မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၂)
မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၂)
မိုးမခ ၊ ဇူလိုင် ၄ ၊ ၂၀၂၆
အမြုတေ၊ စန္ဒကူးကို တွေ့ရခြင်း
နတ်ချောင်းကို မောင်လူမွှေး ရောက်ခိုက် အကျေနပ်ဆုံးထဲက တစ်ခုမှာ ကိုအောင်ဆန်းလင်းကို တွေ့ရခြင်း ဖြစ်ပါသည်။ မောင်လူမွှေးက သူ့ကို သူငယ်ချင်းလို ပေါင်းသင်းခဲ့သော်လည်း အစ်ကိုအရင်းလို လေးစားသည်။ သူ့တပည့် မဟုတ်သော်လည်း ကိုအောင်ဆန်းလင်း၏ ကိုယ်ကျင့်သီလနှင့် စိတ်ထားအချို့ကို စံနမူနာယူခဲ့သောကြောင့် မြင်ဆရာလိုလည်း ဖြစ်နေပါသည်။
ကျွန်တော် ပေါင်းဖော်ခဲ့ဖူးသည့်သူတွေထဲတွင် ကိုအောင်ဆန်းလင်းသည် စစ်အာဏာရှင်ကို ဘဝတလျှောက်လုံး ဆန့်ကျင်ခဲ့ရသူဖြစ်သည်။ လူငယ်လေးဘဝက စစ်တပ်မှ ခေါ်သည့် စစ်မှုအင်ဂျင်နီယာကျောင်းကို တက်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်၊ စစ်အင်ဂျင်နီယာကောလိပ် သူပုန်ထတော့ ကျောင်းတွေပိတ်ပြီး အိမ်ပြန်ခဲ့ရသည်။ နောက်ပိုင်း မြန်မာစာအထူးပြုဖြင့် အဝေးသင်တက္ကသိုလ်တက်ကာ မဟာဘွဲ့အထိ ရယူပြီး တက္ကသိုလ်ဆရာ ဖြစ်လာခဲ့သည်။ လက်ထောက်ကထိက၊ ကထိကအဖြစ် တာဝန်ထမ်းဆောင်ရင်း ဒေါက်တာဘွဲ့ယူရန် ရန်ကုန်တက္ကသိုလ်မှာ ဆက်တက်ခဲ့သည်။ သူ ဒေါက်တာဘွဲ့ယူခါနီးတွင် စစ်တပ်က အာဏာသိမ်းလိုက်သဖြင့် CDM ဆရာဘဝနှင့် တောထဲကို ရောက်ခဲ့ရပြန်ပါသည်။
"အစ်ကို့ကို စစ်တပ်ကို ဆန့်ကျင်ပြီး CDM ဝင်တာထက်၊ ကိုယ့်ဆရာကို ဆန့်ကျင်ခဲ့တာကို ကျွန်တော်က ပိုလေးစားတယ်" ဟု မောင်လူမွှေးက ပြောတော့ သူ ပြုံးသည်။
ကိုအောင်ဆန်းလင်း၏ ဆရာဖြစ်သူသည် မြို့ပေါ်တွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများကို ဦးဆောင်နေသည့် ဆရာတော် ဖြစ်သည်။ မြို့အပေါ် သြဇာလွှမ်းမိုးမှုရှိသည့် ပုဂ္ဂိုလ်လည်းဖြစ်သည်။ မဘသ အဖွဲ့အစည်းများ ပေါ်လာသောအခါ ဆရာတော်သည် မဘသဘက်သို့ ပါသွားသည်။ ကိုအောင်ဆန်းလင်းက ဝေဖန်မှုများ ပြုလုပ်သဖြင့် ဆရာတော်၏ တပည့်များက ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို သူခံရသည်။
ထိုအချိန်က သူ့ဘက်မှ ထောက်ခံသူများ ရှိသော်လည်း ပြောင်ပြောင်တင်းတင်း ရပ်တည်ပေးမည့်သူ နည်းလှသည်။ သူကား မတုန်လှုပ်ခဲ့။ "ဆရာကို ချစ်ပါ၏။ သို့သော် အမှန်တရားကို ပိုချစ်ပါသည်" ဆိုသည့် ပလေတိုလို စိတ်ဓာတ်မျိုးဖြင့် တည်ငြိမ်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ သူ ယုံကြည်ရာမှာ ရပ်တည်စွမ်းခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့ အမှန်တရားအတွက် တစ်ဦးတည်း သတ္တိရှိရှိ ရပ်တည်ခဲ့သူအဖို့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်နေခြင်းမှာ ဘာမျှအဆန်းမဟုတ်ဟု မောင်လူမွှေး ထင်သည်။
တော်လှန်ရေးနယ်မြေမှာ ကိုအောင်ဆန်းလင်း ရှိနေခြင်းသည် လူငယ်မျိုးဆက်သစ်များအတွက် အလင်းရောင် ဖြစ်သည်။ သူသည် အထက်တန်းကျောင်းတစ်ကျောင်း ထောင်ထားပြီး ကျောင်းသားရာချီ တက်ရောက်ကြသည်။ ဆရာ၊ ဆရာမများနေရန်နှင့် စားရန်မှအစ၊ ကလေးများကစားရန် ကစားကွင်းအဆုံး သူ စီမံထားသည်။ သွားရေးလာရေး လမ်းကောင်းစေရန်လည်း သူပြုပြင်သည်။ သူ့ဂုဏ်သတင်းသည် ကျမ်းဂန်လာ တောတောင်ထဲက အမြုတေလို၊ စန္ဒကူးပန်းလို တောက်ပထင်ရှား မွှေးပျံ့နေသည်ကို တွေ့ခဲ့ရသည်။
သူ့ကျောင်းမှာ စာအုပ်ရာချီရှိသည့် စာကြည့်တိုက်လည်း ရှိသည်။ အပတ်စဉ် စာတန်းဖတ်ပွဲများ၊ စကားရည်လုပွဲများကိုလည်း ပုံမှန်လုပ်သည်။ သူ့ကျောင်းသားများအတွက် မောင်လူမွှေး အခြားကလောင်နာမည်ဖြင့် ရေးသော စာစီစာကုံးစာအုပ် သုံးလေးအုပ်၊ သူ့သမီးလေးအတွက် အင်္ဂလိပ်ကလေးအဘိဓာန်စာအုပ်နှင့် စကိတ်စီးတစ်စီး မောင်လူမွှေး လက်ဆောင်ပေးခဲ့သည်။ သူ့ကျောင်းမှ ပြန်ခါနီးတွင် သူ့သမီး (မောင်လူမွှေး တူမလေး) ကို ပွေ့ဖက်နှုတ်ဆက်ခဲ့သည်။
မောင်လူမွှေးနှင့် တွေ့သည့်အချိန်တွင် သူသည် အုပ်ချုပ်ရေးတာဝန်နှင့် ပညာရေးတာဝန် နှစ်ခုစလုံးကို ထမ်းဆောင်နေသည်။ သူ့လုပ်နိုင်စွမ်းအားကို မောင်လူမွှေး ယုံသည်။ သူ့ကိုယ်ကျင့်သီလမျိုး သူ့အသက်အရွယ်ရှိ ဘယ်သူ့ထံမှာမှ မောင်လူမွှေး မတွေ့ဖူးသေးပါ။ သူ့ကို ချစ်ခင်ကြည်ညိုခြင်းမှတဆင့် သူ့ဇနီး မသွယ်ကိုလည်း အစ်မလိုချစ်ရ၊ သူ့တစ်ဦးတည်းသော သမီးလေးကိုလည်း တူမလိုချစ်ရနှင့် အချစ်များ ပွားရပါသည်။
ကိုအောင်ဆန်းလင်းသည် အတွေးအရေး တစ်ပုဒ်ဆို တစ်ပုဒ် ကောင်းသည့် စာရေးသူလည်းဖြစ်သည်။ တဇောင်းနီ၊ ကောင်းလူ(မြန်မာစာ) ကလောင်များဖြင့် သူ ရေးခဲ့သည့် ဆောင်းပါးများ တစ်ပုဒ်မျှ ပစ်ရက်စရာမရှိပါ။ တော်လှန်ရေးနယ်မြေထဲ ရောက်တော့ သူ အလုပ်များသောကြောင့် စာများ မရေးဖြစ်သေးတာ ဖြစ်နိုင်ပါသည်။ ပြီးတော့ သူက လက်တွေ့ဆန်လွန်းလှသူတစ်ယောက်။ မျိုးဆက်သစ်များအတွက်၊ တော်လှန်ရေးအတွက် လက်တွေ့အလုပ်များမှာပဲ နစ်နေပြီး စာပေဘက်သို့ လှည့်နိုင်သေးပုံမရပါ။
👉 မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar