပ်ကမ်းစီမံကိန်း၊ အိန္ဒိယအရှေ့မြောက်ဒေသ နှစ်နိုင်ငံနယ်စပ်မှာ အခြေစိုက်တဲ့ လက်နက်ကိုင်သူပုန်တွေ အရေးကိစ္စတွေက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့ ပူးပေါင်းဆောင်ရွက်မှုရဖို့ အရေးကြီးတဲ့ အကြောင်းအရာခေါင်းစဥ်တွေ ဖြစ်တာကြောင့် မြန်မာအစိုးရနဲ့ ဆက်ဆံရေး ပိုမိုတိုးမြှင့်ဖို့အတွက် ရွေးကောက်ပွဲပြီးတဲ့ကာလကို အခွင့်အခါ တခုအဖြစ် ရှုမြင်ခဲ့တဲ့ အနေအထားလို့ ကောက်ချက်ချရပါတယ်။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်ဟာ မြန်မာနိုင်ငံကို ပုံမှန်ဆက်ဆံရေးအဆင့်ကနေ လျှော့ချထားတဲ့ အာဆီယံအဖွဲ့ကိုလည်း ပြန်လည်သုံးသပ်အောင် မြန်မာစစ်ခေါင်းဆောင်က သွယ်ဝိုက်ပြီးလုပ်ပြလိုက်တဲ့ သဘောလည်း သက်ရောက်စေတာ ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေ ပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးက မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဧပြီလမှာ သဘောတူထားခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အာဆီယံမူ ၅ ချက်ကို အကောင်အထည်မဖော်မချင်း အာဆီယံ အစည်းအဝေးတွေမှာ နိုင်ငံခြားရေးဝန်ကြီး သို့မဟုတ် သမ္မတ၊ ဝန်ကြီးချုပ်တို့လို နိုင်ငံရေးရာထူးအဆင့် ကိုယ်စားလှယ် မတက်ရောက်ဖို့ ဆုံးဖြတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့က အဲဒီ ကန့်သတ်ချက်ကို ပြီးခဲ့တဲ့ ၅ နှစ်တာလုံး ကျင့်သုံးလာခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပပြီးချိန်ထိ ရုပ်သိမ်းခြင်း မရှိသေးပါဘူး။
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေ အနေနဲ့ အာဆီယံနဲ့ ပတ်သက်လို့ မကျေနပ်စရာအကြောင်းက အထက်က ကန့်သတ်မှုဖြစ်ပြီး အာဆီယံအဖွဲ့ကနေ နုတ်ထွက်တဲ့အထိ လုပ်ဆောင်မှာ မဟုတ်သည့်တိုင် ဝေဖန်ပြောဆိုတာတွေလည်း ပြီးခဲ့တဲ့လက နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
အာဆီယံအဖွဲ့ရဲ့ အစည်းအဝေးတွေမှာ အဆင့်လျှော့ချ တက်ရောက်ခွင့်ပြုတဲ့ အဖြစ်ကို မြန်မာစစ်ခေါင်းဆောင်က မကျေလည် ဖြစ်နေပြီး ရွေးကောက်ပွဲကျင်းပပြီးသည့်တိုင် အာဆီယံအဖွဲ့က သဘောထား မပြောင်းလဲတာကိုလည်း မြန်မာစစ်ခေါင်းဆောင်က ဘဝင်မကျ ဖြစ်နေတဲ့ သဘောမျိုးလို့ ယူဆရပါတယ်။
ဒီအခြေအနေမျိုးမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့က မြန်မာအပေါ် သဘောထားပြောင်းလဲဖို့ ဆန္ဒရှိနေပေမယ့် မြန်မာကလွဲလို့ အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ သဘောတူညီချက်ရမှသာ အာဆီယံ အနေနဲ့ အဆင့်လျှော့ ဆက်ဆံမှုကို ရပ်ဆိုင်းနိုင်မဲ့ အနေအထားလည်း ဖြစ်နေတာပါ။
ဒီလိုအခြေအနေဖြစ်ပေါ်နေချိန် အိန္ဒိယနိုင်ငံကို တရားဝင်ဖိတ်ကြားတဲ့ ၅ ရက်ကြာ ခရီးစဥ်အနေနဲ့ သွားရောက်နိုင်တာ အဲဒီခရီးစဥ်ပြီးနောက် တလမပြည့်မီမှာ တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုနဲ့ တရုတ်နိုင်ငံကို ၅ ရက်ကြာ ခရီးစဥ်သွားရောက်မဲ့ အဖြစ်အပျက်တွေက အာဏာသိမ်းစစ်တပ်အဖို့ သံတမန်ရေးမှာ ကံကောင်းလာတယ်လို့ ဆိုနိုင်တဲ့ အခြေအနေ ဖြစ်လာပါတယ်။
အိန္ဒိယနိုင်ငံခရီးစဥ်ကြောင့် မြန်မာနဲ့ အိန္ဒိယလိုပဲ အိမ်နီးချင်းလည်းဖြစ်တဲ့ တရုတ်နိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားတဲ့ ခရီးစဥ် ဖြစ်ပေါ်လာရတဲ့ သဘောလား ဒါမှမဟုတ် တရုတ်နိုင်ငံ အနေနဲ့ နကိုကတည်းက ဖိတ်ကြားဖို့ ရည်ရွယ်ချက် ရှိသလားဆိုတာ ရှင်းရှင်းလင်းလင်းတော့ မသိရပါဘူး။
ကမ္ဘာ့အလယ်မှာ လွတ်လပ်မျှတတယ်ဆိုတဲ့ ဂုဏ်သတင်းမရရှိတဲ့ ၂၀၂၅/၂၆ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီးနောက် စစ်ယူနီဖောင်းကနေ အရပ်ဝတ်လဲလိုက်တဲ့ မင်းအောင်လှိုင် အနေနဲ့ တရုတ်၊ အိန္ဒိယ အပြင် ရုရှားနဲ့ အချို့သော နိုင်ငံတွေက တရားဝင် ဖိတ်ကြားတာမျိုးတွေ ရရှိလာစေဖို့ ကြိုးပမ်းနေလိမ့်မှာ အသေအချာ ဖြစ်ပါတယ်။ ရုရှားနဲ့ မဟာမိတ်ဖြစ်တဲ့ ဘယ်လာရုစ်လို နိုင်ငံလိုမျိုးက ဖိတ်သည်ဖြစ်စေ သို့မဟုတ် အခြား နိုင်ငံတနိုင်ငံက ဖိတ်သည်ဖြစ်စေ မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် အနေနဲ့ ဝမ်းမြောက်ဝမ်းသာ လက်ခံမှာ အသေအချာဖြစ်ပါတယ်။
အာဏာသိမ်းစစ်အစိုးရ တဖြစ်လဲ မင်းအောင်လှိုင် အစိုးရ အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ သံတမန်ရေး အရ လိုလိုလားလားနဲ့ လက်ခံလာတဲ့ အခြေအနေမျိုး မရောက်သည့်တိုင် ငြင်းပယ် ၊ ဖယ်ကျဥ်ထားတဲ့ အနေအထားမျိုးက လွတ်မြောက်ဖို့ ရည်မှန်းချက်ထား ကြိုးပမ်းနေတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။
သံတမန်ရေးဟာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ လက်ဆွဲနှုတ်ဆက်တဲ့ အဓိပ္ပာယ်ထက် ပိုမိုပြီး စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အရေးတယူ ထိတွေ့ဆက်ဆံတာမျိုး မလုပ်ဆောင်ဖို့၊ အစိုးရတခုတည်း ရှိတယ်ဆိုတဲ့ အမြင်၊ ရပ်တည်မှုမျိုး ဖြစ်အောင် ရည်ရွယ်ကြိုးစားနေတယ်ဆိုတာ နားလည်သဘောပေါက်ဖို့ လိုပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေ အနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ သံတမန်ရေး ထိုးဖောက်မှု မဟာဗျူဟာ နည်းဗျူဟာတွေကို ဘယ်လို ဆန့်ကျင်တိုက်ဖျက်ရမလဲဆိုတဲ့ စဥ်းစားလုပ်ဆောင်မှုတွေ အရေးတကြီး လိုအပ်နေတဲ့ အနေအထားလည်း ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar