Breaking News

တအာင်းပြည်လွတ်မြောက်ရေးတပ်ဦး နဲ့ NSPNC တို့ရဲ့ သဘောတူညီမှုက ဘာလက္ခဏာတွေပြသနေသလဲ



မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၁ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၂၆
တအာင်းပြည်လွတ်မြောက်ရေးတပ်ဦး နဲ့ NSPNC တို့ရဲ့ သဘောတူညီမှုက ဘာလက္ခဏာတွေပြသနေသလဲ
တအာင်းပြည်လွတ်မြောက်ရေး တပ်ဦး PSLF/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့ က ဒုတိယဥက္ကဌ (၁) ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ “အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆွေးနွေးရေးကော်မတီ” NSPNC နဲ့ နေပြည်တော်မှာ ဇူလိုင်လ ၁၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့တဲ့ အစည်းအဝေးမှတ်တမ်း အွန်လိုင်းမှာ ပြန့်နှံ့လာပါတယ်။
အစည်းအဝေးမှတ်တမ်းမှာ PSLF/TNLA ဘက်က ဆွေးနွေးမှုတွေနဲ့ NSPNC ဘက်က ပြန်လည်ဆွေးနွေးမှုတွေကို အကြောင်းအရာအလိုက် ဖော်ပြထားတာတွေ့ရပါတယ်။ ယခုလို ပေါက်ကြားလာတဲ့ နေပြည်တော် အစည်းအဝေးရဲ့ အနှစ်ချုပ်မှတ်တမ်းဟာ NSPNC ဘက်ကမှတ်တမ်းတင်ထားပြီး အစည်းအဝေးအပြီးမှာ နှစ်ဘက် သဘောတူညီမှုအဖြစ် လက်မှတ်ရေးထိုးထားကြတာ ဖြစ်ပါတယ်။ ဒီအစည်းအဝေး မှတ်တမ်းပါ အချက်အလက်တွေ အသုံးအနှုန်းတွေ ဆိုလိုရင်းတွေက ဆွေးနွေးပွဲမှာပါဝင်တဲ့ PSLF/TNLA အဖွဲ့ကလည်း ဖတ်ရှုပြီးမှ သဘောတူကြောင်း လက်မှတ်တွေပါရှိတာကြောင့် ပါဝင်တဲ့ အကြောင်းအရာတွေက ယုံကြည်နိုင်လောက်တဲ့ မှတ်တမ်းလို့ယူဆရပါတယ်။
PSLF/TNLA ဘက်က ဆွေးနွေးမှုက ပိုများပြီး NSPNC က ပြန်လည် တုံ့ပြန်ပြောဆိုတာက ဆွေးနွေးဘက် PSLF/TNLA ထက်စာရင်း နည်းပါးတာပါ။
PSLF/TNLA ရဲ့ ဆွေးနွေးမှုတွေမှာ အဓိက ကျတဲ့အချက်တွေ အနေနဲ့ဆိုရင် တအာင်းပြည်နယ် အသိအမှတ်ပြုဖို့ ၊ ဒေသဖွံ့ဖြိုးရေး ဖြစ်တဲ့ စီးပွားရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး ကိစ္စတွေကို မြန်မာစစ်အစိုးရဘက်က အကူအညီပေးဖို့၊ ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ တအာင်းပြည်သူတွေနေထိုင်တဲ့ တောင်တန်းဒေသတွေ ရဲ့ ဖွံ့ဖြိုးရေးဖော်ဆောင်တာတွေကို အစိုးရသစ် (PSLF/TNLA ရဲ့ အသုံးအနှုန်းအတိုင်း) အနေဖြင့် လက်ခံပေးရန် နဲ့ အသိအမှတ်ပြုမှုကိုရရှိခဲ့မယ်ဆိုရင် အစိုးရသစ်က ဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ PSLF အနေနဲ့ UWSA နဲ့ NDAA (မိုင်းလားအဖွဲ့) တို့နဲ့အတူ ပိုမိုတက်ကြွစွာပါဝင်မယ့်အကြောင်း ကမ်းလှမ်းထားတာတွေ့ရပါတယ်။
တအာင်းပြည်နယ် ပေါ်ထွန်းရေး ရည်မှန်းထားကြောင်းနဲ့ တအာင်းဒေသဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခြားပြည်နယ်များနဲ့ တန်းတူ စီမံအုပ်ချုပ်ခွင့်ရပြီး ပြည်ထောင်စုမှ လုံးဝခွဲမထွက်ဘဲ အတူတကွ တည်ဆောက်ကြဖို့ ရည်မှန်းချက် ထားရှိတယ်လို့လည်း ပါရှိပါတယ်။
ဒီအချက်ဟာ PSLF/TNLA ရဲ့ အဓိကအကျဆုံးနဲ့ အရေးကြီးဆုံး တောင်းဆိုချက်လို့ ကောက်ချက်ချနိုင်ပါတယ်။ လက်ရှိ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အဆင့်ကနေ ပြည်နယ်အဆင့်ကို တောင်းဆိုတာ ဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ထဲက နောက်တဖွဲ့ဖြစ်တဲ့ MNDAA အဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းယူထားတဲ့မြို့တွေ အနက် လားရှိုးတမြို့ကိုသာ ပြန်လွှဲအပ်ပေးခဲ့ပြီး ကျန်မြို့တွေကို ၁၉၈၉ ခုနှစ် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်စဥ်က သတ်မှတ်ခဲ့တဲ့ အထူးဒေသ (၁) အမည်အောက်မှာ ထည့်သွင်းကြေညာခဲ့တာမျိုးသာ ရှိပြီး ပြည်နယ်အဆင့် တောင်းဆိုတာမျိုး မတွေ့ခဲ့ရပါဘူး။
PSLF/TNLA အနေနဲ့ MNDAA နဲ့မတူကွဲပြားတဲ့ တောင်းဆိုချက်ကို တောင်းဆိုခဲ့တာ ဖြစ်ပြီး ပြည်နယ် သတ်မှတ်ပေးရေး တောင်းဆိုချက်နဲ့ ပတ်သက်လို့ NSPNC ဘက်က ပြန်လည် တုံ့ပြန်ရာမှာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးထားပြီးဖြစ်လို့ ပြည်နယ်ပေးရာတွင် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်မှ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်လို့ သဘောတူညီမှုမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
အခုလို ပြန်လည်တုံ့ပြန်ပြောဆိုတာဟာ ၂၀၀၈ အခြေခံဥပဒေအောက်က လွှတ်တော်က တဆင့်သာ လုပ်ရမယ် လုပ်ငန်းစဥ်လို့ ယေဘုယျဆန်ဆန် မြွေမသေ တုတ်မကျိုးဖြေကြားမှုလို့ ကောက်ချက်ချနိုင်ပါတယ်။ ရှမ်းပြည်နယ်ထဲက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခုရှိတဲ့အနက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် အဖြစ် သတ်မှတ်ပေးဖို့ စစ်အာဏာမသိမ်းမီ ၂၀၁၉ ခုနှစ်ဧပြီလ ၁၇ ရက် ဝ ပြည် ထူထောင်တဲ့ နှစ် ၃၀ ပြည့်အခမ်းအနားမှာ ထုတ်ဖေါ်ပြောဆိုဖူးပါတယ်။ သို့ပေမယ့် အဲဒီအချိန်ကာလက NLD အစိုးရ နဲ့ စစ်တပ်တို့က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့တာမျိုး မရှိပါဘူး။
ရှမ်းပြည်နယ်ထဲမှာ ပအို့ဝ်၊ ဝ၊ ပလောင်၊ ကိုးကန့် နဲ့ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခုရှိပြီး ရှမ်းပြည်နယ်ပြင်ပမှာ နာဂဒေသတခုပဲ ရှိတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်ဟာ နယ်မြေအကျယ်အဝန်းအားဖြင့် မြန်မာနိုင်ငံထဲမှာ အကျယ်ဆုံးပြည်နယ် ဖြစ်သလို လူမျိုးစု ၉ ခုထက်မနည်း နေထိုင်လျှက်ရှိတာ ဖြစ်ပါတယ်။ မင်းအောင်လှိုင် စစ်အစိုးရအနေနဲ့တော့ အခုလို PSLF/TNLA တောင်းဆိုမှုကို လိုက်လျောဖို့ အလားအလာနည်းလိမ့်မယ်လို့ မှန်းဆရပါတယ်။
သို့သော် ပြည်တွင်းစစ်မီးတောက်လောင်နေဆဲ စစ်မျက်နှာတွေ အများအပြားမှာ တိုက်ခိုက်နေရဆဲ အနေအထားမျိုးမှာ PSLF/TNLAနဲ့ ပြန်ပြီးလက်နက်ကိုင် တိုက်ခိုက်မယ့် အခြေအနေမျိုးကို လိုလားမှာ မဟုတ်တာ သေချာပါတယ်။
အခြားဆွေးနွေးတဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စ၊ တအာင်းပညာရေးစင်တာက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေ စစ်အစိုးရရဲ့ ပညာရေးဝန်ကြီးဌာန သင်ရိုးအတိုင်း သင်ကြားဖို့ ကိစ္စတွေကို ပြန်လည်ဖြေကြားခဲ့တာတွေ့ရပါတယ်။
PSLF/TNLA နဲ့ NSPNC တို့ နောက်တကြိမ်တွေ့ဆုံဆွေးနွေးမှုကို TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့ မှာ ကျင်းပဖို့ စစ်တပ် NSPNC က အဆိုပြုပြီး တွေ့ဆုံမယ့်ရက်ကို ပြန်လည်ညှိနှိုင်းမယ်လို့ ပါရှိပါတယ်။
NUG အစိုးရရဲ့ ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက “လမ်းများအားလုံးနေပြည်တော်သို့” ဆိုတဲ့ ဆောင်ပုဒ်ကို ကြွေးကြော်ခဲ့ပြီး ထိုစဥ်က ၁၀၂၇ ထိုးစစ်တွေရဲ့အောင်မြင်မှု အခြားသော တိုင်းရင်းသားဒေသနဲ့ အညာဒေသရဲ့ စစ်ရေးအောင်မြင်မှုတွေကို နောက်တဆင့်တက်ရင် နေပြည်တော်ကို စစ်ရေးအရ ချီတက်သိမ်းယူမယ်ဆိုတဲ့ အဓိပ္ပါယ်လို့ အများက နားလည်သဘောပေါက်ကြပါတယ်။
သို့ပေမဲ့ တနှစ်ကျော်အကြာ စစ်ရေးအရ ပြန်နလံထူလာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေအချို့ လက်လွှတ်ခဲ့ရတဲ့ တော်လှန်ရေး လက်နက်ကိုင်အင်အားစုအချို့ တို့ရဲ့ စစ်ရေး ချိန်ခွင်လျှာ အပြောင်းအလဲရှိလာချိန်မှာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အချို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်ကိုသွားကြရတဲ့ အဖြစ်က သရော်စရာ စကားစုအဖြစ် အဓိပ္ပါယ် ပြောင်းလဲလာတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar