မောင်လူမွှေး - စစ်ရှောင်တစ်ယောက်၏ နာရေး
မောင်လူမွှေး - စစ်ရှောင်တစ်ယောက်၏ နာရေး
မိုးမခ ၊ ဇွန် ၆ ၊ ၂၀၂၆
တောထဲက စစ်ရှောင်ကျောင်းတစ်ကျောင်းမှ ကျောင်းတာဝန်ခံဆရာ လိုင်းပေါ်တွင် ရှိနေသည်ကို တွေ့ရသဖြင့်၊ သူ ရွာတစ်ရွာသို့ ရောက်ရှိနေခြင်း ဖြစ်မည်ဟု တွေးကာ မောင်လူမွှေးက video call ခေါ်လိုက်သည်။ သူတို့ စစ်ရှောင်စခန်းသို့ သွားရာလမ်းသည် မိုးရာသီဆိုလျှင် ဆိုင်ကယ်စီး၍ မရပေ။ ချောင်းရေ ကျချိန်ဆိုပါက ခြေလျင်တောင် သွား၍ မရနိုင်ပါ။ ထို့ပြင် ခရီးမှာလည်း မနီးလှပါ။ လမ်းမှာ ဗွက်တောနှင့် ကျောက်တောများ ဖြစ်သောကြောင့် သွားလာရန် မလွယ်ကူပါ။
၎င်းအပြင် သူတို့ စစ်ရှောင်စခန်းက ဖုန်းလိုင်းမမိပါ။ စတားလင့်ခ် (Starlink) ဆိုသည်မှာလည်း ဝေးလာဝေး။ တကယ်တော့ သူတို့ စစ်ရှောင်စခန်းလေးမှာ သီးသန့် ကမ္ဘာလေး တစ်ခုသဖွယ် ဖြစ်နေပါသည်။
ထို သီးသန့် ကမ္ဘာလေးတွင် ပညာရေးအတွက် စိတ်အေးရပြီး စည်းလုံးညီညွတ်မှု အားကောင်းသည်။ ဝေးလံချောင်ကျသောကြောင့် အလှူရှင်များ သိပ်မလာကြသော်လည်း သူတို့၏ ပူးပေါင်းဆောင်ရွက်မှု အားဖြင့် ရပ်တည်နိုင်ကြသည်။ သီးသန့်ကမ္ဘာလေး ဖြစ်နေသည့် စစ်ရှောင်စခန်း စိုပြေအောင် ဦးဆောင် လုပ်ကိုင်နေသူမှာ စစ်ရှောင်ကျောင်းမှ တာဝန်ခံဆရာပင် ဖြစ်သည်။
သူ့ အရည်အချင်းနှင့် ဆိုပါက သူသည် တကိုယ်တည်း အဖို့ မည်သည့် နေရာတွင် နေထိုင်သည်ဖြစ်စေ အဆင်ပြေနိုင်သော်လည်း၊ သူ့ရွာမှ လူများအတွက် သူသည် ဤစစ်ရှောင်စခန်းလေးတွင်ပင် ဆက်လက် နေထိုင်နေခြင်း ဖြစ်သည်။ ယင်းကို ကောင်းကောင်းသိကြသော စစ်ရှောင်စခန်းရှိ လူများသည် သူ့ကို လေးစားကြပြီး၊ သူ့စကားကိုလည်း နားထောင်ကြသည်။ သူ လိုင်းပေါ် တက်နေသည်ကို တွေ့ရ၍ သူ့ကို Video Call ခေါ်လိုက်ခြင်း ဖြစ်ပါသည်။
"စခန်းက လူတစ်ယောက် ဆုံးသွားလို့ပါ ဆရာရေ။ ဆေးကုသရင်း ဆုံးသွားတာ။ အလောင်းကို ပြန်သယ်ဖို့ ကားခ မရှိဘူး။ သူ ဆေးကုနေတဲ့ ရွာမှာပဲ သင်္ဂြိုဟ်ရမှာ။ သူ့သားကိုပဲ သူ့အဖေ သင်္ဂြိုဟ်သည့်နေရာကို ဆိုင်ကယ်နှင့် လိုက်ပို့ပေးလိုက်ရတယ်" ဟု သူက ပြောပါသည်။ တကယ်တော့ စစ်ရှောင်မှ လူနာ ဆေးသွားကုသရင်း ဆုံးပါးသွားသည့်ရွာနှင့် စစ်ရှောင်စခန်းမှာ မိုင်ငါးဆယ်ခန့်သာ ဝေးပေမည်။ သို့သော် လမ်း ခက်ခဲကြမ်းတမ်းမှု၊ ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းများနှင့် ဆိုလျှင် ကားခက မလွယ်ကူလှပါ။
"ဆေးကုသစရိတ်တွေကလည်း ချေးငှားထားရတာ ဆယ်သိန်းခန့် ရှိသည်။ သူ့သားက Grade 10 ဆိုတော့ တခြားရွာမှာ ထားရတယ်။ သူ့အဖေ မရှိတော့လို့ သူလည်း ကျောင်း ဆက်မတက်နိုင်တော့ဘူး။ ကလေး အကြွေးတွေနဲ့ ကျန်ခဲ့လို့ မဖြစ်ဘူး။ ကျွန်တော်တို့ ရွာက စစ်ရှောင်တွေဆီ သွားရဦးမှာပေါ့ဗျာ" ဟု သူက ဆက်ပြောသည်။
ကျန်ရစ်ခဲ့သည့် သားဖြစ်သူ အကြွေးများနှင့် မကျန်ရစ်စေရန် နာရေးကိစ္စမှ အကြွေးကျေလောက်သည့် ငွေကြေး ရရှိအောင် သူ တတ်နိုင်သမျှ ကြိုးပမ်းမည်ဟု ဆိုခြင်းဖြစ်သည်။
"ကျွန်တော့်ဆီလည်း လာခဲ့ဦးလေဗျာ" ဟု မောင်လူမွှေးက ပြောရာ၊ မနက်ဖြန် လာခဲ့မည်ဟု ဆိုသည်။
သူ့ထံမှ လာမည်ဟူသော စကားကို ကြားပြီးနောက် မောင်လူမွှေး ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်မိသည်။ ပိုက်ဆံလေးသောင်းနှင့် အကြွေ ထောင်ဂဏန်းခန့်သာ တွေ့ရသည်။ မဖြစ်သေးပါဘူး ဆိုကာ မောင်လူမွှေးက ဆွေမျိုးအိမ် သုံးအိမ်သို့ သွားပြီး အကျိုးအကြောင်း ပြောပြရာ၊ သုံးအိမ်ပေါင်း လေးသောင်း ရရှိခဲ့သည်။ မောင်လူမွှေး၏ ရဲဘော်ရဲဘက် မိသားစု သုံးစုထံသို့ သွားရာ မိသားစု သုံးစုပေါင်း ငါးသောင်း ရရှိခဲ့ပါသည်။
မောင်လူမွှေး တစ်ယောက် တော်လှန်ရေး နယ်မြေသို့ ရောက်ရှိကတည်းက မိမိနေထိုင်ရာ နေရာရှိ လူများကို မည်သည့် ကိစ္စအတွက်ဖြစ်စေ ငွေကြေး အကူအညီတောင်း ကောက်ခံခြင်းမျိုး မပြုလုပ်ဖူးပါ။ ယခုအကြိမ်မှာ ပထမဦးဆုံး ဆွေမျိုး၊ မိတ်ဆွေ လေး ငါးယောက်ထံတွင် နာရေးနှင့် ပတ်သက်၍ ငွေကြေး အကူအညီတောင်း ကောက်ခံခြင်း ဖြစ်သောကြောင့် မောင်လူမွှေးအတွက် အမှတ်တရ ဖြစ်နေပါသည်။
နောက်နေ့ နံနက်တွင် စစ်ရှောင်စခန်းမှ တာဝန်ခံဆရာကို ဝက်သားဟင်းနှင့် ကျွေးရန် မောင်လူမွှေးတို့ လင်မယား ဆုံးဖြတ်ကြသည်။ ဖြစ်ချင်တော့ ဝက်သား ရောင်းသူမှာ မျှော်လင့်နေသည့် နေ့ကျမှ ပေါ်မလာခဲ့ပါ။ မောင်လူမွှေး နံနက်စောစောကပင် ဆွေမျိုးတို့ တောထဲသို့ သွားပြီး ခဝဲသီး နှစ်တောင့် ခူးခဲ့သည်။ စစ်ရှောင်စခန်းမှ ဆရာ ရောက်လာသောအခါ "ကျွန်တော်က ခဝဲသီး တအား ကြိုက်တာ။ ရှားပါးတယ်ဗျ" ဟု ဆိုကာ အားရပါးရ စားသဖြင့် ပီတိဖြစ်ရပါသည်။
မိတ်ဆွေ၊ ဆွေမျိုးများထံမှ ရရှိသည့် ကိုးသောင်းထဲသို့ မောင်လူမွှေး ပိုက်ဆံအိတ်ထဲမှ နှစ်သောင်း ထပ်မံ ထည့်သွင်းကာ စစ်ရှောင်ဆရာထံသို့ ပေးအပ်လိုက်ပါသည်။ သူတို့ နည်းနည်းတော့ အသက်ရှူချောင်သွားသည်ကို မြင်တွေ့ရသည်။ မောင်လူမွှေးနှင့် ရင်းနှီးသည့် စစ်ရှောင်စခန်းဘက်သို့လည်း ရောက်ရှိဦးမည် ဆိုသောကြောင့် ထိုစစ်ရှောင်စခန်းမှ မိတ်ဆွေထံ ဖုန်းဆက်၍ အဆင်ပြေအောင် ကူညီပေးရန် မေတ္တာရပ်ခံ ပေးလိုက်ပါသည်။
သူတို့ ရွာမှ ထွက်ပြေးခဲ့ကြစဉ်က အသက် ၉၀ အရွယ် အဘွားအိုတစ်ဦးက မြေးဖြစ်သူကို "ဆင်ဆိုးကြီး တစ်ကောင်လောက် ခေါ်ပြီး ငါ့ကို တစ်ခါတည်း သေအောင် နင်းသတ်ခိုင်းစမ်းပါ" ဟု ပြောခဲ့ဖူးသည်။ စစ်ရှောင်များအပေါ် ဖိစီးနေသော ဒုက္ခသည် ဆင်ဆိုးကြီးလောက် သဘောမကောင်းပါ။ သူတို့ကို တစ်ခါတည်း အသေမသတ်ဘဲ ဖြည်းဖြည်းချင်း ညှဉ်းဆဲ သတ်ဖြတ်ပါသည်။ ဤဒုက္ခဆိုးကြီးကို မောင်လူမွှေးတို့က တတ်နိုင်သမျှ မေတ္တာတရားဖြင့် ချေဖျက်ကြရပါသည်။
"ကျွန်မတို့က လူတွေမှ ဟုတ်ရဲ့လားလို့ စဉ်းစားမိတဲ့အခါတွေ ရှိတယ် ဆရာ" ဟူသော စစ်ရှောင် CDM ကျောင်းဆရာမ တစ်ဦး၏ စကားက မောင်လူမွှေးကို ခြောက်လှန့်နေပါသည် ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar