Breaking News

လှကျော်ဇော - နိုင်ငံတကာအခင်းအကျင်းသစ်များ (၈)

နိုင်ငံတကာအခင်းအကျင်းသစ်များ (၈)

လှကျော်ဇော

 မိုးမခ ၊ ဇွန် ၂၆ ၊ ၂၀၂၆


ဂျီ-၇ (G-7) က ပေးလိုက်တဲ့ သတင်းစကား

ပြင်သစ်-အီဗီယန်မြို့မှာ ၂၀၂၆ ခုနှစ်အတွက် ဂျီ-၇ (G-7) ထိပ်သီးဆွေးနွေးပွဲကြီးကို ဇွန်လ (၁၅-၁၇) သုံးရက် ကျင်းပခဲ့ပါတယ်။ ဂျီ-၇ နိုင်ငံများဆိုတာက ကမ္ဘာ့အင်အားကြီး ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီး (၇) နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါနဲ့ ဂျပန်နိုင်ငံများကို ဆိုလိုပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂလည်း ပါဝင်ပါတယ်။ အဲဒီနိုင်ငံများက အမြင့်ဆုံးခေါင်းဆောင်များ တက်ရောက်ကြပါတယ်။ နှစ်စဉ်ကျင်းပရာမှာ အိမ်ရှင်နိုင်ငံက မိမိနိုင်ငံနဲ့ တစ်စုံတစ်ရာ ဆက်စပ်နေတဲ့ နိုင်ငံများကို ဖိတ်ခွင့်ရှိပါတယ်။ ဒီနှစ်မှာတော့ ပြင်သစ်က အိန္ဒိယ၊ ဘရာဇီး၊ တောင်ကိုရီးယား၊ အီဂျစ်၊ ယူကရိန်း၊ ယူအေအီး စတဲ့ နိုင်ငံများကို ဖိတ်ကြားခဲ့ပါတယ်။


ဒီဂျီ-၇ နိုင်ငံ ဆွေးနွေးပွဲများဟာ တစ်ကြိမ်တစ်ခါက နိုင်ငံတကာစင်မြင့်မှာ အတော်သြဇာကြီးခဲ့ပေမဲ့ အခုအချိန်မှာတော့ ဒီနိုင်ငံတွေရဲ့ စီးပွားရေး အရှိန်အဟုန် ကျဆင်းလာမှုကြောင့်ရော၊ သူတို့ရဲ့ ပြည်တွင်းရေး အခြေအနေများ မတည်ငြိမ်မှုကြောင့်ရော သြဇာအရှိန်တွေ ကျဆင်းလာပါတယ်။ ဒါ့အပြင် အမေရိကန်မှာ ထရမ့် တက်လာပြီးကတည်းက ဥရောပကို ရန်လိုတဲ့ မူဝါဒများကြောင့် ဒီဂျီ-၇ နိုင်ငံများရဲ့ သွေးစည်းညီညွတ်ရေးဟာ အက်ကြောင်းတွေ အတော်များများ ပေါ်လာပါတယ်။ အခုနောက်ဆုံး အီရန်စစ်ပွဲ ဖြစ်လာတော့ သဘောထားကွဲလွဲမှုတွေဟာ ပိုမိုဆိုးရွားလာနေတာပါ။ ဒါကြောင့် သူတို့အချင်းချင်းကြားမှာတောင် အတော်ညှိယူနေရတာဖြစ်လို့ ပိုမျက်နှာပျက်စရာ ဖြစ်လာနေတာပါ။

ဒါ့အပြင် ဂျီ-၇ နိုင်ငံအဖွဲ့ကို ပြိုင်နိုင်တဲ့ အစုအဖွဲ့များကလည်း ပေါ်လာနေပါတယ်။ ဥပမာ- တရုတ်တို့၊ ရုရှားတို့ ဦးဆောင်ဖွဲ့စည်းထားတဲ့ (ကမ္ဘာ့တောင်ပိုင်းနိုင်ငံများရဲ့) BRICS+ အဖွဲ့ဆိုပါစို့။ လွန်ခဲ့တဲ့ ကာလများက ဂျီ-၇ နိုင်ငံများရဲ့ စုပေါင်းစီးပွားရေးအင်အားဟာ ကမ္ဘာ့ GDP ရဲ့ ၃၃ ရာခိုင်နှုန်းဖြစ်ပြီး BRICS အဖွဲ့ကတော့ ၂၂ ရာခိုင်နှုန်းပဲ ရှိတာပါ။ အခုအခါမှာတော့ BRICS+ က ၄၄ ရာခိုင်နှုန်း (နှစ်စဉ်တိုးတက်နှုန်း ပျမ်းမျှ ၃.၈ ရာခိုင်နှုန်း) ဖြစ်ပြီး ဂျီ-၇ (နှစ်စဉ်တိုးတက်နှုန်း ပျမ်းမျှ ၁.၀ ပဲရှိ) ကို ကျော်လွန်သွားပါပြီ။ ဒါ့အပြင် BRICS မှာ ပါဝင်တဲ့ တိုင်းပြည်တွေက တစ်နှစ်ထက်တစ်နှစ် တိုးလာနေတာပါ။ ဂျီ-၇ နိုင်ငံများအဖွဲ့က အဖွဲ့ဝင်တွေတိုးဖို့ ကြိုးစားမှုတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အကျိုးစီးပွားတွေ မတူတဲ့အခါ တိုးချဲ့ရေးက မလွယ်လှပါဘူး။ ဥပမာ- ဒီနှစ် ဂျီ-၇ အစည်းအဝေးကို အိမ်ရှင်ပြင်သစ်က တရုတ်ကို ဖိတ်ချင်ပေမဲ့ ဂျပန်က သဘောမတူပါဘူး။

ဒီလိုသဘောထားကွဲလွဲမှုတွေ ရှိလို့လည်း အစည်းအဝေးကြီးအပြီးမှာ အားလုံးသဘောတူ ထုတ်တတ်တဲ့ ပူးတွဲကြေညာချက် မထုတ်နိုင်ဘဲ၊ အကြောင်းအရာတစ်ခုစီပေါ်မှာသာ (ဥပမာ- ယူကရိန်းကိစ္စ၊ အီရန်စစ်ပွဲ) သီးခြားထုတ်တာ တွေ့ရပါတယ်။ အထူးသဖြင့် သူတို့အားလုံး ပူပန်နေကြရပြီး စိတ်အေးရရေးအတွက် လုပ်ဆောင်ချင်နေတဲ့ ရှားပါးသတ္တုများ ရရှိရေးအတွက် ကြိုးပမ်းဖို့ မဟာမိတ်ဖွဲ့ရေးဆိုတာကို ဘယ်လိုမှ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ တရုတ်တစ်နိုင်ငံတည်းအပေါ် သူတို့မှီခိုနေရမှုကို လျှော့ချဖို့ပါ။ ဒါလည်း မထူးဆန်းပါဘူး။ သူတို့ဖိတ်ခေါ်ထားတဲ့ နိုင်ငံစာရင်းကိုလည်း ကြည့်ပါဦး။ အားလုံးနီးပါးဟာ စီးပွားရေးအရ တစ်နည်းမဟုတ်တစ်နည်း တရုတ်ကို မှီခိုနေရတာပါ။ ရှားပါးသတ္တုက တူးဖော်ထုတ်လုပ်ရုံနဲ့ ပြီးတာမဟုတ်ပါဘူး။ သန့်စင်အောင် လုပ်ရသေးတာပါ။ ဒီဟာက အတော်လက်ဝင်ပြီး စနစ်တကျ မစီစဉ်ထားရင် (ရင်းနှီးမြှုပ်နှံမှု မကောင်းရင်) ပတ်ဝန်းကျင် ထိခိုက်မှုက ကြီးလေးလှပါတယ်။ တရုတ်က အစောကြီးကတည်းက ဒီ (သေနင်္ဂဗျူဟာကျတဲ့) ရှားပါးသတ္တုများရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို အလွန်စနစ်ကျစွာ တည်ဆောက်ထားတာပါ။ အခုမှ နောက်ကလိုက်ရမယ့်သူများအတွက် နောင် ၅ နှစ်နဲ့ ၁၀ နှစ်အတွင်း အမှီမလိုက်နိုင်ဘူးလို့ ဆိုပါတယ်။

ဒီတော့ ဂျီ-၇ နိုင်ငံများအဖို့ ဟန်မပျက် တခြားသဘောတူနိုင်စရာလေးများ (ဥပမာ- ယူကရိန်းကို ကူညီဖို့၊ ရုရှားကို ပိုဖိအားပေးဖို့) စတာတွေလောက်ကိုပဲ သဘောတူညီချက် စာတမ်းလေးများ ထုတ်နိုင်ပါတော့တယ်။ ဒါတောင် အိမ်ရှင် ပြင်သစ်သမ္မတ မက်ခရွန်က ဂျီ-၇ အစည်းအဝေးကို ၆+၁ (ကျန်နိုင်ငံများနဲ့ အမေရိကန် ကွဲထွက်သွားတာကို ဆိုလို) အဖြစ် မရောက်အောင် လုပ်လိုက်နိုင်တာဟာ အောင်မြင်မှုကြီးတစ်ခုလို့ ပြောသွားပါသေးတယ်။

တကယ်တော့ ဂျီ-၇ နိုင်ငံ အစည်းအဝေးကြီးများဟာ အရင်တုန်းကလို အခွင့်ထူးခံ နိုင်ငံကြီးများ ပေါင်းစည်းထားတာ မဟုတ်တော့ဘဲ ကျန်အလျင်အမြန် တိုးတက်ဖွံ့ဖြိုးလာတဲ့ နိုင်ငံများကိုပါ လူရာသွင်းပြီး ပိုမိုတရားမျှတတဲ့ နိုင်ငံတကာ အဖွဲ့အစည်းမျိုး (ဥပမာ- ဂျီ-၂၀) နဲ့ ပူးပေါင်းလုပ်ဆောင်ကြမှသာလျှင် တချို့ပြဿနာများ (ဥပမာ- ရာသီဥတု ပြောင်းလဲမှု၊ ရွှေ့ပြောင်းအလုပ်သမားများ) ကို ဖြေရှင်းနိုင်မှာပါ။

ဒါကို အထည်ကြီးပျက်များဖြစ်တဲ့ ဂျီ-၇ နိုင်ငံများက သဘောပေါက်သေးဟန် မတူပါဘူး။ သို့မဟုတ် သဘောပေါက်တောင် လက်မခံနိုင် ဖြစ်နေဟန်ရှိပါတယ်။ တိုင်းပြည်တွင်း ဖြစ်ပျက်နေတဲ့ အခြေအနေများ (ဥပမာ- ၂၀-၆-၂၀၂၆ ဗြိတိန်ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာသွားရတဲ့ စတားမား အဖြစ်မျိုး) က သူတို့ကို အိပ်ရာက လန့်နိုးပြီး လက်တွေ့နိုင်ငံရေးထဲ ဆွဲသွင်းလိုက်ပါလိမ့်မယ်။

တကယ်တော့ ကမ္ဘာ့အရင်းရှင်စနစ်ကြီး (လက်ဝါးကြီးအုပ် အရင်းရှင်စနစ်) တစ်ခုလုံး အဆောက်အအုံဆိုင်ရာ အကျပ်အတည်းကြီးထဲ ရောက်နေတာပါ။ ခါတိုင်းဆိုရင်တော့ သူတို့တတွေ စစ်ပွဲကြီးများ ဖန်တီးပြီး ထွက်ပေါက် ရှာတတ်ပါတယ်။

ပြည်သူလူထုအပေါင်းတို့ နိုးနိုးကြားကြား ရှိကြလော့။

လှကျော်ဇော

၂၃-၆-၂၀၂၆


-

လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၁)


လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၃)





Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar