Breaking News

ကိုးကန့် လက်နက်ကိုင်တပ်(MNDAA)နဲ့ ဝ လက်နက်ကိုင်တပ် UWSA တို့ နေပြည်တော် ခရီးစဥ် နဲ့ စစ်တပ်ရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၃ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၆

ကိုးကန့် လက်နက်ကိုင်တပ်(MNDAA)နဲ့ ဝ လက်နက်ကိုင်တပ် UWSA တို့ နေပြည်တော် ခရီးစဥ် နဲ့ စစ်တပ်ရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု 

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ တပ်စခန်းတွေနဲ့ ထိန်းချုပ်ထားတဲ့ မြို့တွေကို အရှိန်အဟုန်ပြင်းတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့  ၂၀၂၃ နှစ် အောက်တိုဘာတုန်းက တိုက်ခိုက်ခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ အနက်က တဖွဲ့ဖြစ်တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ နဲ့ အဆိုပါ စစ်ဆင်ရေးမှာ နောက်ကွယ်က လက်နက်ခဲယမ်း နဲ့ ငွေကြေးတွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ နားလည်ထားကြတဲ့ ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ/တပ် ခေါင်းဆောင်တွေ မကြာခင် အချိန်အတွင်း နေပြည်တော်ကို သွားရောက်ကာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနဲ့ ညှိနှိုင်းဆွေးနွေးမှုကော်မတီ NSPNC နဲ့ တွေ့ဆုံဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ 

တအာင်းပြည်အမျိုးသားလွတ်မြောက်ရေးတပ် TNLA ကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တချို့ နေပြည်တော်ကို ယခင် သီတင်းပတ်ကုန်က ရောက်ရှိကာ NSPNC နဲ့ ဆွေးနွေးပြီး သဘောတူညီမှုတချို့ ထပ်မံလက်မှတ်ရေးထိုးတဲ့ အဖြစ်အပျက် ဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာမှာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်အင်အားကြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့က နေပြည်တော်ကို သွားရောက်မဲ့ သတင်းထပ်မံ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ TNLA ခေါင်းဆောင်တွေနဲ့ ကိုးကန့်လက်နက်ကိုင်တပ် ခေါင်းဆောင်တွေ နေပြည်တော်ကို သွားရောက်တယ်ဆိုတဲ့ အဖြစ်အပျက်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၂၁ စစ်အာဏာမသိမ်းမီနှစ်တွေတုန်းက အဆိုပါ ရှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး ညီလာခံတက်ရောက်ဖို့ နေပြည်တော်ကို သွားရောက်ခဲ့ဖူးပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာ နေပြည်တော်ကို သွားရောက်တာ မရှိတော့တဲ့ အနေအထား ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်က ယူနန်ပြည်နယ် ကူမင်းမြို့မှာ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုတွေနဲ့ အပစ်ရပ်ကြပြီးနောက် လားရှိုးမြို့မှာ တွေ့ဆုံတာတွေ ပုံမှန်အားဖြင့် ရှိနေခဲ့ပြီး အဆိုပါ တွေ့ဆုံမှုတွေက အောက်ခြေက တပ်နေရာနဲ့ မြေပြင်က နှစ်ဖက်တပ်ကြား ဖြစ်ပေါ်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြတာမျိုးလို့ ယူဆရပြီး အခု နေပြည်တော် တွေ့ဆုံမှုလိုမျိုးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ စစ်တပ်ဘက်က NSPNC တို့ တွေ့ဆုံဆွေးနွေးတာမျိုး ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမှုလို့ မဆိုနိုင်သည့်တိုင် ခေါင်းဆောင်အဆင့် ဆွေးနွေးမှု ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်  အရပ်ဝတ်ပြောင်းပြီး သမ္မတရာထူးရယူကာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို ရက် ၁၀၀ ကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ မင်းအောင်လှိုင်အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ ရက် ၁၀၀ ကာလဟာ လာမယ့် ဇူလိုင် ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး အဲဒီ ရက် ၁၀၀ ကုန်ဆုံးပြီးနောက် အပစ်ရပ်ရေး သို့မဟုတ် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ နဲ့ ပတ်သက်လို့ ဘယ်လို အပြောင်းအလဲ ရှိမလဲဆိုတာ မသိပေမဲ့ အစိုးရ ဖွဲ့စည်းပြီးနောက်မှာ ရလဒ်ပြသဖို့အတွက် ကြေညာတဲ့ ရက် ၁၀၀ စီမံချက်လို့ သာ ကောက်ချက်ချရပါတယ်။ 

သို့ပေမယ့် ဒီ ရက် ၁၀၀ စီမံချက်မှာ ပါဝင်ကြဖို့ ရှမ်းမြောက်ဒေသက စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ အဖွဲ့တွေ လက်ရှိ တိုက်ခိုက်နေခြင်းမရှိတဲ့ ရှမ်းမြောက်က တိုင်းရင်းသးလက်နက်ကိုင်အဖွဲ့တွေကို တရုတ်နိုင်ငံကလည်း တိုက်တွန်း ဖိအားပေးမှုတွေ ရှိနေတယ်လို့ ယူဆရပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ အပစ်ရပ်ဆွေးနွေးမှုတွေမှာ ပြည်ပအစိုးရအနေနဲ့ ပါဝင်နေတဲ့ နိုင်ငံဆိုရင် တရုတ်နိုင်ငံသာ ရှိတာတွေ့ရမှာပါ။ စစ်အာဏာ မသိမ်းမီက အနောက်နိုင်ငံတွေနဲ့ အာရှဘက်က ဂျပန်လို နိုင်ငံတွေက ပါဝင်နေတာရှိခဲ့ပေမဲ့ ခုလက်ရှိအခြေအနေမှာ ပြည်ပနိုင်ငံတွေထဲက တရုတ်နိုင်ငံသာ ရှိတဲ့အခြေအနေ ဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ ၄င်းတို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသမှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ် ကုန်သွယ်မှုနဲ့ အခြားသော မဟာဗျူဟာ အရ အရေးပါမှုတွေ အပေါ် အခြေပြုပြီး သြဇာရှိနေတာကြောင့် အဆိုပါ သြဇာကို အသုံးချကာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ မှာ ပါဝင် ဖို့တိုက်တွန်းနေတဲ့ သဘောလို့ ဆိုရမှာဖြစ်ပါတယ်။ 

ဒီလိုအနေအထားတွေကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဥ်တွေကို တရုတ်နိုင်ငံရဲ့ ဒီဇိုင်း သို့မဟုတ် တရုတ်စပွန်ဆာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်လို့ အချို့က ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံဟာ ၄င်းတို့အတွက် ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံဖြစ်တာ စွမ်းအင်ဖြတ်သန်းသယ်ဆောင်ရာ နယ်မြေတခု ဖြစ်တာကြောင့် မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေ နဲ့ လက်နက်ကိုင် ပဋိပက္ခတွေက ၄င်းတို့ရဲ့ အကျိုးစီးပွားဖြစ်တယ်လို့ အလေးအနက် ယုံကြည်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ၄င်းတို့နဲ့ နယ်နိမိတ်ထိစပ်ရာ ရှမ်းမြောက်ဒေသ နဲ့ ကချင်ပြည်နယ်တို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဖြစ်စဥ်ထဲ ပါဝင်ဖို့ ၄င်းတို့လက်ထဲရှိတဲ့ နည်းလမ်းအားလုံးကို အသုံးချနေတာ ဖြစ်ပါတယ်။ 

မကြာခင်က အာရှ အနောက်ပိုင်း အီရန်ကို အစ္စရေးလ်နဲ့ အမေရိကန် တို့ ဆင်နွှဲတဲ့စစ်ပွဲ ဖြစ်ပွားပြီးနောက် ဟော်မုဇ် ရေလက်ကြားကို အီရန်နိုင်ငံက ပိတ်ဆို့ခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တာပါ။ ဒီအဖြစ်အပျက်ကြောင့် အရှေ့တောင်အာရှ ရေလမ်းကြောင်းမှာ မလက္ကာရေလက်ကြား ပိတ်ဆို့ခဲ့ရင် ကျောက်ဖြူ-ကူမင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းက ရွေးချယ်စရာ အခြားနည်းလမ်းတခု ဖြစ်လာပြီး ရထားလမ်းဖောက်လုပ်ရေး ဒီလမ်းကြောင်း ပိုမိုကျယ်ပြန့်အောင် အသုံးပြုနိုင်ရေးတို့ဟာ တရုတ်နိုင်ငံအဖို့ အရေးပါတဲ့ မဟာဗျူဟာတရပ် ဖြစ်လာခဲ့တာပါ။ တိုတိုပြောရရင် မြန်မာအရေးဟာ တရုတ်နိုင်ငံအဖို့ ပိုအရေးကြီးလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါတွေက မြန်မာနိုင်ငံက လက်နက်ကိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေမှာ တရုတ်နိုင်ငံအနေနဲ့ ပိုမိုပါဝင်လာဖို့ အကြောင်းအခြင်းအရာတွေ ဖြစ်ပါတယ်။ 

တရုတ်နယ်စပ်က လက်နက်ကိုင် အဖွဲ့တွေရဲ့ အနေအထားပြီးနောက် မြန်မာနိုင်ငံရဲ့ အခြားသော ဒေသတွေကို ကြည့်ရင်တော့ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ ၄င်းရဲ့ စီမံကွပ်ကဲမှုအောက်က PDF တပ်ဖွဲ့တွေ၊ ထိုင်းနယ်စပ်၊ နဲ့ အိန္ဒိယနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့အကြားက စစ်ရေး ချိန်ခွင်လျှာ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောထား မူဝါဒတွေနဲ့ အကျိုးစီးပွားတွေက အတိုင်းအတာတခုထိ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအပေါ်  သက်ရောက်နိုင်မှု ရှိနိုင်တာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar