Breaking News

လှကျော်ဇော - နိုင်ငံတကာအခင်းအကျင်းသစ်များ (၉)

နိုင်ငံတကာအခင်းအကျင်းသစ်များ (၉)

လှကျော်ဇော

 မိုးမခ ၊ ဇူလိုင် ၅ ၊ ၂၀၂၆

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်

အထက်ပါပုံကတော့ ဇွန်လ (၁၇) ရက်နေ့က တရုတ်ပြည်မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ China Daily (ချိုင်းနားဒေလီ) သတင်းစာရဲ့ မျက်နှာဖုံးစာမျက်နှာပါ။

တရုတ်က မအလကို နိုင်ငံတော်အလည်အပတ်ခရီးအဖြစ် ဖိတ်ခေါ်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ အကြီးအကဲတစ်ယောက်ကို ဧည့်ခံတဲ့ အစီအစဉ်များအတိုင်း ဧည့်ခံပြုစုခဲ့ပါတယ်။ ဒါဟာ သူတို့ တရုတ်တွေ တင်ပြနေတဲ့ 'နိုင်ငံတိုင်း ကြီးငယ်မဟူ တန်းတူအခွင့်အရေးရှိတယ်' ဆိုတဲ့ ဗဟုစုံဝါဒ (Multilateralism) ရဲ့ အခြေခံမူတစ်ရပ်ပါ။ နိုင်ငံတော်ပိုင် ဗဟိုရုပ်မြင်သံကြားဌာန (CGTN) ကလည်း 'ခေါင်းဆောင်များနဲ့ စကားပြောခြင်း' (Leaders Talk) ဆိုတဲ့ အခန်းကနေ တွေ့ဆုံမေးမြန်းခန်းလုပ်ပြီး ထုတ်လွှင့်ပေးပါတယ်။ တရုတ်ပြည်ရဲ့ အတိုးတက်ဆုံးဒေသတွေဖြစ်တဲ့ ရှန်ဟိုင်းတို့၊ ဟန်ကျိုးတို့ဆီကိုလည်း လိုက်လံပို့ဆောင်ပေးပြီး သူတို့ရဲ့ စက်မှုလက်မှုလုပ်ငန်းတွေနဲ့ အခုလာသမျှ နိုင်ငံခြားဧည့်သည်တွေကို ထုတ်ပြနေတဲ့ စက်ရုပ် (Robots) တွေ၊ ဉာဏ်ရည်တုလုပ်ငန်းတွေ၊ လျှပ်စစ်ကားလုပ်ငန်းတွေ စတာတွေလည်း အကုန်လိုက်လံပြသပါတယ်။

သဘောကတော့ တရုတ်ပြည်ကို လာရောက်လည်ပတ်နေတဲ့ ကျန်နိုင်ငံအသီးသီးက ခေါင်းဆောင်များနဲ့ တန်းတူထား ဆက်ဆံပြလိုက်တာပါပဲ။ မအလကလည်း အလွန်ကို ကျေနပ်ပျော်ရွှင်နေပုံပေါ်ပါတယ်။ ဒီတစ်ခါ တွေ့ဆုံမေးမြန်းခန်းတွေမှာလည်း သိပ်ထစ်ထစ်ငေါ့ငေါ့ မရှိလှပါဘူး။ သူ့အပြောတွေမှာ သူ့အခြေခံသဘောထားများကို တွေ့လိုက်ရပါတယ်။ တိုင်းပြည်ရဲ့ ပြဿနာအားလုံးကို ပြည်သူတွေအပေါ်ပဲ ပုံချလိုက်ပြီး ပြည်သူလူထုရဲ့ အခြေခံစိတ်ဓာတ်ကို ပြင်ဖို့ ၁၅ နှစ်လောက် လိုတယ်လို့တောင် ပြောသွားပါသေးတယ်။

တရုတ်က တစ်ဖက်ကသာ အဲဒီလို မြှောက်စားပြပေမဲ့ တစ်ဖက်ကလည်း မအလအဖို့ (နားလည်နိုင်စွမ်းရှိရင်) မရှူနိုင်မကယ်နိုင်တဲ့ တောင်းဆိုချက်တွေ သို့မဟုတ် သတိပေးချက်တွေလည်း ရှိနေပါတယ်။

၁၆-၇-၂၀၂၆ ပေကျင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစဉ်မှာ ရှီက -

၁။ မြန်မာအစိုးရသစ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးပြဿနာများကို ချိတ်ဆက်လုပ်ဆောင်နေမှုများနဲ့ မိမိတို့ အမျိုးသားရေးအခြေအနေနဲ့ ကိုက်ညီပြီး ပြည်သူလူထုက ထောက်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို ရှာဖွေလုပ်ဆောင်နေမှုတွေကို တရုတ်ပြည်က ခိုင်ခိုင်မာမာ ထောက်ခံပါတယ်။

၂။ တရုတ်ပြည်အနေနဲ့ မြန်မာပြည်ရှိ ပါတီများအားလုံး မြန်မာပြည်မြောက်ပိုင်းရဲ့ ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိဖို့ လုပ်ဆောင်နေကြတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထောက်ခံပြီး၊ ဒါမှသာလျှင် မြန်မာပြည်အတွက်ရော မြန်မာပြည်သူများအတွက်ပါ အခြေခံကျပြီး ရေရှည်ခံမဲ့ အကျိုးအမြတ်များကို ရရှိမှာဖြစ်ပါတယ်ဆိုတဲ့ အချက်တွေကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါတွေဟာ မအလကို ပေးလိုက်တဲ့ ဖိအားတွေပါ။

စာချုပ်ပေါင်း ၁၈ ခုကို ချုပ်ဆိုပြီး စီးပွားရေးအရလည်း တစ်စုံတစ်ရာ အထောက်အကူဖြစ်နိုင်တဲ့ အရာများပါပေမဲ့ မအလ တရုတ်ပြည်က ပြန်တဲ့ ၁၉ ရက်နေ့မှာပဲ၊ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးဌာနက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ဗဟို) သို့ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

မြန်မာပြည်သူတွေ ထောက်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းရှာရာမှာပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် တွေ့ဆုံဆွေးနွေးကြရာမှာပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားလို့ မရဘူးဆိုတာကို တရုတ်က မအလကို သွယ်ဝိုက်သတိပေးလိုက်တာပါ။ တစ်နည်းပြောရရင်တော့ မြန်မာပြည်ကြီး စည်းလုံးညီညွတ်ကြမှသာလျှင် ဖွံ့ဖြိုးတိုးတက်နိုင်မယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အင်အားစုအားလုံး ပါဝင်ဖို့လိုတယ်ဆိုတာကို ပြောလိုက်တာပါပဲ။ မအလအတွက်ကတော့ ဆုတ်လည်းစူး၊ စားလည်းရူးပါလား။

လှကျော်ဇော

၃၀-၆-၂၀၂၆

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ 

လှကျော်ဇော - နိုင်ငံတကာအခင်းအကျင်းသစ်များ

-

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar