မင်းအောင်လှိုင် အစိုးရရဲ့ စစ်ကာလ စီးပွားရေးပေါ်လစီ ဘာတွေ ဖြစ်လာနိုင်သလဲ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၅ မြင်ကွင်း
(မိုးမခ) ဇွန် ၂၆ ၊ ၂၀၂၆
မင်းအောင်လှိုင် အစိုးရရဲ့ စစ်ကာလ စီးပွားရေးပေါ်လစီ ဘာတွေ ဖြစ်လာနိုင်သလဲ
စစ်အာဏာသိမ်းပြီး သမ္မတရာထူး ရယူထားတဲ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အရပ်သားအသွင်ပြောင်း အစိုးရရဲ့ စီးပွားရေး ပေါ်လစီတွေရဲ့ ကျောရိုးက ဘာတွေလဲလို့ အကဲခတ်ကြည့်ရင် ပြည်တွင်းစစ်မှာ အသုံးပြုနေရတဲ့ စစ်လက်နက်၊ ခဲယမ်းတွေ၊ လေယာဥ်ဆီ အစရှိတဲ့ ပြည်ပက တင်သွင်းရမယ့် အရာတွေအတွက် နိုင်ငံခြားငွေ အလုံအလောက်ရရှိဖို့ အခွန်အကောက်နဲ့ တင်ပို့ကုန်၊ ပြည်ပလုပ်သားပြန်ပို့ငွေတွေက ရတဲ့ နိုင်ငံခြားငွေကို တတ်နိုင်သမျှ ချွေတာဖို့ ဖြစ်တာတွေ့ရပါလိမ့်မယ်။
ခုရက်ပိုင်းအတွင်း နေပြည်တော်မှာ ကျင်းပတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောဆိုရာမှာ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အားပေးပြီး ပြည်တွင်းထုတ်ကုန်မြှင့်တင်မယ် ပြည်တွင်းမှာ သုံးစွဲဖို့ ဖူလုံရင် ပြည်ပကိုတင်ပို့နိုင်မယ် လို့ ဖြစ်ပါတယ်။
ဒီပြောဆိုမှုဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီခေတ်က စီးပွားရေး တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့စဥ်ကပြောဆိုမှုမျိုးနဲ့ အသွင်သဏ္ဌာန်တူနေပြီး ချိုးခြံချွေတာရေး၊ ပြည်တွင်းဖူလုံရေး ဆိုတဲ့ စကားလုံးအားဖြင့်သာ နားထောင်ကောင်းပြီး လက်တွေ့မှာ မအောင်မြင်တဲ့ ကြွေးကြော်သံတွေလို့သာ ဆိုနိုင်ပါတယ်။
မဆလ ခေတ်လို နယ်စပ်ကုန်သွယ်ရေးတွေ လုံးဝမရှိတဲ့ ကာလမျိုး မဟုတ်သည့်တိုင် တရုတ်၊ ထိုင်း နယ်စပ်ကုန်သွယ်ရေးတွေ လိုင်စင်ခက်ခဲအောင် လုပ်ထားတာမျိုးတွေ့ရသလို တရုတ်နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကကျတဲ့ လမ်းကြောင်းဖြစ်တဲ့ မူဆယ်-မန္တလေး လမ်းပိုင်းကိုလည်း အာဏာသိမ်းစစ်တပ်အနေနဲ့ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ အနေအထားမဟုတ်သလို အခွန်အကောက် ကောက်ခံမှုကွင်းဆက်ထဲမှာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲတချို့ ပါဝင်နေခြင်းကလည်း အခြားသော အကြောင်းအချက် တခုဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးကို တင်းကြပ်ထားတာကြောင့် ပြည်တွင်းက စားသုံးသူတွေသာမကပဲ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေ၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအထိ ကုန်ကြမ်းပစ္စည်း စျေးနှုန်းမြင့်တက်တာ၊ ဝယ်ယူရခက်ခဲတာတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
၂၀၂၃ အောက်တိုဘာ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေက နိုင်ငံအနှံ့အပြား စစ်ဆင်ရေးတွေ ဆင်နွှဲကြတဲ့အချိန် ဝန်းကျင်ကတည်းက ထိုင်း-မြန်မာနယ်စပ် နဲ့ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို စစ်တပ်က အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ချိန်မှာ တော်လှန်ရေးလက်နက်ကိုင်တပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ နည်းလမ်းအမျိုးမျိုးနဲ့ တင်သွင်း သယ်ယူလာတဲ့ ကုန်စည်တွေအပေါ် အခွန်ကောက်ခံရရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ အနေအထားကို အာဏာသိမ်းစစ်တပ်က လေ့လာသိရှိရာက တော်လှန်ရေးလက်နက်ကိုင်တွေ ရဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ဖို့နဲ့ နယ်စပ်ကုန်သွယ်ရေး အရှိန်ကြောင့် နိုင်ငံခြားငွေ ဝယ်အားမြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုးကျတာကို တားဆီးဖို့ တချက်ခုတ် နှစ်ချက်ပြတ်စိတ်ကူးနဲ့ နယ်စပ်ကုန်သွယ်ရေးတင်းကျပ်တာ၊ ပြည်ပတင်သွင်းခွင့် လိုင်စင်တင်းကျပ်တဲ့ မူတွေချမှတ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အဲဒီကာလတွေက တရားမဝင်ကုန်စည်တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဆိုတာကို ဖွဲ့စည်းပြီး ထိုစဥ်က ဒုတပ်ချုပ် စိုးဝင်းက ဦးဆောင်ကာ ထိုင်းနယ်စပ်က သယ်ဆောင်လာတဲ့ ကုန်ကား အစင်းရေ ၂၀၀/၃၀၀ ကျော်ကို ဘားအံမြို့မှာ ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းယူတာ မတန်တဆ ဒဏ်ရိုက်တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်တာကြောင့် ပြည်ပက တင်သွင်းတဲ့ သွားတိုက်ဆေး၊ ရေချိုးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာမှုန့်လို နေ့စဥ်သုံး ပစ္စည်းတွေ၊ ဆေးဝါးတွေ မတန်တဆ ဈေးနှုန်းမြင့်တက်ခဲ့တာ အခုချိန်ထိတိုင်ပဲ ဖြစ်ပါတယ်။
မဆလ ခေတ်ကလို မှောင်ခိုလိုလည်း တောလမ်းတွေကနေ လူအားနဲ့ သယ်ယူကာ တင်သွင်းကြတဲ့ခေတ်လို ပြန်မရောက်သွားပေမဲ့ စစ်ဆေးရေးဂိတ်တွေကို ငွေပုံပေးပြီး တင်သွင်းကြတဲ့ အနေအထားမျိုးကို ရောက်ရှိကာ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ နိုင်ငံခြားက တင်သွင်းလာတဲ့ လူသုံးကုန်ပစ္စည်းတွေကို မတန်တဆ ဈေးနဲ့ပေးပြီး သုံးစွဲနေကြရတဲ့ အနေအထားသာ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
အခုနေကာလမှာ မြဝတီကနေ ရန်ကုန်အရောက် ကုန်ပစ္စည်းတတန်ကို သယ်ဆောင်ခ သိန်း ၁၄၀ ဝန်းကျင်ထိ ရှိနေတယ်လို့ တချို့သော သတင်းရင်းမြစ်တွေအရ သိရပါတယ်။ သိန်း ၁၄၀ ဟာ အစိုးရရဲ့ ဘဏ္ဍာငွေအဖြစ် ရောက်ရှိမဲ့ပမာဏ မဟုတ်ဘဲ အားလုံးနီးပါး စစ်ဆေးရေးဂိတ်တွေမှာ ရှိကြတဲ့ အဖွဲ့အစည်းပေါင်းစုံအတွက် တရားမဝင် ရရှိတဲ့ ဝင်ငွေအဖြစ် အသွင်ပြောင်းသွားကြတာလည်း ဖြစ်ပါတယ်။
အခုလို နယ်စပ်ကုန်သွယ်ရေးတွေကို တင်းကျပ်ထားခြင်းက လူသုံးကုန်ပစ္စည်းတွေသာမကပဲ အခြားသော ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ ကုန်စည်တွေကိုပါ ဈေးနှုန်းကြီးမြင့်စေပြီး ကုန်ထုတ်လုပ်မှုကို ထိခိုက်စေတာ ဖြစ်ပါတယ်။
အရပ်သား အသွင်ပြောင်းစစ်ခေါင်းဆောင်ကတော့ ဒီအချက်တွေကို နားလည် သဘောပေါက်ခြင်း မရှိဘဲ နိုင်ငံခြားငွေ သုံးစွဲမှု ချွေတာရေး တခုတည်းကိုသာ မြင်ပြီး ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွေက အခြေအနေအတိုင်း ဆက်လက် ကျင့်သုံးနေတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်ကုန်တဲ့အနေအထားမှာ လူတွေရဲ့ ဝင်ငွေက တိုးမြင့်လာခြင်း မရှိတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ကျပ်ငွေတန်ဖိုး သိသိသာသာ ထိုးမဆင်းသည့်တိုင် လူတွေရဲ့ လုပ်အားခ၊ ဝင်ငွေက တိုးမြင့်မလာတာ တွေ့ရမှာဖြစ်ပြီး အသုံးစရိတ်ကသာ သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ မုန့်ဟင်းခါး တပွဲ ၂၀၀၀၊ ၂၅၀၀ ကျပ်လောက် ရောက်နေတဲ့အနေအထား၊ ကမ္ဘာ့လောင်စာဆီ အကျပ်အတည်းဖြစ်တဲ့ ၃/၄ လ ကြာကာလအတွင်း သယ်ပို့စရိတ်တွေ ထပ်မြင့်တက်လာတာကြောင့် စားသောက်ကုန်၊ လူသုံးကုန်၊ ဝန်ဆောင်မှု နှုန်းထားတွေ ထပ်မံမြင့်တက်လာပြန်တာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ လောင်စာဆီဈေးမြင့်ချိန် စုံ/မ စနစ်နဲ့ သုံးစွဲမှု လျှော့ချတဲ့ ကာလတွေမှာ လောင်စာဆီ တင်သွင်းမှု လျော့ကျလို့ နိုင်ငံခြားသုံးငွေ သိသာစွာလျော့ကျလာတဲ့ အဖြစ်ကို ဂုဏ်ယူပြီး ပြောဆိုနေတာလည်း တွေ့ရမှာပါ။ လောင်စာဆီ ရှားပါးမှု၊ တင်ပို့မှု ကုန်ကျစရိတ်တက်တာ၊ ထုတ်လုပ်ရိတ်သိမ်းမှုအတွက် ကုန်ကျစရိတ်တက်တာတွေကြောင့် သီးနှံစိုက်ပျိုးသူတွေ အထိနာနေကြတဲ့အဖြစ်ကို စစ်ခေါင်းဆောင် မြင်ပုံမရတာ သေချာပါတယ်။ ဂေါ်ဖီထုပ်၊ ခရမ်းချဥ်သီး၊ ပန်း၊ ဆန်စပါး တို့လို စိုက်ပျိုးသူတွေ တခါမျှ မကြုံဖူးတဲ့ အခြေအနေတွေကြုံတွေ့နေကြရတာကို စစ်ခေါင်းဆောင် ကြားသိ မြင်တွေ့ခြင်း မရှိပါဘူး။
ဒီအခြေအနေတွေက ပြည်တွင်းစီးပွားရေးကို ချွတ်ခြုံကျတဲ့ အဆင့်မျိုးထိ ဦးတည်စေနိုင်လားဆိုတဲ့ စိုးရိမ်ဖွယ် အလားအလာလည်း ရှိနေတာပါ။ မတရားအာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင် မူဝါဒ အလွဲတွေ အမှားတွေ ချပြီး လုပ်နေခြင်းဟာ နပိုလီယံ ပြောဖူးတဲ့ စကားလို ရန်သူ အမှားလုပ်နေချိန် မတားပါနဲ့ ဆိုသလို ဝမ်းသာရမလား၊ သို့မဟုတ် အခုလို စီးပွားရေး အခက်အခဲ အကျပ်အတည်းတွေရဲ့ ဒဏ်ကို လူထုအနေနဲ့ ဒီထက် ပိုမခံစားရစေဖို့ ပြောဆိုရမလား ဆိုတဲ့ ရွေးချယ်ရခက်တဲ့ အနေအထား ရောက်နေတယ်လို့ ဆိုရမလို ဖြစ်နေတဲ့ အနေအထားမျိုးလို့ ဆိုချင်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar