နေသွင်ညိဏ်း - ဟိုးမားရဲ့ ဩဒက်စီ ODYSSEY ကို ရုပ်ရှင်အဖြစ် ပထမဆုံးကြည့်ရခြင်း
ဟိုးမားရဲ့ ဩဒက်စီ ODYSSEY ကို ရုပ်ရှင်အဖြစ်
ပထမဆုံးကြည့်ရခြင်း
နေသွင်ညိဏ်း
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၂၆
ဩဒက်စီ ODYSSEY ဆိုတဲ့ စကားလုံး ကျနော် စိတ်ထဲ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်စေတာက ဆရာမြသန်းတင့် ဘာသာပြန်တဲ့ လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ စာအုပ်ထဲက စာတပိုဒ်ကြောင့်လို့ ဆိုရပါမယ်။ အဲရစ် ဆီဂဲ ( Erich Segal) ရဲ့ The Class ဝတ္ထုကို ဆရာမြက ဘာသာပြန်ခဲ့ပြီး မြန်မာဘာသာပြန် စာအုပ်နာမည်ကပင် လွမ်းစရာကောင်းနေတော့တယ်။ ဒီစာအုပ် အရှေ့နားက စာမျက်နှာတရွက် မှာ ကျနော် စာရွက်ကလေး ခေါက်ထားတယ်။ နှစ်တွေကြာတော့ ဇာတ်လမ်းအသေးစိတ်တွေ ကျနော် မေ့သွားတယ်။ ဒါပေမယ့် ဟားဗက်တက္ကသိုလ်ကြီးရဲ့ ဂရိဘာသာစာသင်ခန်းထဲမှာ ပါမောက္ခဖြစ်တဲ့ ဖင်လေရဲ့ ပို့ချချက်ကို ကျနော် မမေ့။ ပါမောက္ခက ပြောတယ်။
‘ တပည့်တို့ စဉ်းစားကြည့်ကြစမ်း။ အိုဒက်ဆီးယတ်စ်ဟာ အင်မတန်နွေးထွေးတဲ့၊ သာယာတဲ့ မြကျွန်းသာ၊ သေခြင်းကင်းတဲ့ အမတ ကျွန်းကနေ သူ့ဇာတိကို ဘာလို့ ပြန်ချင်ရသလဲ။ ဘာလို့ အန္တရာယ်များလှတဲ့ ရေလမ်းခရီးကြမ်းကို စွန့်စားရသလဲ။ ဇာတိသွေးကြောင့်ကွ၊ အဲဒါ ဇာတိသွေးကြောင့်။ တနည်းပြောရရင်တော့ကွာ လူမှာ မအို မနာ မသေ မတောင့်မတဘဝဆိုတာထက် ချစ်ခြင်းမေတ္တာက ပိုအရေးပါလို့ကွ’
စကားလုံး အတိအကျမဟုတ်ပါ။ ကျနော့် စိတ်ထဲ မှတ်မိနေတဲ့ စကားလုံးတချို့ပါ။ ကျနော် မမှားရင် ဒီအတန်းထဲမှာ The Class ဝတ္ထုရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ မှတ်တမ်းတင်သူ အင်ဒရူးအပြင်၊ ဂရိနွယ်ဖား လင်းဘရို့နဲ့ ရေဝတီကျောင်းသား ဂျေဆန်တို့လည်း ရှိနေပါတယ်။ ‘မင်းတို့ စဉ်းစားကြစမ်း’ ဆိုတဲ့ ဒီစကားဟာ ဒီဝတ္ထုရဲ့ အဓိက နေရာမှာ ရှိတယ်လို့ ကျနော် ထင်တယ်။ ဒါကြောင့် ဒီစကားရဲ့ လေးနက်မှုကို ကျနော် မှတ်မိနေတာလို့ ထင်တယ်။ အထူးသဖြင့် ဂျေဆန်ရဲ့ ဘဝကို ပုံဖော်ရာမှာ ဒီစကားရဲ့ လေးနက်မှုကို ကျနော် ခံစားရပါတယ်။
ဒီလိုနဲ့ Homer ဟိုးမားရဲ့ Odyssey ကို ကျနော် မိတ်ဆက်ခဲ့ရပါတယ်။ လေးနက်ခဲ့ရပါတယ်။ နောက်တော့ ဆရာမောင်ထင်ရဲ့ ဂန္ထဝင် သံခိပ်ထဲမှာ ODYSSEY ကိုရော ILIAD ကိုရော ကျနော် အကျဉ်းချုပ်သိခဲ့ရပါတယ်။ ဆရာမောင်ထင်ရဲ့ အာဘော်ကိုပဲ ပြန်ကောက်ရရင် Odyssey က အလွမ်းဇာတ်ဖြစ်ပြီး၊ ILIAD က အကြမ်းဇာတ်လို့ ဆိုကြပါစို့။ ဇာတ်လမ်းသဘောအရဆိုရင် အကြမ်းက အရင်၊ အလွမ်းက နောက်ပိုင်း ဖြစ်ပါတယ်။ ဂရိဂန္ထဝင်ဩဒက်စီနဲ့ အီးလီယဒ်ကို အိန္ဒိယဂန္ထဝင်မှာ မဟာဘာရတနဲ့ ရာမာယဏတို့နဲ့ နှိုင်းယှဉ်လေ့ရှိပါတယ်။
ဩဒက်ဆီ ODYSSEY ရဲ့ အင်္ဂလိပ် အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ ခက်ခဲကြမ်းတမ်းသောခရီးရှည်လို့ နားလည်ရပါတယ်။ အနောက်တိုင်းစာပေမှာ ဒီအလင်္ကာနှစ်ပုဒ်က ဩဇာကြီးလှပါတယ်။ တက္ကသိုလ်တွေရဲ့ စာပေသင်ရိုးညွှန်းတမ်းလည်း ဖြစ်ပါတယ်။ ဒီလိုကြောင့် The Class ဝတ္ထုကြီးထဲ ဒီအခန်းကို ထည့်ထားပုံပါတယ်။
မြန်မာလူမျိုးတွေ ရေးတဲ့ စာအုပ်တွေကိုလည်း ဒီနာမည်နဲ့ ကျနော် သတိထားမိတာ နှစ်အုပ်ရှိပါတယ်။ အဆိုတော် ဟန်ထူးလွင်က ODYSSEY နာမည်နဲ့ စာအုပ်တအုပ် မကြာခင်က ပြင်သစ်မှာ ထုတ်ပါတယ်။ ကျနော် မဖတ်ရသေးပါ။ ဒီအရင်က ကိုပါစကယ်ရဲ့ နာမည်ကျော်စာအုပ် From The Land Of Green Ghosts စာအုပ်ရဲ့ ဒုတိယ ခေါင်းစဉ်ကလည်း A Burmese Odyssey လို့ ပေးထားတာ တွေ့ရပါတယ်။ ဒီစာအုပ်ကို ကျနော် ဖတ်ခဲ့ပြီး ကြိုက်နှစ်သက်တာ ပြောစရာမလိုပါ။ အဓိက ကျနော် ပြောချင်တာက Odyssey ရဲ့ ဩဇာအကြောင်းပါ။
လွန်ခဲ့တဲ့ နှစ်အတန်ကြာကတော့ ထရွိုင်စစ်ပွဲအကြောင်း ရိုက်ပြတဲ့ ရုပ်ရှင်ကြည့်ရပါတယ်။ မင်းသားကြီး ဘရက်ပစ်က အာခီလီ နေရာက သရုပ်ဆောင်တဲ့ ဇာတ်ကားထင်ပါတယ်။ ဒါက ILIAD အပိုင်းကို နောက်ခံထားပါတယ်။ အာခီလီ အကြောင်း ကျနော်တို့ သိကြပါတယ်။ အထူးပြောစရာမလိုပါ။ လူတပိုင်း နတ်တပိုင်း သူရဲကောင်းကြီး ဖြစ်ပြီး တိုက်ပွဲတိုင်းနိုင်တဲ့ သူရဲကောင်းဖြစ်ပါတယ်။ ပြီးတော့ နတ်သမီးတမျှ ချောမောလှတဲ့ ဟယ်လင်မင်းသမီး။ သူ့ကြောင့် ထရိုဂျန်စစ်ပွဲ ဖြစ်ခဲ့ရပုံ၊ စပါတာတွေက ဧရာမ မြင်းရုပ်ပုံကြီးသွန်းလုပ်ပြီး စစ်ဗျူဟာခင်းလို့ ထရိုင်မြို့ကြီးကျခဲ့ရပုံ စတာတွေဟာ ကျနော်တို့ အိပ်ရာဝင်ပုံပြင်တွေဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် အလွမ်းပိုင်းဖြစ်တဲ့ ODYSSEY အပိုင်းကိုတော့ ကျနော် အရင်က ရုပ်ရှင်အနေနဲ့ မကြည့်ခဲ့ရပါဘူး။ ခရစ္စတိုဗာ နိုလန် ရဲ့ ဒီရုပ်ရှင်ဟာ အခု review တွေ အရမ်းကောင်းနေတာရော၊ ကျနော် ကိုယ်တိုင်လည်း ကြည့်ချင်တာကြောငိ့ မနေ့က သွားကြည့်ဖြစ်ပါတယ်။ ၃ နာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ဟာ တချက်လေးတောင် ငြီးငွေ့စရာ မကောင်းပါဘူး။ ဟိုးမားရဲ့ ကဗျာနှစ်ပုဒ် အင်္ဂလိပ်ဘာသာပြန်ဟာ စာမျက်နှာ ၁ ထောင်နီးပါး ရှိပါလိမ့်မယ်။ ဒီရုပ်ရှင်က Odyssey အပိုင်းဖြစ်ပြီး သူရဲကောင်း အိုဒက်ဆီးယတ်စ်ရဲ့ အိမ်ပြန်ခရီးကို အဓိက ထားရိုက်ပါတယ်။ ထရိုဂျန်စစ်ပွဲကြီး ပြီးဆုံးခဲ့ပြီး၊ စစ်သည်တော်တွေ အသီးသီး နေရပ်ပြန်ကြချိန်မှာ အိုဒက်ဆီးယတ်စ်ကလည်း သူ့တပ်နဲ့အတူ သူတို့မြို့ပြနိုင်ငံဆီ ပြန်ရင်း လမ်းခရီးမှာ အခက်ခဲတွေ ကြုံရပုံကို ရိုက်ကူးထားပါတယ်။ ထရိုဂျန်စစ်ပွဲကိုလည်း နောက်ကြောင်းပြန်နဲ့ ပြပါတယ်။
ဇာတ်လမ်းက သိပြီးသား။ ဖန်တရာတေနေပြီးသားလို့ ပြောရပါမယ်။ ဒါပေမယ့် ဒါရိုက်တာရဲ့ ပညာ၊ ပြကွက်တွေ၊ မူရင်း ဇာတ်လမ်း ဇာတ်အိမ်ရဲ့ လှပမှု၊ ဆန်းကြယ်မှုတွေကြောင့် ငြီးငွေ့စရာတကွက်တောင် မရှိပါဘူး။ ကျနော်အကြိုက်ဆုံးကတော့ နည်းပညာ အထူးပြုလုပ်ချက်မပါဘဲ လူသားတွေဖန်တီးတဲ့ အနုပညာစစ်မှန်မှုကို ကြည့်ရတာပါပဲ။
ကျနော် အထူးသတိထားမိတာက အိုဒက်ဆီးယတ်စ်နေရာက သရုပ်ဆောင်တဲ့ မင်းသားကြီး မက်သရူး ဒါမွန်ရဲ့ မျက်နှာပါပဲ။ ရဲရင့် တည်ကြည်ပေမယ့် စစ်သူရဲကောင်းတယောက်ရဲ့ မျက်နှာမျိုး တွေ့ရခဲပါတယ်။ သူ့မျက်လုံးတွေဟာ အမြဲတမ်းလိုလို အဝေးကို ငေးနေပါတယ်။ စစ်ပွဲကို အနိုင်တိုက်ခဲ့တဲ့ စစ်သူကြီးဟာ ထရိုင်မြို့ကြီးကို မီးလောင်တိုက်သွင်းရာမှာ ပါဝင်ခဲ့ရတယ်။ သူ့ရှေ့မှာ လူတွေ အများကြီး သေခဲ့တယ်။ အမျိုးသမီးတွေလည်း ပါတယ်။ နောက်တော့ သူဟာ တိုက်ဖော်တိုက်ဖက် ရဲဘော်တွေကို လက်လွတ်ခဲ့ရတယ်။ နောက် သူ့အင်မတန်ချစ်မြတ်နိုးတဲ့၊ သူ့အပေါ်အလွန် သစ္စာရှိတဲ့ ဇနီးနဲ့ လူမမည်သားအတွက် သူစိတ်မချဘူး။ ဒီထက် အရေးကြီးတာက ထရိုဂျန်စစ်ပွဲဟာ မတရားတဲ့ စစ်လို့ သူ့စိတ်ထဲ ခံစားနေရတာပါပဲ။ ဒီခံစားမှုအားလုံးကို သူမျက်နှာမှာ တလျောက်လုံးမြင်ရတာပါပဲ။
ဇာတ်သိမ်းခန်းကတော့ အများသိပြီးသားအတိုင်းပါပဲ။ အိုဒက်ဆီးယတ်စ်ဟာ သူ့ထီးနန်းကို သိမ်းဖို့၊ သူ့မိဖုရားကို သိမ်းဖို့ ကြံနေတဲ့ သစ္စာမရှိသူတွေ နှိမ်နင်းရပါတယ်။ လေးတင်ခန်းကို တွေ့တော့ ရာမာယဏ ကို သတိရလိုက်ပါသေးတယ်။ ဂရိနဲ့ အိန္ဒိယ ဘယ်သူက အရင်လေးတင်လဲဆိုတာ ကျနော် မသိပါ။ ( ဆရာမောင်ထင်က ဂရိဂန္ထဝင်မဟာကဗျာက အိန္ဒိယမဟာလင်္ကာထက် နှစ် ၃၀၀ ခန့်စောလိမ့်မယ်လို့ ဆိုတယ်။) အံ့ဩစရာကောင်းတာ ဒီလောက် ဩဇာကြီးကြတဲ့ အနုပညာဖန်တီးမှု ၂ ခုမှာ ခပ်ဆင်ဆင် ဖြစ်နေတဲ့အချက်ပါပဲ။ ယဉ်ကျေးမှု အနုပညာတွေရဲ့ ဆက်နွှယ်မှုဟာ စိတ်ဝင်စားစရာကောင်းပါတယ်။
ရုပ်ရှင်မကြည့်ရသေးသူတွေ အရသာပျက်မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။ ချုပ်ပြောရရင်တော့ ရုပ်ရှင်ကားကောင်းကောင်း မကြည့်ရတာ ကြာနေပြီဖြစ်တဲ့ ကျနော့်အတွက် အတော်လေး အရသာရှိသွားတဲ့ ODYSSEY ပါပဲ။ The Class ဝတ္ထုထဲက ပါမောက္ခ ဖင်လေပြောတဲ့ ဇာတိစိတ်၊ ချစ်ခြင်းမေတ္တာ ဆိုတာတွေကိုလည်း ပြန်လည်ခံစားလိုက်ရပါတယ်။
နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
