Breaking News

မောင်လူမွှေး - ပျောက်ဆုံးသွားတဲ့ ကြည်နူးလွမ်းဆွတ်ဖွယ် ခံစားမှုများ

 

မောင်လူမွှေး - ပျောက်ဆုံးသွားတဲ့ ကြည်နူးလွမ်းဆွတ်ဖွယ် ခံစားမှုများ

မိုးမခ ၊ ဩဂုတ် ၅ ၊ ၂၀၂၆



ဒီနှစ် ဝါတွင်းကာလ မောင်လူမွှေး ကိုယ့်ဇာတိရွာကလေးကို ရောက်နေတယ်။ မိုးရာသီမို့ ပတ်ဝန်းကျင်တွေဟာ စိမ်းလန်းနေတယ်။ လယ်ကွင်းတွေ၊ နှမ်းခင်းတွေနောက်က တောင်တန်းညိုညိုကိုလည်း မြင်ရတယ်။ ကောင်းကင်က တိမ်တွေက နေရောင်ကို ဖုံးကွယ်လိုက်၊ နေရောင်က တိမ်တိုက်ထဲကနေ ထွက်လာလိုက်နဲ့ ကိုယ့်မွေးဇာတိရွာဝန်းကျင်ကို အလင်း၊ အမှောင်တွေနဲ့ အလှမျိုးစုံအောင် လုပ်ပေးသလို ဖြစ်နေတယ်။ လေပြည်လေး တိုက်လာတယ်။ အေးခနဲ ခံစားမှုနဲ့အတူ စိတ်ထဲမှာ ကြည်နူးသွားတယ်။ ပြီးတော့ အဲဒီကြည်နူးမှုလေးဟာ လေနဲ့အတူ တစ်ခါတည်း ပျောက်သွားတာပါပဲ။ မောင်လူမွှေးတို့မှာ ဆွတ်ပျံ့ကြည်နူးမှုဆိုတာကို ကောင်းကောင်းမခံစားရတာ ကြာခဲ့ပါပြီ။

တကယ်ဆို ဝါတွင်းကာလ ကိုယ့်ဇာတိရွာ ရောက်နေချိန် လွမ်းဆွတ်ကြည်နူးသင့်တာတွေ အများကြီးရှိပါတယ်။ ဝါတွင်းကာလဆိုရင် မောင်လူမွှေးတို့ ငယ်ငယ်က ပျော်ကြရတယ်။ ဝါတွင်းအခါရောက်မှ မောင်လူမွှေးတို့ ဝက်သားစားရတာကိုး။ ဝါတွင်းကာလရောက်မှ မုန့်ကို ဖောဖောသီသီ စားခဲ့ရတာကိုး။ ကလေးဘဝဆိုတော့ အစားမက်တဲ့ အရွယ်မို့ စားစရာတွေများရင် ပျော်တာပဲ။ မောင်လူမွှေးတို့ ငယ်ငယ်က ဝါတွင်းကာလမှာ မုန့်ဖက်ထုပ်မျိုးစုံ၊ မုန့်ဆီကြော်တွေ အများအားဖြင့် လုပ်ကြတယ်။

ဒီနှစ် ဝါဝင်တဲ့ကာလမှာလည်း မောင်လူမွှေးတို့ရွာက လူတွေ ဝက်သားတွေ ဝယ်ချက်ကြတယ်။ မုန့်တွေလည်း လုပ်ကြတယ်။ ဒါပေမဲ့ မောင်လူမွှေးတို့ ငယ်ငယ်တုန်းကလို မုန့်တွေ ပေါပေါများများ မလုပ်ကြတော့တာကို တွေ့ရတယ်။ ဘုန်းကြီးကျောင်း ဆွမ်းပို့ဖို့၊ ဥပုသ်ဆွမ်းပို့ဖို့ အနည်းငယ်ပဲ လုပ်ကြတယ်။ အချို့ကလည်း လုပ်ရကိုင်ရလွယ်တဲ့ ကျောက်ကျောလို မုန့်မျိုးကို လုပ်ကြတယ်။

မောင်လူမွှေးတို့ ငယ်ငယ်တုန်းကလို မုန့်တွေမျိုးစုံ ပေါပေါများများ မလုပ်ကြတဲ့အတွက် စားဝတ်နေရေး ခက်ခဲနေကြတဲ့ သူတို့မှာ ကုန်ကျစရိတ် သက်သာတယ်။ ကောင်းတယ်လို့ပဲ မောင်လူမွှေး တွေးတယ်။ တကယ်ဆို မောင်လူမွှေးတစ်ယောက် လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကျော် ဝါတွင်းကာလနဲ့ နှိုင်းယှဉ်ပြီး ငယ်ဘဝကို အလွမ်းစိတ်ပေါ်သင့်တာပေါ့။ အမှန်အတိုင်း ဝန်ခံရရင် မောင်လူမွှေး သတိရတာလောက်သာ ရှိပြီး မလွမ်းဘူး။ လွမ်းစိတ် မပေါ်ဘူး။ မောင်လူမွှေးနဲ့ မတိမ်းမယိမ်း မောင်နှမတွေကလည်း ငယ်ဘဝကို လွမ်းကြောင်း မပြောကြဘူး။ ငယ်ဘဝကို လွမ်းတဲ့အလွမ်းဆိုတာ ဆွတ်ပျံ့ကြည်နူးဖွယ် ခံစားမှုကို ပေးတယ်။ မောင်လူမွှေးတို့တွေ ဒါကို အခုနှစ်ပိုင်းမှာ မခံစားရတော့ပါဘူး။

ဝါဆိုလပြည့်နေ့ မရောက်ခင် တစ်ရက်မှာပဲ မောင်လူမွှေးတို့ ငယ်ငယ်က သက်ကြီးဝါကြီး ပုဂ္ဂိုလ်တွေရှိတဲ့ အိမ်တွေကို ဆွမ်းဆန်စိမ်း ပို့ကြရတယ်။ ဆွမ်းပို့သွားရင်း အိမ်တွေက ကျွေးတဲ့ မုန့်မျိုးစုံကို စားကြရတယ်။ ကိုယ်ဆွမ်းပို့တဲ့ ခွက်ထဲ၊ ချိုင့်ထဲကို ပြန်ထည့်ပေးလိုက်တဲ့ မုန့်တွေကို ယူပြီး အိမ်ကို ပြန်ခဲ့ကြရတယ်။ အခုလည်း ဝါဆိုလပြည့်နေ့မတိုင်ခင် ဆွမ်းဆန်စိမ်းတွေ ပို့ကြပါတယ်။ မောင်လူမွှေးတို့ ငယ်ငယ်တုန်းကလိုတော့ မဟုတ်တော့။ ကျွတ်ကျွတ်အိတ်လေးတွေနဲ့ အားလုံးထုပ်ထည့်ပြီး ပို့ကြတယ်။ ဒါကြောင့် သက်ကြီးဝါကြီးရှိတဲ့ အိမ်တွေမှာ ကျွတ်ကျွတ်အိတ်ထုပ်လေးတွေကို တွေ့ရတယ်။ ဝါတွင်းကာလဟာ မောင်လူမွှေးတို့ ငယ်ငယ်တုန်းကလို မစည်ကားတော့။ ကလေးတွေအဖို့လည်း ထူးပြီး ပျော်စရာမကောင်းတော့။ ခြောက်ကပ်ကပ်နဲ့သာ ပြီးရတယ်။ မောင်လူမွှေးတို့ စိတ်နှလုံးသားမှာလည်း ခြောက်ကပ်ကပ်နဲ့ပဲ တစ်ရက်ပြီးတစ်ရက်၊ တစ်ညပြီးတစ်ည ဖြတ်သန်းနေရတာ ဘဝတွေ ပတ်ကြားအက်နေပြီလားလို့တောင် တွေးမိတယ်။

ဝါတွင်းကာလရောက်ပြီဆိုရင် မောင်လူမွှေးတို့ ငယ်ငယ်က ကြောက်ကြရတယ်။ ရွာစောင့်နတ်တွေက ဝါတွင်းကာလမှာ နတ်ပြည်ကိုတက်ပြီး တရားနာကြတယ်လို့ ဆိုတယ်။ ဒါကြောင့် ဝါတွင်းကာလမှာ ရွာကို စောင့်ရှောက်နေတဲ့ နတ်ကောင်းနတ်မြတ်တွေ မရှိ။ မကောင်းဆိုးဝါးတွေ ရွာကို ဝင်ရောက်နိုင်တယ်။ လူတွေကို ပြုစားနိုင်တယ်။ အိမ်ဝင်းတွေကို ပရိတ်ကြိုးတွေနဲ့ တားကြရတယ်။ အိမ်ဝင်း ပတ်ချာလည်ကို ပရိတ်သဲတွေနဲ့ ပက်ကြရတယ်။ မောင်လူမွှေးတို့ ကလေးတွေကိုလည်း လူကြီးတွေက ပရိတ်ကြိုးကို လည်ပင်းနဲ့ လက်တွေမှာ ပတ်ပေးထားကြတယ်။

အခု ဝါဝင်ကာလကတော့ မောင်လူမွှေးတို့ ငယ်ငယ်ကနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ ဝါတွင်းကာလဆို ကလေးတွေရော၊ လူကြီးတွေရော အကြောက်တရား ပိုနည်းသွားကြတယ်။ မိုးတွင်းကာလမို့ စစ်တပ်ရဲ့ လူသတ်လေယာဉ်တွေ အလာနည်းတယ်။ ရွာကလူတွေဟာ သူတို့ကို ပြုစားတတ်တယ်လို့ သူတို့ယုံကြည်တဲ့ မကောင်းဆိုးဝါးထက် စစ်တပ်ရဲ့ လူသတ်လေယာဉ်က ပိုကြောက်စရာကောင်းတယ်ဆိုတာ သိကြတယ်။ သူတို့ကို ဘယ်နတ်ကောင်းနတ်မြတ်မှ မကယ်နိုင်၊ ကိုယ်ကိုယ်တိုင် ကြိုးစားကယ်တင်ရမယ်ဆိုတာကို သဘောပေါက်သူကတော့ နည်းပါးလွန်းနေသေးတယ်။

ဖြစ်နိုင်မယ်ဆိုရင် မောင်လူမွှေး ပရိတ်မန်းကြိုးတွေ ရချင်တယ်။ မောင်လူမွှေး ရချင်တဲ့ ပရိတ်မန်းကြိုးဟာ လူတွေရဲ့ မသိမှုနဲ့ ကြောက်ရွံ့ခြင်းကို မောင်းထုတ်ပေးမယ့် ပရိတ်မန်းကြိုးဖြစ်တယ်။ ပညာနဲ့ မေတ္တာကို လေ့လာပွားများလိုစိတ် ပေါ်ပေါက်စေမယ့် ပရိတ်မန်းကြိုးဖြစ်တယ်။ ဒီလို ပရိတ်မန်းကြိုးကို လူကြီးတွေအတွက် မလုံလောက်ရင်နေပါ။ ကလေးတွေအတွက်တော့ အလုံအလောက် ရချင်တယ်။ ခက်တာက ဒီလို ပရိတ်မန်းကြိုးကို ရွတ်ဖတ်သရဇ္ဈာယ်တာနဲ့ မရနိုင်တာပဲ။

မောင်လူမွှေး ကိုယ့်ဇာတိရွာကလေးကို ပြန်တဲ့အခါတိုင်း အတ္တတစ်ခု ရှိတယ်။ အဲဒါကတော့ ရွာကိုရောက်တုန်းရောက်ခိုက် ငယ်ဘဝအကြောင်းကို တွေးပြီး လွမ်းချင်တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ အလွမ်းသယ်ချင်တယ်။ အခုတော့ စစ်အာဏာရှင်ကြောင့် ခက်ခဲကျပ်တည်းနေတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေးအောက်မှာ၊ ချို့တဲ့တဲ့ ကျန်းမာရေးတွေအောက်မှာ၊ ဖိနှိပ်ခံနေရတဲ့ ဘဝတွေအောက်မှာ၊ အဆုံးမရှိတဲ့ မသိမှု အမှောင်ထုကြီးအောက်မှာ မောင်လူမွှေး တွေ့ကြုံခံစားချင်တဲ့ ဆွတ်ပျံ့ကြည်နူးဖွယ် အလွမ်းတွေဟာ အစရှာမရအောင် ပျောက်ဆုံးခဲ့ပြီ ဖြစ်ပါတယ် ခင်ဗျာ။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar