နန္ဒအောင် - မဂ္ဂဇင်းတွေကပြောပြတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း
မဂ္ဂဇင်းတွေကပြောပြတဲ့
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း
နန္ဒအောင်
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၆
လူမှုကွန်ရက် ( Facebook ) စာမျက်နှာပေါ်မှာ ဆရာကြီးတစ်ယောက်က နေ့စဉ်ထုတ် သတင်းစာစောင်တစ်စောင်က ၇၉ နှစ်မြောက် အာဇာနည်နေ့လိုနေ့မျိုးမှာ အာဇာနည်နေ့အကြောင်း ဘာမှမပါတာကို ထောက်ပြဝေဖန်ထားတာတွေ့ရပါတယ်။ သတင်းစာဆိုတာ ခေတ်ကိုသမိုင်းမှတ်တမ်းတင်နေတာမလား။ သတင်းစာအကြောင်းကို အမျိုးမျိုးအဓိပ္ပာယ် ဖွင့်ဆိုကြပါလိမ့်မယ်။ ဘယ်လိုပဲဖွင့်ဆိုကြပါစေ၊ သတင်းစာဆိုတာ စာဖတ်ပရိသတ်ကို သုတရသ၊ အချက်အလက် မှတ်တမ်းမှတ်ရာ သမိုင်းအဖြစ်အပျက်တွေကို တင်ပြနေကြတာမလား။
ဆရာကြီးတစ်ယောက်ထောက်ပြဝေဖန်တဲ့ နေ့စဉ်ထုတ် သတင်းစာစောင်ထဲက မျက်နှာဖုံး၊ ခေါင်းကြီး၊ အထူးဆောင်းပါးတွေထဲမှာ အာဇာနည် ခေါင်းဆောင်ကြီးတွေနဲ့ အာဇာနည်နေ့ရဲ့ အငွေ့အသက်တွေ မတွေ့ရပါဘူး။ ဘယ်လို အကြောင်းအရင်းတွေကြောင့်ပါလဲ။
အာဇာနည် ခေါင်းဆောင်ကြီးတွေနဲ့ အာဇာနည်နေ့အကြောင်းတွေ မတွေ့ရတာကပဲ ဒီဆောင်းပါးကို ရေးဖို့ဖြစ်လာပါတယ်။ ကိုယ်ဆီမှာ ရှိတဲ့ စာနယ်ဇင်း အဟောင်းတွေကို ပြန်ပြီး လှန်လှောကြည့်မိတယ်။ စာကြည့်တိုက်သွားပြီး စာနယ်ဇင်းအဟောင်းတွေကို လှန်လှောကြည့်မိတယ်။ ကိုယ်လက်လှမ်းမီတဲ့ ကိုယ့်အိမ်က စာအုပ်တွေနဲ့ စာကြည့်တိုက်မှာက မဂ္ဂဇင်းတွေပဲ ရှိပါတယ်။ သတင်းစာ၊ ဂျာနယ်တွေက မရှိဘူး။ မဂ္ဂဇင်းအဟောင်းတွေကိုပဲ ရှာဖွေ ဖတ်ကြည့်ပါတယ်။
အထူးသဖြင့် “ ဇူလိုင်လ ” ထုတ်တွေပေါ့။ ဇူလိုင်လထုတ် မဂ္ဂဇင်း / စာစောင်တွေမှာ အာဇာနည်နေ့အကြောင်း၊ အာဇာနည် ခေါင်း ဆောင်ကြီးတွေအကြောင်းကိုရှာဖွေကြည့်မိတယ်။ တချို့ မဂ္ဂဇင်းတွေမှာ အာဇာနည်နေ့နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေအကြောင်း တွေ့ရတယ်။ တချို့ မဂ္ဂဇင်းတွေမှာတော့ မတွေ့ရပါဘူး။ ဇူလိုင်လထုတ် မဂ္ဂဇင်းအဟောင်းတွေမှာ အများဆုံးတွေ့ရတဲ့ အကြောင်းအရာက “ ဗိုလ်ချုပ်အောင်ဆန်း ” အကြောင်းပါ။ ဒါကြောင့်မလို့ ကျွန်တော့်ဆောင်းပါး “ မဂ္ဂဇင်းတွေက ပြောပြတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ” လို့ ခေါင်းစဉ်တပ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောပြတဲ့ မဂ္ဂဇင်းတွေဆိုတာ ရေတွက်လို့ မရနိုင်အောင်ကို များလွန်းပါတယ်။ ကျွန်တော် ရေးမဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပြောပြနေတဲ့ မဂ္ဂဇင်းတွေကတော့ ( ၄ ) အုပ်တည်းပါ။ အတွေးအမြင် ၊ မိုးမခ၊ နွယ်နီနဲ့ ချင်းတွင်း မဂ္ဂဇင်းတွေပါ။
အတွေးအမြင် မဂ္ဂဇင်း အမှတ် ၂၃၂ ၊၂၀၁၁ ဇူလိုင်လထုတ်မှာ ‘ ဗိုလ်ချုပ်အောင်ဆန်း၏ သရက်ချောင်းရွာမိန့်ခွန်း ’ နဲ့ ‘ အောင်ဆန်းစစ်တပ်- တိုင်းပြည်၏မျှော်လင့်ချက် ’ ဆောင်းပါးတို့ဖော်ပြထားပါတယ်။
‘ ဗိုလ်ချုပ်အောင်ဆန်း၏ သရက်ချောင်းရွာမိန့်ခွန်း ’ ကို ၁၉၇၁ စာပေဗိမာန်ထုတ် “ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ ” ထဲမှ ကောက်နုတ်ဖော်ပြထားတယ်လို့ သိရပါတယ်။ ဖက်ဆစ် ဂျပန်ခေတ်မှာ စစ်ဝန်ကြီးနဲ့ စစ်သေနာပတိ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုံးက တိုင်းအမှတ် ၇ နယ်မြေဖြစ်တဲ့ သရက်ခရိုင်မှာ ဖွင့်လှစ်ထားတာပါ။ ၁၉၄၅ ခု၊ မေလ ၁၀ ရက်နေ့မှာ သရက်ခရိုင်၊ ကမ္မမြို့အပိုင်၊ သရက်ချောင်းရွာမှာ တပ်စခန်းချနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းက စစ်ဌာနချုပ် စခန်းရှိ အရာရှိ အကြပ်တပ်သားတွေကို ညနေ ၅ နာရီမှာ တန်းစီစေပြီး တော်လှန်ရေးကာလအတွင်း အပြတ်သားဆုံးဖြစ်တဲ့ မိန့်ခွန်းကို ပြောကြားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကို ကူးယူဖော်ပြပါ့မယ်။
ရဲဘော်တို့ ... ။
ဒီနေ့ ရဲဘော်တို့ကို ဘာလို့ တန်းစီခိုင်းရသလဲဆိုရင် အားလုံးရဲဘော်တွေရော ... ဗိုလ်ကြီးတွေ ... ဗိုလ်မှူးတွေဆိုတဲ့ ခေါင်းဆောင်ပိုင်းကပါ တာဝန်ယူ ထမ်းဆောင်ကြတဲ့ နေရာမှာ တော်တော့်ကို ပေါ့ဆဆ လုပ်နေကြတာကို တွေ့ရမြင်ရ ကြားရလို့ပဲ။
ပွဲဦးထွက် တော်လှန်ရေး အောင်ပွဲလေးတွေကို ရခဲ့ပြီး၊ အဲဒီ အောင်ပွဲလေးတွေ ဆင်နွှဲခဲ့နိုင်တာလောက်ကို တကယ့်အောင်ပွဲကြီးတွေလို့ ထင်ပြီး အဲဒီအောင်ပွဲတွေ အပေါ်မှာ မိန်းမောနေတာ တွေ့ရတယ်။ ကိုယ့်ကိုယ်ကို ကိုယ်အထင်ကြီးပြီး ဘဝင်မြင့်နေတာ တွေ့ရတယ်။ ရဲဘော်တို့ ... ဒီလို မိန်းမောနေရင်၊ အထင်ကြီးနေရင် မှားမယ်လို့ ရဲဘော်တို့ကို တိတိကျကျ ပြောရဲတယ်။
တချို့ကလည်း ဒီတော်လှန်ရေး ပြီးရင် “ ပြီးပြီ ” လို့ ထင်တဲ့ လူတွေက ထင်သေးတယ်။ ဒါတင်မကသေးဘူး။ အင်္ဂလိပ်စစ်တပ်တို့၊ အင်္ဂလိပ်အုပ်ချုပ်ရေးတို့ လာရင် ဗိုလ်တွေက ဗိုလ်ကြီး၊ ဗိုလ်ကြီးတွေက ဗိုလ်မှူး၊ ဗိုလ်မှူးတွေကလည်း ဗိုလ်မှူးကြီးတွေဖြစ်ပြီး၊ ရာထူးတွေ အဆင့်အတန်းတွေ တိုးလာတော့မယ်လို့ ထင်ကြပြီး တစ်ယောက်နဲ့ တစ်ယောက် ခြေရာတိုင်းနေကြတယ်။ ဒါတွေကို ကျုပ်သိတာ တော်တော်ကြာပြီ။ ဒါပေမယ့် ကျုပ်မပြောချင်သေးလို့ မသိချင်ယောင်ဆောင်နေခဲ့တယ်။ စောင့်ကြည့်သေးတာပေါ့။ ရဲဘော်တို့ ထင်သလို အင်္ဂလိပ်လာရင် ရာထူးပဲ တိုးကြမလား ... သေနတ်မောင်းဘဲ ထပ်ချိုးကြရမလားဆိုတာ ဟိုတခါကျတော့ သိကြပါလိမ့်မယ်။
ဘယ်လောက်ထိ တာဝန်မဲ့ လုပ်နေသလဲဆိုရင် × × × × ရဲဘော်တွေဟာ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပေါ့ပေါ့ဆဆ ဖြစ်လာတာ တွေ့ရတယ်။ ရန်သူကို အထင်မကြီးသော်လည်း အထင်မသေးသင့်ဘူးဆိုတာ အစဉ် သတိချပ်စေချင်တယ်။ အင်္ဂလိပ်အုပ်ချုပ်ရေးကို မျှော်ပြီး အတွေးလွန်မနေကြနဲ့။ × × × × ဒါပဲ ကျုပ်ပြောခဲ့မယ်။
( အတွေးအမြင် မဂ္ဂဇင်း အမှတ် ၂၃၂ ၊၂၀၁၁ ဇူလိုင်လထုတ် စာမျက်နှာ ၇ နဲ့ ၈ မှ )
‘ အောင်ဆန်းစစ်တပ် - တိုင်းပြည်၏ မျှော်လင့်ချက် ’ ဆောင်းပါးကို ဇူလိုင်လထုတ် အတွေးအမြင် မဂ္ဂဇင်းမှာ အထူးဆောင်းပါးအဖြစ် ဖော်ပြထားတာ တွေ့ရပါတယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ် အင်္ဂလိပ်လို ရေးသားထားတဲ့ ‘ Quest for Peace ’ မှ Aung San Army: The Hope of the Nation ကို ဆရာမကြီးရဲ့ မြေးဖြစ်သူ ဂျူနီယာဝင်းက ဘာသာပြန်ဆိုထားတာပါ။
ဂျပန်ခေတ်မှာ စားသုံးကုန်တွေ ရှားပါးပြီး ကုန်ဈေးနှုန်းတွေ ထိုးတက်ကာ ပြည်သူလူထုက ငတ်ပြတ်လို့နေပါတယ်။ ပြည်သူလူထုရဲ့ အခက်အခဲကို ဗိုလ်ချုပ်အောင်ဆန်းက ဗျူဟာမြောက် ဖြေရှင်းခဲ့ပုံကို ဆရာမကြီး ဒေါ်ခင်မျိုးချစ်က အောက်ပါအတိုင်း မှတ်တမ်းတင် ရေးသားခဲ့ပါတယ်။
ဝန်ကြီးဌာန အများစုမှာ ဝန်ထမ်းလစာ တိုးမြှင့်ကာ ကြိုးစား ဖြေရှင်းခဲ့ကြသော်လည်း ဒုံးပျံကဲ့သို့ တက်နေသော ကုန်ဈေးနှုန်းကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ ရှုံးနိမ့်ခဲ့ကြရပါသည်။ ထိုအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဗျူဟာသုံး ဖြေရှင်းလိုက်ပါသည်။ ကျွန်မတို့ကို လစာအစား ရာရှင် ( ရိက္ခာ ) ပေးပါသည်။ ထိုအခါ ကျွန်မတို့လို အကူအညီမဲ့နေရသူများမှာ ချက်ပြုတ်ရသည့် ဆီအစစ်ကို မြည်းမြည်းစမ်းဖူးကြပါတော့သည်။
ဤသို့နှင့် လူများသည် စစ်တပ်ကို တိုင်းပြည်၏ အနာဂတ်အဖြစ် ကယ်တင်ရှင်များအဖြစ် စတင်မြင်လာကြပါသည်။ လူတိုင်း၏ စိတ်ထဲတွင် ၎င်းတို့သည် တစ်နေ့ကျလျှင် ဂျပန်လောဘသားများကို တိုက်ပေးမည့်သူများဟု ယုံကြည်လာခဲ့ကြပါသည်။ စစ်တပ်မှ ရဲဘော်များကို အခြားဘယ်သူမှ မရသော အခွင့်အရေးများ ပေးခဲ့ကြပါသည်။ ဥပမာ - ရုပ်ရှင်ရုံ ၊ ပြဇာတ်ရုံတွင် ‘ ရဲဘော်တစ်ဝက်ခ ’ ဟုသော ဆိုင်းဘုတ်များ ချိတ်ဆွဲထားကြသည်။ လက်ဖက်ရည်ဆိုင်များ၊ နွားနို့ဆိုင်များလည်း ထိုဆိုင်းဘုတ်များ ဆွဲကြသည်။ ယင်းသည် တရားဝင် ခိုင်းစေမှုများ ဖိအားကြောင့်မဟုတ်ဘဲ အလိုလို ဖြစ်လာခြင်းပင်။ စစ်တပ်နှင့် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို ချီးမွမ်းဂုဏ်ပြုသော တေးသီချင်းများကို စိတ်ရောကိုယ်ပါ သီဆိုခဲ့ကြပါသည်။
( အတွေးအမြင် မဂ္ဂဇင်း အမှတ် ၂၃၂ ၊၂၀၁၁ ဇူလိုင်လထုတ် စာမျက်နှာ ၂၉ နဲ့ ၃၀ မှ )
အတွေးအမြင် မဂ္ဂဇင်း အမှတ် ၂၃၂ ၊၂၀၁၁ ဇူလိုင်လထုတ်မှာ အာဇာနည် ခေါင်းဆောင်ကြီးထဲက တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဆောင်းပါး နှစ်ပုဒ်ပါဝင်ပါတယ်။ အထူးဆောင်းပါး အဖြစ်လည်း ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီကာလစာစောင်ထုတ်တဲ့အချိန်တုန်းက အတွေးအမြင် မဂ္ဂဇင်းရဲ့ အယ်ဒီတာအဖွဲ့က ‘ ဦးသိန်းဝင်း၊ သီရိဝံသ၊ လွတ်လပ်စိုး၊ ဦးရဲမြင့်၊ နောင်နောင်စိုး ’ တို့ပါ။
မိုးမခ မဂ္ဂဇင်း အတွဲ ၃ ၊ အမှတ် ၇ ၊ ဇူလိုင် ၂၀၁၆ ခုနှစ်ထုတ် စာစောင်ထဲမှာတော့ ဆရာ ဝင်းအောင်ကြီးရဲ့ “ ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှု ” ဆိုတဲ့ ဆောင်းပါးကို တွေ့ရပါတယ်။
၂၀၁၆ ခုနှစ်ဆိုတော့ ၆၉ နှစ်မြောက် အာဇာနည်နေ့ပေါ့။ အခု ၂၀၂၆ ခုနှစ်ကနေ ပြန်ပြောင်းလှည့်ကြည့်ရင် လွန်ခဲ့တဲ့ ၁၀ နှစ်ကပေါ့။ ဆရာ ဝင်းအောင်ကြီးက ဗိုလ်ချုပ်အောင်ဆန်းကို ‘ ကိုယ်စီတော်တဲ့ ဝန်ကြီးတွေရဲ့ စုပေါင်း ခေါင်းဆောင်မှုကို ထိပ်ကနေပဲ့ကိုင်တယ်။ ဘောလုံးလိုဆို သူဟာအသင်း Captain မို့ ကျန် ၁၀ ယောက်နည်းတူ ကိုယ်တိုင်လည်း ကစားရင်း ခေါင်းဆောင်တာပါ။ လှေပြိုင်ပွဲနဲ့ယူကြည့်ရင်တော့ သူဟာ Cox လှေပဲ့ထိန်း၊ In လို့ အမိန့်ပေးရင် တက်များကို ရေထဲနှစ်ထားကာ Out လှော်လို့ အော်လိုက်အခါ ကျမှသာ လှေထိုးသမားတွေက တပြိုင်တည်းလှော်ရတယ် မဟုတ်လား ’ လို့ တင်စား ရေးသားထားတယ်။
ဆရာ ဝင်းအောင်ကြီးရဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှု ဆောင်းပါးမှာ မှတ်သားစရာလေးတွေ တွေ့ရပါတယ်။ မသိသေး၊ မဖတ်ဖူးသေးတဲ့ စာဖတ်မိတ်ဆွေတို့အတွက် ကူးယူဖော်ပြပါရစေ။
ဥပမာ ၁၉၄၇ ခု၊ ဖွဲ့စည်းပုံထဲ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ထည့်ရေး ဒီးဒုတ်ဦးဘချို အဆိုတင်သွင်းတော့ သူကန့်ကွက်ပုံထဲက ကောက်နှုတ်ကာ “ ... ပြည်ထောင်စုထဲမှာ ရှိနေကြတဲ့ လူမျိုးအားလုံး၊ ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ၊ ခွဲထွက်သွားမယ့်လူတွေ ပေါ်မလာစေမယ့် နိုင်ငံရေးစိတ်ဓာတ်တခုတည်းရှိအောင် သိမ်းသွင်းပြီး စည်းရုံးဖို့လိုတယ် ... ” စသဖြင့် ထိမိ ပြတ်သားတဲ့စကားလုံးတွေ သုံးတယ်။
၁၉၂၀ ပြည့် ၊ ပထမကောလိပ်သပိတ်ကာလ ဒီးဒုတ်ဦးဘချိုတို့ အမျိုးသားတက္ကသိုလ်ထူထောင်ဖို့ လုပ်ဆောင်ကြချိန်မှာ မောင်အောင်ဆန်း မသကာရှိ ၅ နှစ်သား၊ ကကြီးခခွေးတောင် တတ်မှတတ်သေးရဲ့လား။ အဲဒါကအကြောင်းမဟုတ်၊ အဓိကက သူ့ရဲ့ အမြော်အမြင်ကြီးမားမှုနဲ့ ပြတ်သားတဲ့ ခေါင်းဆောင်မှုကြောင့် ဒီးဒုတ်ဦးဘချိုသာမက သခင်နုအပါအဝင် အားလုံးက လက်ခံခဲ့ကြရတာပါ။
( မိုးမခ မဂ္ဂဇင်း အတွဲ ၃ ၊ အမှတ် ၇ ၊ ဇူလိုင် ၂၀၁၆ ခုနှစ်ထုတ် စာစောင် စာမျက်နှာ - ၇ မှ )
ဆရာ ဝင်းအောင်ကြီးက သူ့ဆောင်းပါးကို
‘ ၂၀၁၆ ခု ၊ ဇူလိုင်လ ၁၉ ရက်နေ့ ၊ ကွယ်လွန်သွားတာ ၆၉ နှစ်ပြည့်တော့မယ်။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကနည်းနည်း ကိုယ့်အကြောင်းက များများ၊ ယုတ္တိမဲ့ အရေးအသားများကြား ရွေးဖတ်ကြပါ။ စာတတ်လို့ စာဖတ်မှတော့ အညံ့မခံကြပါနဲ့။ အာဇာနည်နေ့ အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေ ညာအပ်ပါတယ်ခင်ဗျာ ဆိုသလို ပွဲပြီးမီးသေ မဖြစ်စေချင်ပါ။
လေ့လာလိုပါက -
၁။ လူတွေကြားက လူအောင်ဆန်း
( ဘဝတက္ကသိုလ်စာပေထုတ် )
၂။ The Leadership by John F. Kennendy တို့ကို ဖတ်ဖို့ တိုက်တွန်းပါရစေ ’ လို့ အဆုံးသတ် ရေးသားထားပါတယ်။
မိုးမခ မဂ္ဂဇင်း အတွဲ ၃ ၊ အမှတ် ၇ ၊ ဇူလိုင် ၂၀၁၆ ခုနှစ်ထုတ် စာစောင်ထုတ်တဲ့ အချိန်တုန်းက မိုးမခရဲ့ အယ်ဒီတာတွေက ‘ မြင့်ကျော်၊ အောင်အောင်ဝင်း၊ ငြိမ်းချမ်းအေး ’ တို့ပါ။ အွန်လိုင်းအယ်ဒီတာတွေက ‘ မောင်ရစ်၊ ခင်လွန်း၊ ဆောင်းလူ၊ အိမ့်ခိုင်ဦး ’ တို့ပါ။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောပြတဲ့ နောက်ထပ် မဂ္ဂဇင်းတစ်စောင်ကတော့ ဆရာနတ်နွယ်ရဲ့ “ နွယ်နီ ” မဂ္ဂဇင်းပါ။ အတွဲ ( ၂၀ ) ၊ အမှတ် ( ၃ ) ၊ ဇူလိုင်လ၊ ၂၀၁၀ ခုနှစ်မှာ ဖြန့်ချိတဲ့ နွယ်နီမဂ္ဂဇင်းပါ။ ကလောင်နာမည်က ‘ ပညာကျော် ’ လို့ သိရတယ်။ ဆောင်းပါးနာမည်က ‘ ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ် ’ တဲ့။
ဆရာ ပညာကျော်က သူ့ဆောင်းပါး အစပိုင်းကို ‘ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတဲ့အချိန်မှာ သူ့အသက်က ( ၃၂ ) နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးဘဝနဲ့ စစ်သားဘဝတွေက သူ့ကို အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်စေခဲ့တယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်မှသည် နိုင်ငံရေးခေါင်းဆောင်ဖြစ်လာတဲ့အထိ ဗိုလ်ချုပ်အောင်ဆန်းဟာ မိမိကိုယ်ကိုတိုးတက်မှုရှိအောင် ဇွဲ၊ လုံ့လအရင်းတည်ပြီး ကြိုးစားအားထုတ်ခဲ့တယ်။ ဗိုလ်ချုပ်ဟာ အများအတွက် အနစ်နာခံရာမှာ၊ နိုင်ငံအတွက် အနစ်နာခံရာမှာ စံထားရမယ့် အာဇာနည်တစ်ဦးပါ။ ပြည်သူအများက ကြည်ညိုလေးစားရတဲ့ပုဂ္ဂိုလ်အဖြစ် ထာဝရရပ်တည်သွားမယ့် အာဇာန ည်တစ်ဦးလို့ ပြောရမှာပါပဲ ’ လို့ ရေးသားထားတယ်။
ဆရာ ပညာကျော်က တခြား နိုင်ငံသားများက ပြောပြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်တွေကို စုစည်းတင်ပြထားပါတယ်။ မသိသေး၊ မကြားဖူး၊ မဖတ်ဖူးသေးတဲ့ စာဖတ်မိတ်ဆွေတို့အတွက် ကူးယူ ဖော်ပြပါရစေ။
မြန်မာပြည်ရောက် ဂျပန်တပ်များရဲ့ ပထမဆုံး သေနာပတိဗိုလ်ချုပ် အီဒါးက “ အောင်ဆန်းသည် ငွေလည်း မမက်၊ တစ်ကိုယ်ကောင်းလည်း မဆန်၊ ဒါကြောင့် ဂျပန်တွေ သူ့ကို လေးစားသည် ” လို့ ပြောခဲ့တယ်။
မြန်မာပြည်မှာ နေထိုင်တဲ့ အိန္ဒိယတိုင်းသား သူဌေးတစ်ဦးဟာ ဗိုလ်ချုပ်ကို “ ကြည်ညိုလွန်းလို့ပါ ” ဆိုပြီး ငွေ ( ၂ ) သိန်း လာပေးဖူးပါတယ်။ ဗိုဘ်ချုပ်က မယူပါဘူး။ ငွေ ( ၂ ) သိန်းကို ဖဆပလအဖွဲ့ရဲ့ ရန်ပုံငွေထဲ ထည့်လိုက်တယ်။
ဗိုလ်ချုပ်ရဲ့ ရိုးသားမှု၊ သတ္တိရှိမှုနဲ့ မျိုးချစ်စိတ်ရှိမှုတို့နဲ့ ပတ်သက်လို့ ဘီအိုင်အေရဲ့ ပထမ သေနာပတိ ဗိုလ်မိုးကြိုးအမည်ရ ဗိုလ်မှူးကြီး ဆူဇူကီးက ခုလိုပြောဖူးတယ်။
“ အောင်ဆန်းသည် အကြွင်းမဲ့ ရိုးသားသည်။ သူသည် သတ္တိဗျတ္တိနှင့် ပြည့်စုံသော စစ်ခေါင်းဆောင်လည်းဖြစ်သည်။ မျိုးချစ်စိတ်လည်း ပြင်းထန်သည်။ ထို့ကြောင့် ငါတို့ ဂျပန်များသည် သူ့ကို လေးစားသည် ”
ဗိုလ်ချုပ်ကို လေးစားပြီး ချီးကျူးပြောဆိုတဲ့ နောက်ပုဂ္ဂိုလ်တစ်ဦးကတော့ ဝီလျံဆလင်းပါ။ သူဟာ မြန်မာနိုင်ငံထဲက ‘ ဂျပန်တွေကို ’ တိုက်ထုတ်ပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီးဖြစ်လာတဲ့သူပါ။ သူရေးသားတဲ့ ‘ အရှုံးမှ အနိုင်သို့ ’ ( Defeat into Victory) စာအုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းအပေါ် သူ့အမြင်ကတော့ ...
“ ကျွန်ုပ်သည် အောင်ဆန်းကို လေးစားမိသည်။ ကျွန်ုပ်တွေးထင်ခဲ့သလို သူသည် ကိုယ်ကျိုးရှာ တာဝန်မဲ့ ပြောက်ကျားခေါင်းဆောင် မဟုတ်ပေ။ သူသည် မျိုးချစ်ပုဂ္ဂိုလ်အစစ်ဖြစ်၍ စိတ်ကူးယဉ်သမားမဟုတ်၊ လက်တွေ့သမားဖြစ်သည်။ သူသည် အလွန်ရိုးသားသည်။ ပေးခဲ့ပြီးသော ကတိအတိုင်းလည်း တည်သည်။ ကျွန်ပ်သည် အောင်ဆန်းနှင့် အလုပ်လုပ်၍ ဖြစ်သည်။ ”
( နွယ်နီ မဂ္ဂဇင်း အတွဲ ( ၂၀ ) ၊ အမှတ် ( ၃ ) ၊ ဇူလိုင်လ၊ ၂၀၁၀ ခုနှစ်ထုတ် စာမျက်နှာ ၅၉ နဲ့ ၆၀ မှ )
ဆရာ ပညာကျော်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်း တချို့ကိုလည်း တင်ပြထားပါတယ်။
၁၉၄၆ ခုနှစ် ဇန်နဝါရီလ ( ၂၀ ) ရက်နေ့မှာ ကျင်းပတဲ့ ဖဆပလအဖွဲ့ချုပ် မြန်မာနိုင်ငံလုံးဆိုင်ရာညီလာခံမှာ ဗိုလ်ချုပ်က...
“ အမျိုးသားညီညွတ်ရေးဆိုသည်မှာ ခေါင်းဆောင်များသာ ညီညွတ်ခြင်းကိုမဆို။ လူမျိုးဘာသာ၊ ယေကျာ်းမိန်းမ၊ ဂိုဏ်းဂဏမရွေး တစ်နိုင်ငံလုံး၊ ပြည်သူပြည်သား လူထုတစ်ရပ်လုံး အပြောသာမဟုတ်၊ အလုပ်နှင့်တကွ အမျိုးသားတို့၏ အလိုဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့၏ လုပ်ငန်းများတွင် သောင်းသောင်းဖျဖျ စိတ်ရောကိုယ်ပါ ညီညွတ်ကြသည်ကို ဆိုလိုသည် ” ပြောခဲ့သလို ...
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ( ၁၁ ) ရက်နေ့ညမှာ ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲမှာ ဗိုလ်ချုပ်က
“ ဗမာက တစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်၊ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်းသိနိုင်တယ် ”
“ အချင်းချင်း သဘောကွဲလွဲမှုမျိုးဆိုတာကတော့ နည်းနည်းပါးပါးတော့ရှိမှာပဲ။ ဒါပေမယ့် သူတစ်ပါး နိုင်ငံက ကိုယ့်နိုင်ငံလာရောက် စော်ကားလို့ အသက်စွန့်ပြီး မလျှော့တမ်းကာကွယ်တိုက်ခိုက်တာကတော့ အားလုံးနဲ့ သက်ဆိုင်တဲ့ အလုပ်မျိုးဖြစ်တာပဲ ” လို့ ပြောခဲ့ပါသးတယ်။
( နွယ်နီ မဂ္ဂဇင်း အတွဲ ( ၂၀ ) ၊ အမှတ် ( ၃ ) ၊ ဇူလိုင်လ၊ ၂၀၁၀ ခုနှစ်ထုတ် စာမျက်နှာ - ၆၀ မှ )
အတွဲ ( ၂၀ ) ၊ အမှတ် ( ၃ ) ၊ ဇူလိုင်လ၊ ၂၀၁၀ ခုနှစ်ထုတ် နွယ်နီ မဂ္ဂဇင်း အယ်ဒီတာချုပ်ကတော့ ဆရာနတ်နွယ်ပါ။ တာဝန်ခံအယ်ဒီတာက ကိုမင်း။ အယ်ဒီတာအဖွဲ့က ဇော်လူစိမ်း၊ အိန်ဂျယ်လင်း၊ မိုးသန်တို့ပါ။
ချင်းတွင်း မဂ္ဂဇင်း အမှတ် ( ၁၈ ) ၊ ဇူလိုင်လ ၊ ၂၀၀၇ ခုနှစ်ထုတ် စာစောင်မှာလည်း ‘ ကိုသန်း ’ ရဲ့
“ အောင်ဆန်းအက်တလီ သဘောတူညီချက်ကို အကြိတ်အနယ်ဆွေးနွေးခဲ့ကြစဉ်က ” ဆိုတဲ့ ဆောင်းပါးကို တွေ့ရ၊ ဖတ်ရပါတယ်။ ကိုသန်းဆိုတာ တကယ်တော့ ကိုသန်း ( ကြည့်မြင်တိုင် ) နဲ့ အတူတူပါပဲ။ ချင်းတွင်း မဂ္ဂဇင်းတခြား စာစောင်တွေမှာ ကိုသန်း ( ကြည့်မြင်တိုင် ) ဆိုတဲ့ ကလောင်နာမည်နဲ့ပဲ ရေးပေမဲ့၊ အခုစာစောင်မှာတော့ ကိုသန်း ကလောင်နာမည်ကိုပဲ သုံးထားတာကို သတိပြုမိပါတယ်။
ကိုသန်း ( ကြည့်မြင်တိုင် ) ကတော့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းဆိုတာထက် အောင်ဆန်း အက်တလီစာချုပ်အကြောင်းကို အကြိတ်အနယ် ဆွေးနွေးခဲ့ရတဲ့ ကိုယ်တွေ့မှတ်တမ်းအကြောင်းကို ရေးထားတာပါ။ ရွှေတိဂုံ အလယ်ပစ္စယံ ဖဆပလ ပြည်လုံးကျွတ်ညီလာခံ၊ အဖွားခက်ဇရပ်မှာ ကျင်းပတဲ့ ညီလာခံ၊ မြေစာရင်း ဇရပ်မှာ အောင်ဆန်း အက်တလီ သဘောတူညီချက်အကြောင်းတို့ကို အကြိတ်အနယ်ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကို ရေး သားထားတာပါ။ အောင်ဆန်း အက်တလီစာချုပ်ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းလည်း ပါတာပေါ့။
ကိုသန်း ( ကြည့်မြင်တိုင် ) ရေးတဲ့ အောင်ဆန်း အက်တလီ သဘောတူညီချက် ဆွေးနွေးတုန်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်ကို မသိသေး၊ မကြားဖူး၊ မဖတ်ဖူးသေးတဲ့ စာဖတ်မိတ်ဆွေတို့အတွက် ကူးယူဖော်ပြပါရစေ။
ဤနေရာတွင် ဗိုလ်ချုပ်ပြောသော စကားကို ကျွန်တော် သဘောကျသည်။ ဗိုလ်ချုပ်က “ ကျွန်တော်သည် စစ်သားဖြစ်ပါသည်။ ရိုးရိုးရှင်းရှင်း ပွင့်လင်းစွာ ပြောတတ်ပါသည်။ သံတမန်သုံး သိမ်မွေ့ဝေ့လည်သော စကား မပြောတတ်ပါ။ မြန်မာပြည်သူတို့သည် အချုပ်အချယ်ကင်းသော လွတ်လပ်ရေးကို လိုလားတောင်းဆိုကြပါသည်။ မြန်မာပြည်သူတို့ဟု ဆိုရာဝယ် တိုင်းရင်းသားလူမျိုးအားလုံးကို ဆိုလိုပါသည်။ လုံးဝလွတ်လပ်ရေးကို အားလုံးအဆင့်အတန်းမခွဲခြားဘဲ ပေးမည်။ ပြင်ပ ပယောဂ လည်းကင်းမည်ဆိုလျှင် တိုင်းရင်းသားလူမျိုးအားလုံးသည် ညီညွတ်စွာ ရပ်တည်ကြပါလိမ့်မည် ” ဟု ဆိုပါသည်။
ထို့ပြင် ဗိုလ်ချုပ်က “ အကောင်းဆုံးကို မျှော်လင့်ထားပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ ” ရန်ကုန်မှမထွက်ခွာမီ ပြောသွားပါသည်။ ဤစကား၏နိုင်ငံရေးအနက်အဓိပ္ပာယ်က နည်းဗျူဟာတစ်ခုဖြစ်သော အကြမ်းမဖက်သည့် လူထုတိုက်ပွဲနည်း၊ ငြိမ်းချမ်းသောနည်း ( Non violent means ) ( Peaceful means ) ကို ကျွန်တော်တို့ အဓိကရွေးချယ်သည်။ ဤနည်း အလုပ်မဖြစ်ပါက ( Non peaceful means ) ကျွန်တော်တို့ မရွေးချယ်ချင်သော လက်နက်ကိုင် တိုက်ပွဲနည်းသာ ရှိသည်ဟူသော နည်းဗျူဟာပင် ဖြစ်သည်။
( ချင်းတွင်း မဂ္ဂဇင်း အမှတ် ( ၁၈ ) ၊ ဇူလိုင်လ ၊ ၂၀၀၇ ခုနှစ်ထုတ် စာစောင် စာမျက်နှာ - ၁၂၅ မှ )
ကိုသန်း ( ကြည့်မြင်တိုင် ) ကပဲ ဗိုလ်ချုပ်အောင်ဆန်းက သူတို့တွေကို တော်လှန်ရေးဆိုတာ ဘာလဲ ဆိုတဲ့အကြောင်း ရှင်းပြထားတာကို အောက်ပါအတိုင်း ရေးသားထားပါတယ်။
ဆိုရှယ်လစ်ပါတီတွင် အောင်ဆန်း - အက်တလီ သဘောတူညီချက်ကို ဆွေးနွေးခဲ့ကြစဉ်က ဖြစ်ပျက်ခဲ့သည့်ဂယက်များ ပျံ့နှံ့ခဲ့သည်။ ပြည်သူ့ရဲဘော်အဖွဲ့တွင်လည်း အလားတူဖြစ်ခဲ့ပုံရပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်က လောင်းဝစ်လမ်း ပြည်သူ့ရဲဘော်ဌာနချုပ်သို့ ဆိုရှယ်လစ်ပါတီနှင့် ပြည်သူ့ရဲဘော်အဖွဲ့မှခေါင်းဆောင်များကို ဖိတ်ခေါ်သည်။ ထို့နောက် တော်လှန်ရေးဆိုတာ ဘာလဲ What is revolution ဆိုပြီး တော်လှန်ရေး၏ သဘောသဘာဝကို နည်းလမ်းမှန်ကန်စွာ ရှင်းလင်းပြောကြားပါသည်။ လူမှု စနစ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲခြင်းကို “ တော်လှန်ရေး ” ဟု ခေါ်ကြောင်း၊ တော်လှန်ရေးကို တည်ရှိနေသော ပကတိအခြေအနေ ဒိဋ္ဌဓမ္မအခြေအနေ ( Objective condition ) အရ ဆောင်ရွက်ရကြောင်း လူထုတိုက်ပွဲနည်း သို့မဟုတ် လက်နက်ကိုင်နည်းကို အခြေအနေလိုက်ပြီး သုံးရကြောင်း၊ လက်နက်ကိုင်တိုက်ပွဲနည်းကို ပုံသေနည်းအဖြစ် စွဲကိုင်ခြင်းသည်မှားယွင်းကြောင်း လူထုအကျိုးမရှိကြောင်း စသည်ဖြင့် ဒေါနှင့် မောနှင့် စားပွဲကို လက်သီးနှင့်ထုပြီး ပမာပေးသွားရာ လက်ဝဲသွေဖည်ရေး သူငယ်နာမကင်းသည့် ကျွန်တော်တို့ တစ်ဝကြီး ပညာရသွားကြပါသည်။
( ချင်းတွင်း မဂ္ဂဇင်း အမှတ် ( ၁၈ ) ၊ ဇူလိုင်လ ၊ ၂၀၀၇ ခုနှစ်ထုတ် စာစောင် စာမျက်နှာ - ၁၃၄ မှ )
ချင်းတွင်း မဂ္ဂဇင်း အမှတ် ( ၁၈ ) ၊ ဇူလိုင်လ ၊ ၂၀၀၇ ခုနှစ်ထုတ် စာစောင်ထုတ်တုန်းက ချင်းတွင်းရဲ့ အယ်ဒီတာတွေက ကိုတာနဲ့ ကိုလေးမြတ်တို့ပါ။
ကျွန်တော် ကိုးကားရေးတဲ့ မဂ္ဂဇင်းတွေရဲ့ ခုနှစ်ကို အစဉ်လိုက် စဉ်ကြည့်မယ်ဆိုရင် ချင်းတွင်းက ၂၀၀၇ ခုနှစ်၊ နွယ်နီက ၂၀၁၀ ခုနှစ်၊ အတွေးအမြင်က ၂၀၁၁ ခုနှစ်၊ မိုးမခက ၂၀၁၆ ခုနှစ်တွေပါ။ အာဇာနည်နေ့ရဲ့ အငွေ့အသက်အချိန်ကာလဖြစ်တဲ့ ဇူလိုင်လထုတ်တွေကပဲ ကောက်နုတ်စုစည်းပြီး တင်ပြထားတာပါ။
စာနယ်ဇင်းတို့ရဲ့ သမိုင်းပေးတာဝန်က စာဖတ်ပရိသတ်အပေါ် ဘယ်လောက် တာဝန်ကျေသလဲဆိုတာနဲ့လည်း တိုင်းတာကြပါတယ်။ စာနယ်ဇင်း အယ်ဒီတာတွေရဲ့ အရည်အချင်းနဲ့လည်း ဆိုင်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်က ဒီဆောင်းပါးမှာ မဂ္ဂဇင်း အယ်ဒီတာတွေရဲ့ နာမည်တွေကို သတိတရနဲ့ ဖော်ပြရေးသားထားတာပါ။
မဂ္ဂဇင်းတွေဆိုတာက များသောအားဖြင့် တစ်လတကြိမ်ထုတ် ပုံစံမျိုးနဲ့ ထုတ်ဝေကြတာပါ။ သတင်းစာ ဂျာနယ်တွေလိုမျိုး နေ့စဉ်၊ အပတ်စဉ်မဟုတ်ပါဘူး။ တစ်လတစ်ကြိမ်ထုတ် မဂ္ဂဇင်းကြီး တွေက အာဇာနည် ခေါင်းဆောင်ကြီးတွေနဲ့ အာဇာနည်နေ့အကြောင်းတွေ ပါဝင်အောင် ဖော်ပြကြပါတယ်။ တစ်လတစ်ကြိမ်ထုတ် မဂ္ဂဇင်းကြီးတွေမှာတောင် ဖော်ပြကြရင် နေ့စဉ်ထုတ်သတင်းစာစောင်တွေမှာ ပိုလို့တောင် ဖော်ပြဖို့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ ဆောင်းပါးအစက ဆရာကြီး တစ်ယောက် ထောက်ပြဝေဖန်ထားတဲ့ နေ့စဉ်ထုတ် သတင်းစာစောင်က ဘယ်လိုအကြောင်းအရင်းတွေကြောင့် အာဇာနည်နေ့အကြောင်းတွေ မဖော်ပြဖြစ်တာလဲလို့ တွေးတောမိပါတယ်။ ကဲ ... ထားပါ၊ အဲဒီအကြောင်းအရင်းတွေကြောင့်ပဲ ဒီဆောင်းပါးကို ကျွန်တော် ရေးဖြစ်ပါတယ်။
မဂ္ဂဇင်းတွေက ပြောပြတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းမှ မဟုတ်ဘူး၊ စာနယ်ဇင်းတွေက ပြောပြတဲ့အာဇာနည်နေ့အကြောင်း၊ စာနယ်ဇင်းတွေက ပြောပြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေအကြောင်း စုစည်းရေးသား တင်ပြချင်ပါသေးတယ်။ သတင်းစာ၊ ဂျာနယ်အဟောင်းတွေ အစုအဆောင်း မကောင်းခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း “ သေဟဲ့ နန္ဒိယ ” လို့ပဲ ပြောလိုက်ချင်ပါတော့တယ် အရပ်ကတို့ရေ၊ အဲ ... ယောင်လို့ စာဖတ်မိတ်ဆွေတို့ရေ။
နန္ဒအောင်
၂၁. ၇. ၂၀၂၆
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
