Breaking News

အာဏာသိမ်းစစ်တပ် အစိုးရရဲ့ ဝါဒဖြန့်ချိရေး ဗျူဟာသစ်

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁၀ မြင်ကွင်း

(မိုးမခ) ဇွန် ၁၁ ၊ ၂၀၂၆

အာဏာသိမ်းစစ်တပ် အစိုးရရဲ့ ဝါဒဖြန့်ချိရေး ဗျူဟာသစ် 

အာဏာသိမ်းစစ်အစိုးရကနေ လွတ်လပ်မျှတမှုမရှိတဲ့ ရွေးကောက်ပွဲကျင်းပပြီး အများက ထင်မြင်ယူဆထားတဲ့အတိုင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတရာထူးရယူပြီးဖွဲ့စည်းခဲ့တဲ့ အစိုးရဟာ ဧပြီလ ဆန်းမှာ  အစိုးရဖွဲ့စည်းခဲ့ပြီး ၄င်းတို့ရဲ့ သတင်းအချက်အလက် နဲ့ ဝါဒဖြန့်ချိရေး ဗျူဟာသစ်တွေကို လုပ်ဆောင်လာတာ တွေ့ရပါတယ်။ 

ယခင် အစိုးရ ၂ ဆက်လက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာန၊ တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့၊ သမ္မတရုံး သို့မဟုတ် နိုင်ငံတော် အတိုင်ပင်ခံရုံးတို့ရဲ့ ပြောခွင့်ရှိသူ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် စတဲ့ ရာထူးနေရာတွေ ဖန်တီးပြီး ပြောရေးဆိုခွင့်ရှိသူ spokesperson ကို ခန့်အပ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဦးသိန်းစိန် အစိုးရလက်ထက်မှာ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၊ NLD အစိုးရလက်ထက်မှာ သမ္မတရုံးနဲ့ အာဏာလွှဲပြောင်းယူပြီး မကြာခင် ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် စတဲ့တာဝန်ယူခဲ့သူ ဦးဇော်ဌေး၊ အဲဒီကာလမှာ စစ်တပ်ဘက်မှာတော့ တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ ကို ခေါင်းဆောင်ခဲ့တဲ့ စစ်တပ်ရဲ့ ကကပြည်လို့ အတိုကောက်ခေါ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနက ညွှန်ကြားရေးမှူး စတဲ့သူတွေက သတင်းမီဒီယာရဲ့ မေးမြန်းမှုကို ဖြေကြားတာ၊ သတင်းစာရှင်းလင်းပွဲတွေ ကျင်းပပြီး ထုတ်ပြန်တာ မေးခွန်းဖြေကြားတာတွေ လုပ်ဆောင်ခဲ့ကြတာပါ။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ စစ်တပ်က ဖွဲ့စည်းတဲ့ စစ်ကောင်စီ တနည်းစစ်အစိုးရဟာ အစိုးရအဖွဲ့ဆိုတာနဲ့ စစ်တပ်က တခုထည်းဖြစ်တာကြောင့် စစ်တပ်ရဲ့ သတင်းမှန်ထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (လူအများက ဇော်မဲလုံးလို့ ခေါ်ဆိုကြ) ကို အဓိက သတင်းမီဒီယာကို ဖြေကြားသူ၊ သတင်းထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ ဖြေကြားသူ၊ နိုင်ငံတကာ သတင်းဌာနတချို့နဲ့ မေးမြန်းခန်းတွေကို စစ်အစိုးရကိုယ်စား ဖြေကြားသူ အဖြစ်နဲ့ တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ 

အညာသားလည်းဖြစ်ပြီး စကားအနိုင်လုပြောတတ်သူ၊ ကတ်သီးကတ်သတ် ပြောတတ်သူ ဆန့်ကျင်ဘက်ကို နစ်နာစေမဲ့ စကားလုံးအသုံးအနှုန်းတွေ သုံးတတ်သူအဖြစ် သိရှိကြပြီး စစ်တပ်ရဲ့ လူ့အခွင့်အရေး ကျူးလွန်မှုတွေ၊ အာဏာသိမ်းမှုတွေကို တရားသဖြင့် လုပ်တဲ့ လုပ်ရပ်ဖြစ်အောင် လျှာအရိုးမရှိသလို ပြောတတ်သူအဖြစ် အများက သတ်မှတ်ယူဆထားသူဟာ ယခုနှစ် မတ်လ အတွင်းမှာ တင်ဒါကိစ္စတခုနဲ့ပတ်သက်လို့ အရေးယူခံရပြီး တာဝန်တွေအားလုံးကနေ အနားပေးခံရကာ သူ့ရာထူးတာဝန်ကို အစားဝင်တဲ့ ကကပြည်ရဲ့  ညွှန်ကြားရေးမှူး ဖြစ်သူက သတင်းမီဒီယာတွေနဲ့ ထိတွေ့ဆက်ဆံတာ မေးခွန်းဖြေကြားတာတွေ လုပ်ဆောင်တာတွေ မတွေ့ရှိရသေးတာ ယခုကာလထိတိုင်ပဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကုန်နဲ့ ယခုနှစ်ဆန်းမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲပြီးတဲ့နောက် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် အများစုနဲ့ လွှတ်တော်ကို မတ်လမှာ ခေါ်ယူပြီး ဧပြီလဆန်း သင်္ကြန်မတိုင်ခင်မှာ သမ္မတ ရွေးချယ်တာ လုပ်ဆောင်ပြီးနောက် အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ 

ဒီ စစ်ခေါင်းဆောင်တွေ ဦးဆောင်တဲ့အစိုးရ အဖွဲ့သစ်အနေနဲ့ သတင်းမီဒီယာတွေကို ဖြေကြားမဲ့သူ ခန့်အပ်တာမရှိသေးတဲ့အပေါ် သတင်းမီဒီယာနဲ့ အခြားသော နိုင်ငံရေးလေ့လာသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဝေဖန်ပြောဆိုနေခဲ့ကြတာ တွေ့ရပါတယ်။ 

အဲဒီရက်ပိုင်းအတွင်းမှာပဲ စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဥ်က အပြန်မှာ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ဒုဝန်ကြီးဖြစ်တဲ့ ဒေါက်တာခိုင်ခိုင်စိုးကို တာဝန်ပေးပြီး သတင်းမီဒီယာတွေကို ဖြေကြားစေခဲ့တာ တွေ့ရပါတယ်။ 

အဲဒီလိုဖြေကြားရာမှာ PPIB လို့ အတိုကောက်ခေါ်ဆိုတဲ့ Presidential Press and Information Bureau လို့ အမည်ပေးထားတဲ့ သတင်းပြန်ကြားရေးအဖွဲ့သစ်ကိုလည်း သတိပြုမိစေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၊ ရုရှားနိုင်ငံတို့လိုမှာ ဖွဲ့စည်းတာဝန်ပေးလေ့ရှိတဲ့ သမ္မတရုံး သတင်းနဲ့ ပြန်ကြားရေးဗျူရို ဆိုတဲ့ အသုံးအနှုန်းနဲ့ မင်းအောင်လှိုင်အစိုးရက ဖွဲ့စည်းခဲ့တာ တွေ့ရပါတယ်။ 

အစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေးနဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာနကို တာဝန်ပေး လုပ်ဆောင်စေတာထက် ယခင်က သမ္မတရုံးရဲ့ အောက်မှာ မရှိခဲ့တဲ့ သတင်းနဲ့ပြန်ကြားရေးဗျူရို ဆိုတာကို ဖွဲ့စည်းပြီး အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို ဝါဒဖြန့်ဖို့ သတင်းဌာနတခုသဖွယ် သီးခြားဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ 

သမ္မတရဲ့ လုပ်ဆောင်မှုတွေကို သီးသန့် သတင်းအဖြစ် ဖော်ပြဖို့အတွက် လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းတွေ ဖြစ်တဲ့ Telegram နဲ့ TikTok တို့မှာ အဆိုပါ @t.me/ppibofficial ဆိုတဲ့ ချန်နယ်တွေ ဖွင့်ပြီး မေလ ၁ ရက်နေ့က စတင်ပြီး သမ္မတရဲ့ ခရီးစဥ်၊ တွေ့ဆုံမှုအစရှိတဲ့ ဝါဒဖြန့်သတင်းတွေနေ့စဥ် ဖော်ပြနေတာ တွေ့ရပါတယ်။ 

ခုရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာချန်နယ်မှာ ဖော်ပြထားတာတခုက တရုတ်သံအမတ်ဖြစ်သူနဲ့ PPIB က အမျိုးသမီး အင်တာဗျူးမေးမြန်းသူတို့ ရဲ့ အင်တာဗျူးလည်း တွေ့ရပါတယ်။ အခုလို PPIB သတင်းပြန်ကြားရေးကို Facebook လို ပလက်ဖောင်းမှာတော့ ပေ့ချ်ဖွင့်လှစ်တာ မတွေ့ရသေးပေမဲ့ စစ်တပ်နဲ့ စစ်အစိုးရတို့ရဲ့ ဝါဒဖြန့်ချိမှုတွေကို ဖယ်ရှားခြင်း မရှိတဲ့ Telegram လို TikTok လို ပလက်ဖောင်းမှာ နေ့စဥ် တင်ပြနေတာတွေ့ကြရမှာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်နဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်တာတွေကိုတော့ တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဆက်လက် ဝါဒဖြန့် ဖြန့်ချိတာတွေ ဆက်လက်လုပ်ဆောင်ကောင်း လုပ်ဆောင်လိမ့်မယ်လို့ ယူဆရပြီး သမ္မတ မင်းအောင်လှိုင်နဲ့  အစိုးရအဖွဲ့နဲ့ ပတ်သက်တာတွေကိုတော့ အခုအသစ် ဖွဲ့စည်းထားတဲ့ ပလက်ဖောင်းတွေကနေ ဝါဒဖြန့် ဖြန့်ချိလိမ့်မယ်လို့ မှန်းဆရပါတယ်။ 

အခု မင်းအောင်လှိုင် အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးဖြစ်သူဟာ အရင် သတင်းထုတ်ပြန်ရေး ဝါဒဖြန့်ချိရေးတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိတဲ့သူ ဖြစ်ပြီး ဒုဝန်ကြီး အဖြစ် ဆက်လက်တာဝန်ပေးခံရသူ ဦးရဲတင့်ဟာလည်း ပြောရေးဆိုခွင့်ရှိသူ အနေအထားမျိုးမှာ သတင်းမီဒီယာနဲ့ ထိတွေ့ဆက်ဆံတဲ့ အတွေ့အကြုံ ရှိသူ တဦးမဟုတ်ပါဘူး။ 

ဒီအခင်းအကျင်းတွေက မင်းအောင်လှိုင် အစိုးရရဲ့ သတင်းပြန်ကြားရေး ၊ သတင်းမီဒီယာဆက်ဆံရေးနဲ့ ပတ်သက်တဲ့ မဟာဗျူဟာ အပြောင်းအလဲတွေ ဖြစ်ပြီး ပြီးခဲ့တဲ့ ၅ နှစ်တာကာလ စစ်ကောင်စီလက်ကလို စစ်တပ်ကို အခြေပြုပြီး ဝါဒဖြန့်တာ စစ်ဗိုလ်ချုပ်က ပြောရေးဆိုခွင့်ရှိသူ အနေအထားကနေ အပြောင်းအလဲ လုပ်လိုက်တာလို့ ခန့်မှန်းနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar