လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၆)
နိုင်ငံတကာအခင်းအကျင်းသစ်များ (၆)
လှကျော်ဇော
မိုးမခ ၊ ဇွန် ၂၁ ၊ ၂၀၂၆
ရှန်ဂရီလာ ဆွေးနွေးပွဲ
၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်မှ ၃၁ ရက်အထိ စင်ကာပူမှာ ကျင်းပခဲ့တဲ့ ၂၃ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲ (Shangri-La Dialogue) ဟာ ကမ္ဘာ့အခြေအနေ တင်းမာမှုတွေကြားမှာ အဓိကကျတဲ့ လုံခြုံရေးဆွေးနွေးပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ နှစ်စဉ် ကျင်းပနေကျ ဆွေးနွေးပွဲတစ်ခုပါ။
ဒီနှစ် အစည်းအဝေးကို နိုင်ငံပေါင်း ၄၄ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ အဲဒီထဲမှာ ဝန်ကြီးအဆင့် ကိုယ်စားလှယ်များနဲ့ ကာကွယ်ရေးဦးစီးချုပ်အဆင့် ကိုယ်စားလှယ်များ ပါဝင်ပါတယ်။
ဒီအထဲမှာ ထင်ရှားတဲ့ ပါဝင်သူများကတော့ -
၁။ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ တိုလမ် (To Lam) က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ သူက စစ်ရေးတင်းမာမှုကို အလေးပေး အာရုံစိုက်ရမှာ ဖြစ်ပေမဲ့ တခြားပြဿနာတွေဖြစ်တဲ့ ကူးသန်းရောင်းဝယ်ရေး၊ ထောက်ပံ့ရေးကွင်းဆက်၊ စွမ်းအင်၊ နည်းပညာနဲ့ ရာသီဥတုပြောင်းလဲမှုတို့ကိုလည်း ဂရုစိုက်ဖို့၊ အားလုံးဟာ ဘက်စုံလုံခြုံရေးရဲ့ အစိတ်အပိုင်းတွေသာဖြစ်ကြောင်း သတိပေးသွားပါတယ်။
၂။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပက်ဟက်ဂ်ဆက် (Pete Hegseth)
၃။ အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ်-ဟော်တာ (Dr. José Ramos-Horta)
၄။ ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအီဇူမီ ရှိန်ဂျီရို (Shinjiro Koizumi)
၅။ ဩစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချတ် မားလ်စ် (Richard Marles) နှင့်
၆။ ကာတာဒုဝန်ကြီးချုပ် တို့ ဖြစ်ကြပါတယ်။
တရုတ်နိုင်ငံကတော့ တရုတ်ကာကွယ်ရေးဝန်ကြီး ကိုယ်တိုင် မတက်ရောက်နိုင်ပေမဲ့ အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှ မေဂျာဂျင်နရယ် မိန်းရှန်ချင်း (Major General Meng Xiangqing) ဦးဆောင်တဲ့ အဆင့်မြင့်ပညာရှင် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
ဒီနှစ် အစည်းအဝေးရဲ့ အထူးခြားဆုံးအချက်ကတော့ အမေရိကန်ရဲ့ ပြောဆိုပုံလေသံ ပြောင်းလဲလာမှုနဲ့အတူ ဒေသတွင်းနိုင်ငံတွေရဲ့ "ကိုယ့်အားကိုယ်ကိုး ယုံကြည်မှု" မြင့်တက်လာခြင်းပဲ ဖြစ်ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပက်ဟက်ဂ်ဆက်က ဆွေးနွေးပွဲမတိုင်ခင် နှစ်ပတ်အလိုက ကျင်းပခဲ့တဲ့ အမေရိကန်-တရုတ် ထိပ်သီး (ထရန့်-ရှီကျင့်ဖိန်) အစည်းအဝေးကို "သမိုင်းဝင်" လို့ ချီးကျူးခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးဟာ "လွန်ခဲ့တဲ့ နှစ်များစွာကထက် ပိုကောင်းမွန်လာတယ်"လို့ ပြောကြားခဲ့ပါတယ်။ တရုတ်စစ်တပ်နဲ့ အမေရိကန်စစ်တပ်အကြားမှာလည်း ပုံမှန်ဆက်ဆံရေးလမ်းကြောင်း ဖွင့်ပြီးပြီလို့လည်း ပြောသွားပါတယ်။
အထူးသဖြင့် ထိုင်ဝမ်ကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ မိန့်ခွန်းထဲမှာ လုံးဝမဖော်ပြခဲ့တာဟာ (၄-၅ ကြိမ်မက ဖော်ပြလေ့ရှိဖူးတဲ့) အရင့်အရင် နှစ်များနဲ့မတူတဲ့ အပြောင်းအလဲတရပ်ပါပဲ။ ဒီအချက်က တရုတ်အတွက် အဓိက အရေးပါတဲ့ သဘောတူညီချက်တစ်ခု (အောင်မြင်မှုတစ်ခု) အဖြစ် ရှုမြင်ခံရပါတယ်။
နောက်ထူးခြားချက်များကတော့ -
၁။ အာရှဒေသရဲ့ "မဟာဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်" ရှာဖွေမှုပါ။ အမေရိကန်ကို အလွန်အမင်း မှီခိုနေရခြင်းဟာ အန္တရာယ်များတယ်ဆိုတဲ့ အသိများ ပေါ်ပေါက်လာတာကြောင့် အင်ဒိုနီးရှား၊ ဂျပန်နဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတွေဟာ သူတို့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့နဲ့ မိတ်ဖက်အသစ်များ ရှာဖွေဖို့ ကြိုးစားတာ တွေ့နေရပါတယ်။ ဥပမာ- အင်ဒိုနီးရှားနဲ့ အမေရိကန် ကာကွယ်ရေးသဘောတူညီချက် ချုပ်ဆိုခြင်း၊ အိန္ဒိယ-ရုရှား ပူးတွဲတည်ဆောက်ထားတဲ့ ဘရာမို့စ် (BrahMos) ဒုံးတွေ ဖိလစ်ပိုင်က ဝယ်ယူခြင်း စသဖြင့်။
၂။ ဂျပန်ရဲ့ စစ်ရေးအခန်းကဏ္ဍ ပြန်လည်ပေါ်ထွက်လာမှုအပေါ် တရုတ်ရဲ့ ပူပန်လာမှုများနဲ့ စွပ်စွဲချက်များကို ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအီဇူမီက ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပြီး အနောက်ပစိဖိတ်ဒေသမှာ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်ရှိတဲ့ "အဓိက တိုင်တစ်တိုင်" အနေနဲ့ ဂျပန်ရပ်တည်ဖို့ လိုအပ်ကြောင်း ခုခံပြောကြားခဲ့ပါတယ်။
၃။ ပင်လယ်ရေအောက် အခြေခံအဆောက်အအုံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအသစ်။ စင်ကာပူက ဦးဆောင်ပြီး နိုင်ငံပေါင်း (၁၇) နိုင်ငံက "ပင်လယ်ရေအောက် အခြေခံအဆောက်အအုံ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်မူများ (GUIDE)" ကို စတင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီမှာ ထူးခြားချက်ကတော့ ဒီအစီအစဉ်ကို အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံး မပါဝင်ဘူး ဆိုတာပါ။ ဒါဟာ အလယ်အလတ်နဲ့ အသေးစားနိုင်ငံတွေက အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးမှုနဲ့ ကင်းကွာတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးကို စတင် ဖန်တီးနိုင်တယ်ဆိုတာ ပြသလိုက်တာပါပဲ။
ဒါတွေအပြင် အမေရိကန်-တရုတ် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များရဲ့ အပြောအဆိုများဟာ ယခင်နှစ်များထက် သိသိသာသာ အပြုသဘောဆောင်လာပြီး တင်းမာမှုများ လျော့ကျလာလို့ အာဆီယံနိုင်ငံများ အပါအဝင် ဒေသတွင်း နိုင်ငံငယ်များအတွက် "ဘယ်ဘက်လိုက်ရမလဲ" ဆိုတဲ့ ဖိအားကို သက်သာစေတဲ့ အချက်တစ်ချက် ဖြစ်သွားခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ ကမ္ဘာ့တင်းမာမှုတွေကို ရောင်ပြန်ဟပ်ပြတဲ့ အချက်တွေလည်း တွေ့ရပါတယ်။
၁။ အရှေ့အလယ်ပိုင်းစစ်ပွဲ၏ စီးပွားရေးသက်ရောက်မှု။ အီရန်နဲ့ အစ္စရေးတို့ရဲ့ ပဋိပက္ခ (ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရမှု) ဟာ အာရှရဲ့ စွမ်းအင်ထောက်ပံ့မှုကို ဆိုးရွားစွာ ထိခိုက်စေပြီး တစ်ဆက်တည်း စီးပွားရေးများကိုလည်း ထိခိုက်စေနိုင်တဲ့အကြောင်းတွေ ဆွေးနွေးတာတွေ တွေ့ရပါတယ်။
၂။ ဥရောပစစ်ပွဲ (ယူကရိန်း) ၏ သက်ရောက်မှု။ ယူကရိန်းစစ်ပွဲဟာ အနောက်နိုင်ငံတွေရဲ့ စစ်ရေးအရင်းအမြစ်တွေကို စုပ်ယူနေတာကြောင့် အာရှဒေသအတွက် အမေရိကန်ရဲ့ အာရုံစူးစိုက်မှု လျော့နည်းသွားနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
၃။ နည်းပညာပြိုင်ဆိုင်မှု ပြင်းထန်လာမှု။ AI နဲ့ ဆိုက်ဘာလုံခြုံရေးဟာ အခုအခါ စစ်ရေးပဋိပက္ခလောက်ကို ခြိမ်းခြောက်နိုင်တဲ့ အင်အားတစ်ခုအဖြစ် ဆွေးနွေးခံလာရပါတယ်။ ဗီယက်နမ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းမှာ AI ကို လူသားတွေ ထိန်းချုပ်နိုင်ဖို့ လိုအပ်ကြောင်း အထူးတလည် သတိပေးခဲ့ပါတယ်။
အနှစ်ချုပ်ဆိုရရင် ၂၀၂၆ ရှန်ဂရီလာ ဆွေးနွေးပွဲဟာ အမေရိကန်-တရုတ် ဆက်ဆံရေး ပူနွေးလာမှုကြောင့် အပြောအဆို ပျော့ပျောင်းလာပေမဲ့ အမေရိကန်ရဲ့ ဦးဆောင်နိုင်မှုအပေါ် ယုံကြည်မှု လျော့ကျလာတဲ့အတွက် အာရှနိုင်ငံတွေဟာ ကိုယ့်အားကိုယ်ကိုး ယုံကြည်မှု (Self-reliance) ကို ပိုပြီး အလေးထားလာတဲ့ အစည်းအဝေးတစ်ခုလို့ ဆိုနိုင်ပါတယ်။
လှကျော်ဇော
၁၃-၆-၂၀၂၆။
-
လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၁)
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar