Breaking News

အဓမ္မစစ်မှုထမ်း စုဆောင်းခံရတဲ့ ပြဿနာ

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၀ မြင်ကွင်း

(မိုးမခ) ဇွန် ၂၁ ၊ ၂၀၂၆


အဓမ္မစစ်မှုထမ်း စုဆောင်းခံရတဲ့ ပြဿနာ

မြန်မာနိုင်ငံမှာ အဓမ္မစစ်မှုထမ်းစုဆောင်းခံရတဲ့ ပြဿနာက  ၂၀၂၁ ခုနှစ်နောက်ပိုင်း၊ စစ်မှုထမ်းဥပဒေ အသက်သွင်းတဲ့ ၂၀၂၄ ခုနှစ်နောက်ပိုင်းမှ ဖြစ်ပွားလာတာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် သက်တမ်းနဲ့အမျှ အတိုင်းအတာတခုထိ ရှိနေခဲ့တာဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်ပွားနေတာနဲ့အမျှ ထိခိုက်ကျဆုံးမှုတွေ ရှိနေတာကြောင့် စစ်တပ်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်စတဲ့ လက်နက်ကိုင် အဖွဲ့အသီးသီးမှာ စစ်သားအင်အားပြည့်မီအောင် နည်းအမျိုးမျိုးနဲ့ စုဆောင်းခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်သည်အင်အား အသည်းအသန် လိုအပ်နေချိန်မဟုတ်ခဲ့ရင် မိမိတို့ လူမျိုး၊ မိမိတို့ ဘာသာစကားပြောဆိုတဲ့ ဒေသခံတွေကို စုဆောင်းခဲ့ကြတာ ဖြစ်ပြီး အမျိုးသားရေး ရှုထောင့်ကနေလည်း စစ်သည်အင်အားစုဆောင်းကြတဲ့ သဘောဖြစ်ပါတယ်။ ဥပမာအားဖြင့် ရှမ်း၊ ကချင်၊ ပအို့ဝ်၊ ကရင်၊ မွန်၊ တအာင်းပလောင် အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေအနေနဲ့ ပထမဦးစားပေးက လူမျိုးတူတဲ့ဒေသခံတွေကို စုဆောင်းတာဖြစ်ပြီး ဒုတိယအနေနဲ့တော့ ၄င်းတို့ ထိန်းချုပ်ထားရာနယ်မြေတွေမှာ အခြေစိုက်နေထိုင်ကြတဲ့ အခြားလူမျိုးတွေကိုလည်း စုဆောင်းတာမျိုး ဖြစ်ပါတယ်။ ကချင်လက်နက်ကိုင်အဖွဲ့က ၄င်းတို့ထိန်းချုပ်နယ်မြေမှာ ရှိတဲ့ ရှမ်းနီဒေသခံတွေလိုမျိုးကို စုဆောင်းတဲ့ သဘောမျိုး ဖြစ်ပါတယ်။ 

မိမိတို့ ထိန်းချုပ်ရာဒေသမှာ နေထိုင်တဲ့ အခြားလူမျိုးဒေသခံတွေကို စစ်သားစုဆောင်းရာမှာတော့ အဆိုပါလူမျိုးစုအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းထားတာရှိခြင်း မရှိခြင်း အဲဒီလက်နက်ကိုင်နဲ့ မိမိတို့ လက်နက်ကိုင်အဖွဲ့ရဲ့ ဆက်ဆံရေး စတာတွေကိုတော့ ထည့်သွင်းစဥ်းစားကြရတာမျိုးလည်း ဖြစ်ပါတယ်။ 

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နယ်မြေဒေသအများအပြား ထိစပ် ရောယှက်နေကြပေမဲ့ ကရင်လက်နက်ကိုင်အဖွဲ့ထဲ မွန်လူမျိုး များများစားစား မရှိသလို မွန်လက်နက်ကိုင်အဖွဲ့ထဲမှာလည်း ကရင်လူမျိုးများများ စားစား မရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

၁၉၈၈ ခုနှစ် အရေးတော်ပုံကာလမတိုင်ခင်၊ ပြည်ပမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်ကြတဲ့ ခေတ်မတိုင်ခင်ကာလတွေ တုန်းကတော့ အစိုးရစစ်တပ် အနေနဲ့ စစ်သားစုဆောင်းရေးကို အသည်းအသန် လုပ်ဖို့မလိုဘဲ စီးပွားရေးဖွံ့ဖြိုးမှုနည်းပါးတဲ့ ဒေသ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကြီးကြီးမားမား မရှိတဲ့ ဒေသတွေက လူငယ်အများအပြားက စစ်တပ်ထဲဝင် အမှုထမ်းကြတာကြောင့် မဖြစ်မနေ အဓမ္မစုဆောင်းတာမျိုး သိပ်လုပ်ဆောင်စရာ မလိုခဲ့ဘူးလို့ ဆိုရမှာပါ။ 

၁၉၆၀ ကနေ ၈၀ ခုနှစ်တွေအထိကာလတွေမှာ  မြို့ကြီးတွေထက် ဖွံ့ဖြိုးမှုနောက်ကျတဲ့ ဒေသတွေ ဖြစ်တဲ့ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်းတို့လို ဒေသတွေက လူငယ်အများအပြား အလုပ်အကိုင် အခွင့်အလမ်းတခုအဖြစ် စစ်မှုထမ်းအဖြစ် ဝင်ရောက်ခဲ့ကြတာတွေ့ရပါလိမ့်မယ်။ အဲဒီဆယ်စုနှစ်တွေမှာ ရခိုင်လူမျိုးနဲ့ ချင်းလူမျိုးအများအပြား စစ်တပ်ထဲမှာ တပ်သားအဆင့်ကနေ စတင်ဝင်ရောက် အမှုထမ်းခဲ့ကြတာ ဖြစ်ပါတယ်။ 

စစ်တပ်အနေနဲ့လည်း ပုန်ကန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့မရှိသေးတဲ့ တိုင်းရင်းသားလူမျိုးတွေကို ပိုဦးစားပေးစုဆောင်းခဲ့ကြတာလည်း ထင်ထင်ရှားရှား တွေ့ခဲ့ကြရပါတယ်။ ဥပမာအားဖြင့် ရှမ်း၊ ကချင်၊ ကရင်၊ မွန် တို့လို အားကောင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မရှိတဲ့ တိုင်းရင်းသားလူမျိုးတွေကို ပိုပြီးလိုလိုလားလား စုဆောင်းတာမျိုး ဖြစ်ပါတယ်။ 

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကာလပြီးနောက်မှာ စစ်တပ်ထဲဝင်ရောက်အမှုထမ်းတာကို နိုင်ငံရေးရှုထောင့်အရ မလိုလားတော့တာ၊ ပြည်ပထွက်ပြီး အလုပ်လုပ်ဖို့ လမ်းပွင့်လာတဲ့ အကြောင်းအချက်တွေကြောင့် ၈၈ ခုနှစ် မတိုင်ခင်ကာလတွေလို လွယ်လွယ်ကူကူ စစ်မှုထမ်းစုဆောင်းဖို့ မဖြစ်တော့တဲ့ အခြေအနေ ရောက်လာခဲ့ပါတယ်။ အဲဒီကာလတွေမှာ ကလေးစစ်သားစုဆောင်းမှုနဲ့ တပ်က ထွက်ခွင့်ရလိုတဲ့ သူတွေ အနေနဲ့ လူစားစုဆောင်းပေးရတဲ့ အလေ့အထတွေ စတင်လာခဲ့တာ တွေ့ရပါတယ်။ နဝတ၊ နအဖ လက်ထက်မှာ အဓမ္မစစ်သားစုဆောင်းတာ တပ်က ထွက်ခွင့်ရဖို့ အစားထိုးစုဆောင်းတာတွေက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့တာတွေ့ရပါတယ်။ 

အဲဒီကာလတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ အနေနဲ့လည်း တအိမ်တယောက် သို့မဟုတ် သားယောက်ကျား ဘယ်နှဦးရှိရင် ဘယ်လောက် စစ်ထဲဝင်ရမယ် ဆိုတဲ့ အမိန့်တွေ ထုတ်ပြန်ကာ စုဆောင်းခဲ့ကြတာကြောင့် တိုင်းရင်းသားဒေသတွေက မိသားစုတွေ အနေနဲ့ သားသမီးတွေကို စစ်မှုထမ်း အရွယ်မရောက်ခင်ကတည်းက ဗုဒ္ဓဘာသာ၊ သာသနာ့ဘောင် ဝင်ရောက်စေပြီး စာသင်ကြားစေတာတွေ လုပ်ခဲ့ကြတာတွေ့ကြရမှာဖြစ်ပါတယ်။ မန္တလေး၊ ရန်ကုန်၊ ပခုက္ကူ၊ မော်လမြိုင်၊ ပဲခူး၊ ပြည် တို့လိုမြို့ကြီးတွေမှာ ပရိယတ္တိ ဘုန်းတော်ကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေမှာ သာသနာ့ဘောင်ဝင်နေကြတဲ့ တိုင်းရင်းသားနယ်မြေတွေက ကိုရင်၊ ဘုန်းကြီး၊ သီလရှင် အများအပြားတွေ့ကြရမှာ ဖြစ်ပြီး ယခုတိုင်လည်း အဆိုပါ ရေစီးကြောင်းက တွေ့မြင်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ 

 ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာတော့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ဗမာလူမျိုးတွေ နေထိုင်တဲ့ နယ်မြေတွေမှာရော တိုင်းရင်းသား ဒေသတွေမှာပါ အသီးသီးပေါ်ထွက်လာကြသလို ပြည်တွင်းစစ်မီးက အရှိန်အဟုန်ပြင်းစွာနဲ့ ပြန်လည် တောက်လောင်လာခဲ့တာကြောင့် စစ်တပ်ကရော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေပါ စစ်အင်အားတိုးချဲ့ဖို့ အခြေအနေ ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ စစ်တပ် အနေနဲ့ နိုင်ငံရေးအရ လူကြိုက်များမှု အနိမ့်ဆုံးရောက်နေချိန် စစ်သားအင်အားစုဆောင်းရမယ့် အနေအထားမျိုး ဖြစ်ပြီး တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအဖို့တော့ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် စစ်တပ်ကိုဆန့်ကျင် တိုက်ခိုက်မယ့် အဖွဲ့တွေအဖို့ အားစိုက်စရာမလိုဘဲ တဖွဲဖွဲ ဝင်ရောက်လာကြတဲ့ အခြေအနေမျိုးက ၂၀၂၁ ကနေ ၂၀၂၄/၂၅ ခုနှစ်တွေအထိလို့ ဆိုနိုင်ပါတယ်။ 

၂၀၂၁ နှစ်လယ်ပိုင်း ကာလကနေ ၂၀၂၄ ခုနှစ်တွေအထိ ပြည်တွင်းစစ်မီး အရှိန်အဟုန် တောက်လျှောက်မြင့်တက်လာခဲ့သလို စစ်မှုထမ်းအဖြစ်က ထွက်ပြေးတာ၊ သေဆုံးမှုနဲ့ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းပြီး စစ်မှုမထမ်းနိုင်တော့တဲ့ အဖြစ်တွေက နှစ်ဖက်စလုံးက လက်နက်ကိုင် တပ်ဖွဲ့တွေအဖို့ အနည်းနဲ့အများဆိုသလို ကြုံတွေ့လာကြရတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေက အာဏာသိမ်းစစ်တပ်အဖို့ လိုအပ်တဲ့ လူအင်အားရဖို့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းဖို့ ဖြစ်လာစေတာ ဖြစ်ပါတယ်။ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း အာဏာသိမ်းစစ်တပ်လို အခြေအနေမျိုး မဟုတ်ပေမဲ့ ထိခိုက် ပြုန်းတီးမှု အင်အားတွေအတွက် လိုသလောက် စုဆောင်းနိုင်ဖို့ အခက်အခဲတွေ ရှိလာနေတာကို သတင်းဖြစ်ရပ်တွေကို လေ့လာကြည့်ရင် သိရှိနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ 

စစ်အာဏာရှင်တပ်က စစ်သားစုဆောင်းမှုက မြို့ကြီးတွေမှာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စတဲ့ ပြဿနာပေါင်းစုံနဲ့ ယှက်နွယ်လာတာ တွေ့ရသလို စစ်တပ်နဲ့ အုပ်ချုပ်ရေးယန္တရား၊ ရဲတပ်ဖွဲ့အားလုံးကို အဂတိလိုက်စားမှု၊ ငွေညှစ်မှုတွေထဲ ကျရောက်စေပြီး ပြည်သူလူထုအဖို့ စစ်ပွဲထဲ ဆွဲသွင်းခံရတာအပြင် ငွေကြေး ကျပ်သိန်းဆယ်ကနေ ရာနဲ့ချီပေးရတဲ့ အဖြစ်တွေ နဲ့ ဘယ်ခေတ်ဘယ်ကာလ တုန်းကမှ မကြုံဖူးတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်ဘက်က အဓမ္မစစ်မှုထမ်း စုဆောင်းတဲ့ ကိစ္စတွေအပြင် တိုင်းရင်းသားဒေသအချို့မှာ အဓမ္မစစ်မှုထမ်း စုဆောင်းမှုတွေကနေ ပြဿနာတွေ ရင်ဆိုင်ကြုံတွေ့လာကြရတာတွေလည်း သတင်းတွေထဲ ကြားသိလာကြရပါတယ်။ 

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရဲ့ ဒေသအချို့ တို့မှာ စစ်မှုထမ်းဖို့ အမိန့်နဲ့ ဆင့်ခေါ်တာ၊ အခြားသော တိုင်းရင်းသား လူမျိုးနွယ်တွေကို စုဆောင်းရာက မကျေနပ်မှုတွေ ထွက်ပေါ်လာတဲ့ သတင်းတွေ ကြားသိလာနေရတာလည်း ဖြစ်ပါတယ်။ 

ဘယ်လို စုဆောင်းသလဲ၊ ပြည်သူလူထုရဲ့ အခြေအနေကို နားလည်သဘောပေါက်ပြီး စည်းရုံးစုဆောင်းသလား၊ အမိန့်နဲ့ စုဆောင်းသလား၊ လူမျိုးစုအပေါ် အခြေခံဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ မတူတဲ့လူမျိုးတွေကို စုဆောင်းရာမှာရင်ဆိုင်ရမယ့် ပြဿနာတွေ စတဲ့ အခြေအနေတွေက ပြည်တွင်းစစ် အရှိန်မြင့်တက်လာနေတာနဲ့အမျှ လက်နက်ကိုင် အဖွဲ့တိုင်းအနေနဲ့ ရင်ဆိုင်လာကြရမယ့် စိန်ခေါ်မှုကြီးတရပ် ဖြစ်လာမှာ အသေအချာပင် ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar