Breaking News

NLD ပါတီ (ဗဟိုအလုပ်ကော်မတီ)က ထုတ်ပြန်ချက်နဲ့ ပါတီမူဝါဒ/ရပ်တည်ချက် အငြင်းပွားစရာဖြစ်လာ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၀ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၂၆


NLD ပါတီ (ဗဟိုအလုပ်ကော်မတီ)က ထုတ်ပြန်ချက်နဲ့ ပါတီမူဝါဒ/ရပ်တည်ချက် အငြင်းပွားစရာဖြစ်လာ 

ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ ကျရောက်ပြီး နောက်တရက် ဖြစ်တဲ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက သတင်းထုတ်ပြန်ချက်တရပ် ထုတ်ပြန်ရာမှာ အာဆီယံသဘောတူညီမူ ၅ ချက်ကို အာဆီယံအဖွဲ့က ဆက်လက်ဆုပ်ကိုင်ကာ မူဘောင်အဖြစ် ထားရှိတာကို NLD ပါတီအနေဖြင့် ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ အရပ်သားများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားများ အားလုံး လွတ်မြောက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အမှန်တကယ်လိုအပ်တဲ့ နေရာများသို့ အတားအဆီးမရှိ ရောက်ရှိစေရေးနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတို့က မရှိမဖြစ် လိုအပ်တဲ့အရာတွေလို့ ဆိုပါတယ်။ 

ဒါ့အပြင် မြန်မာ့နိုင်ငံရေးပြဿနာရဲ့ မူလ အကြောင်းအရင်းမှာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး ပြည်သူ့ဆန္ဒကို ဆန့်ကျင် ကာ လက်နက်အားကိုးနဲ့အာဏာသိမ်းယူခဲ့ခြင်းကြောင့် လို့ဆိုပြီး နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ တရားဝင်ဆင့်လွှဲအာဏာ ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပါဝင်ဆောင်ရွက်မှုသည် မရှိမဖြစ် လိုအပ်တဲ့အရာလို့လည်း ဖေါ်ပြထားပါတယ်။ 

ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားတာက နိုင်ငံရေး အကျဥ်းသားများအား ဆက်လက်ထိန်းသိမ်းထားခြင်းက မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာ၌ အဓိကအတားအဆီးတရပ် ဖြစ်နေကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနဲ့ နိုင်ငံရေးအင်အားစုများ လွတ်လပ်စွာပါဝင်ဆွေးနွေးနိုင်သည့် ပတ်ဝန်းကျင်တရပ် ဖန်တီးနိုင်မှသာ မြန်မာ့ပဋိပက္ခ ချုပ်ငြိမ်းရေးကို အရှိန်မြှင့်တင်နိုင်မယ်လို့ ဖော်ပြထားကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းများဖြင့်သာ ဖြေရှင်းရမည်ဟု ယုံကြည်ထားပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရေးမူကိုသာ အစဥ်အမြဲ ကိုင်စွဲထားကြောင်းလည်း ဖော်ပြထားပါတယ်။ 

NLD ပါတီ (ဗဟိုအလုပ်ကော်မတီ) ရဲ့ ယခု ထုတ်ပြန်ချက်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကလွဲရင် လက်ရှိ နွေဦးတော်လှန်ရေးမှာ ဦးဆောင်နေတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ စတဲ့ အဖွဲ့တွေရဲ့ ရပ်တည်ချက်နဲ့ ဝိရောဓိဖြစ်နေတဲ့ အခြေခံ နိုင်ငံရေးရပ်တည်ချက်တွေ ဖြစ်နေပြီး NLD ပါတီမှာ အလယ်အလတ် အဆင့် တာဝန်ယူခဲ့တဲ့သူတွေ၊ စစ်အာဏာသိမ်းပြီးနောက် နယ်စပ်နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ နေထိုင်နေကြတဲ့ နွေဦးတော်လှန်ရေးထဲ ပါဝင်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေအကြားမှာ ဒီထုတ်ပြန်ချက်ကို ဝေဖန်စရာ လက်မခံနိုင်စရာတွေ ဖြစ်နေတဲ့ လက္ခဏာတွေ တွေ့မြင်လာကြရပါတယ်။ 

NLD ဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ NLD ပါတီဟာ “နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမယ်လို့ ယုံကြည်ထားပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာရေးမူကိုသာ အစဥ်အမြဲကိုင်စွဲထားပါသည်” ဆိုတဲ့စာသားဟာ လက်နက်ကိုင်တော်လှန်ရေး လုပ်နေကြတဲ့ အင်အားစုတွေကို မှားယွင်းတဲ့ လမ်းစဥ်ကို လိုက်နေကြတယ်လို့ ဆိုလိုတဲ့ အဓိပ္ပါယ်သက်ရောက်တယ်လို့ ယူဆရမှာဖြစ်ပြီး လက်ရှိ NUG၊ အခြားသော လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကို လမ်းစဥ်မှားနေတယ်လို့ ဆိုလိုရာရောက်သလို အာဏာသိမ်း စစ်တပ်နဲ့လည်း တွေ့ဆုံညှိနှိုင်းနိုင်တယ် ဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်တာမို့ ထုတ်ပြန်ချက်ပါ ဒီရပ်တည်ချက်က အငြင်းပွားစရာရှိနေတာလည်း ဖြစ်ပါတယ်။ 

ပြည်ပအခြေစိုက် NLD ဗဟိုအလုပ်ကော်မတီ အနေနဲ့ ဒီထုတ်ပြန်ချက်ကို ဘယ်လိုသဘောနဲ့ ထုတ်ပြန်တာလဲဆိုတာ မသိနိုင်ပေမယ့် NLD ပါတီဝင် မြေပြင်မှာ လက်နက်ကိုင်တော်လှန်ရေး လုပ်နေသူတချို့က CRPH နဲ့ NUG တို့မှာ တာဝန်ယူနေသူတွေကို NLD ပါတီက တာဝန်ပေးခန့်အပ်ထားတာ မဟုတ်ကြောင်း၊ NLD ပါတီအနေနဲ့ CRPH နဲ့ NUG တို့မှာ တာဝန်ယူနေသူတွေကို ပါတီအနေနဲ့ တရားဝင်ခန့်အပ်ထားတာမျိုး မရှိကြောင်းနဲ့ ပါတီနဲ့ အခု လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်ဦးဆောင်နေကြသူတွေက တရားဝင်တာဝန်ပေးမှု ခန့်အပ်မှုမရှိဘဲ မိမိတို့ရပ်တည်ချက် ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်နေတာမျိုး နည်းလမ်းမတူညီပေမဲ့ ပန်းတိုင်တူညီကြတဲ့အတွက် ဘာပြဿနာမှ မရှိဘူးဆိုတဲ့ အမြင်နဲ့ နားလည်ပေးကြတဲ့ အမြင်တွေလည်း လူမှုကွန်ရက်မှာ တွေ့ရပါတယ်။ 

NLD ပါတီကို ထောက်ခံကြတဲ့ သာမန်လူထု အနေနဲ့တော့ အခု NLD ဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်ဟာ ပါတီရဲ့ ရပ်တည်ချက် ပြောင်းလဲသွားတာလား၊ လက်နက်ကိုင် တော်လှန်ရေး လမ်းစဥ်ကို မထောက်ခံတော့တာလား၊ အာဏာသိမ်းစစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လမ်းခင်းနေတာလား အစရှိတဲ့ ယူဆမှုတွေကို ဖြစ်ပေါ်စေနိုင်တာ တွေ့ရပါတယ်။ 

ဖမ်းဆီးမခံရတဲ့ NLD ပါတီ ခေါင်းဆောင် တချို့ ပြည်ပရောက်လာပြီးနောက် CWC လို့ ခေါ်တဲ့ ဗဟိုအလုပ်ကော်မတီ ဖွဲ့စည်းခဲ့တဲ့ အပေါ်မှာလည်း အချို့က ဝေဖန်မှုတွေ ရှိခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ အကျဥ်းကျနေချိန် ပါတီရဲ့ ဦးဆောင်မှုကို မိမိတို့သဘောနဲ့ ရယူလိုက်တာလို့ မှတ်ယူမှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလကတော့ NLD ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်တဲ့ NLD အစိုးရလက်ထက်နဲ့ NUG သမ္မတ ဦးဝင်းမြင့် အကျဥ်းထောင်က လွတ်မြောက်လာခဲ့ပြီး ယခုလက်ရှိ နေပြည်တော်မှာ နေထိုင်နေပါတယ်။ ဦးဝင်းမြင့် အနေနဲ့ NLD ပါတီရဲ့ တာဝန်တွေကို တာဝန်ရှိနေ၊ တာဝန်ယူနေတယ်လို့ မှတ်ယူရမလား သို့မဟုတ် စစ်အစိုးရအောက်မှာ နေထိုင်နေရလို့ တာဝန်ယူ ပြောဆိုဖို့ အခြေအနေမပေးတာကြောင့်လား ဆိုတဲ့အချက်တွေလည်း မေးခွန်းအဖြစ်နဲ့ ရှိနေပြီး အခု ဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်၊ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ ဒုဥက္ကဋ္ဌ တယောက်အနေနဲ့ ဘယ်လို သဘောထားရှိသလဲ ဆိုတဲ့အချက်တွေကလည်း အဓိက ကျတဲ့မေးခွန်းတွေ ဖြစ်နေပြန်ပါတယ်။ 

နိုင်ငံရေးနယ်ပယ်မှာ နိုင်ငံရေးပရိယာယ်လို့ ဆိုတဲ့ စကားလုံးကို အကျိုးသက်ရောက်မှုတွေအရ ဖြစ်နေပျက်နေတဲ့ အခြေအနေ၊ လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်တွေကို အကုန်အစင် ထုတ်ဖော်ပြောဆိုဖို့ မဖြစ်နိုင်တဲ့ လုပ်ဆောင်ချက်တွေမှာ ရည်ရွယ်ချက်က တမျိုး အများသိအောင် ပြောဆိုရတာက တမျိုး အဖြစ်နဲ့ ကျင့်သုံးကြတာ ရှိပေမဲ့ ရပ်တည်ချက်ဆိုင်ရာ၊ လမ်းစဥ်ဆိုင်ရာ အခြေခံတန်ဖိုးဆိုင်ရာ ကိစ္စတွေမှာတော့ တသမတ်တည်း ဖြစ်မှသာ အများရဲ့ ယုံကြည်မှုကို ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar