မောင်တင့်တယ် - မာ့က်စ်ဝါဒခရီးစဉ် - ၁၉ ရာစု စက်မှုတော်လှန်ရေးမှသည် ၂၁ ရာစု ပလက်ဖောင်းအရင်းရှင်စနစ် (platform capitalism) ဆီသို့
**မာ့က်စ်ဝါဒခရီးစဉ်**
၁၉ ရာစု စက်မှုတော်လှန်ရေးမှသည် ၂၁ ရာစု ပလက်ဖောင်းအရင်းရှင်စနစ်
(platform capitalism) ဆီသို့
မောင်တင့်တယ်
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၆
၁၉ ရာစု၏ စက်မှုတော်လှန်ရေးအရှိန်အဟုန်သည် ဗြိတိန် နိုင်ငံ ၏ မန်ချက်စတာမြို့ပြကို မီးခိုးလုံးများ၊ ချည်မျှင်နှင့်အထည် စက်ရုံများ(cotton mills)ဖြင့် ဖုံးလွှမ်းခဲ့သည်။ ထိုခေတ်ကာလတွင် ကားလ်မာ့က်စ် (Karl Marx) နှင့် ဖရက်ဒရစ်အိန်ဂယ်လ် (Friedrich Engels) တို့သည် အရင်းရှင်စနစ်၏ ကန့်လန့်ကာနောက်ကွယ်မှ သွေးစုပ်ခေါင်းပုံဖြတ်မှု ယန္တရားကို သိပ္ပံနည်းကျ စတင်ဖော်ထုတ်ခဲ့ကြသည်။ အိန်ဂယ်လ်သည် သူ၏ချစ်သူ အိုင်းရစ်ရှ်အလုပ်သမလေး မေရီဘန်းစ် (Mary Burns) ၏ လမ်းညွှန်မှုဖြင့် မန်ချက်စတာ၏ဆင်းရဲသားရပ်ကွက်များထဲအထိ ကွင်းဆင်းကာ အင်္ဂလန်ရှိလုပ်သားလူတန်းစားများအခြေနေ( "The Condition of the Working Class in England”) ကို ၁၈၄၅ ခုနှစ်၌ ပြုစုခဲ့ပြီး၊ မာ့က်စ်သည် ထိုရုပ်ဝတ္ထုအခြေ ခံများအပေါ် မူတည်၍ သူ၏ကမ္ဘာကျော် "Das Kapital” (အရင်းကျမ်း) ကြီးကို သီကုံးခဲ့သည်။
ယနေ့ ၂၁ ရာစုသို့ရောက်ရှိလာသောအခါ စက်ရုံခေါင်းတိုင်များနေရာတွင် တိမ်တိုက်ဒေတာစင်တာများ (Cloud Data Centers)၊ ခေါင်းပုံဖြတ်မှု၊ သွေးစုတ်မှုပုံစံများမှာလည်း အယ်လ်ဂိုရီသမ် (Algorithm) နှင့် ကွန်ပျူတာကုဒ်များ အစားထိုးဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း မာ့က်စ်နှင့် အိန်ဂယ်လ်တို့ ချန်ထားခဲ့သော အရင်း အနှီးအကြောင်း သီအိုရီများ သည် ကွယ်ပျောက်မသွားဘဲ ၂၁ ရာ စု၏ ပလက်ဖောင်းအရင်းရှင်စနစ်(Platform Capitalism) နှင့် နည်းပညာအခြေပြု အလုပ် သမားလူတန်းစားတို့၏ ဘဝအမှန်တရားကို ရှင်းလင်းပြသ ရန် ပိုမိုခိုင်မာသော မှန်ဘီလူးကြီးများအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။
ထိုသို့ ၁၉ရာစုနှစ်များကာလ၊ ကားလ်မာ့က်စ်၏ အရင်းကျမ်း (Das Capital) သီအိုရီများမှသည် မာ့က်စ်နှင့် အိန်ဂယ်လ် တို့၏ ဘဝသမိုင်းကြောင်းများ
နှင့်ဆက်စပ်ပြီး ၂၁ရာစုအရင်းရှင်စနစ် နှင့်အလုပ်သမားလူ တန်းစားများ၏အခြေအနေများကို ခြေရာကောက်ရှာဖွေရသည်မှာ လွမ်းမောဖွယ် ရသစုံ ရာစုနှစ်ကြာ ပြဇာတ်ရှည်ကြီးကို ကြည့်ရှုနေရသည့်အလား ရင်သပ်ရှုမောဘွယ်ကောင်းလှပေသည်။
၁၉ ရာစု စက်မှုတော်လှန်ရေးကာလတွင် ကားလ်မာ့က်စ် (Karl Marx) ဖော်ထုတ်ခဲ့သော မာ့က်စ် ဝါဒသည် ရာစုနှစ်နှစ်ခုနီးပါး ဖြတ်သန်းလာခဲ့ပြီးနောက် ယနေ့ ၂၁ ရာစု နည်းပညာတော်လှန် ရေးနှင့် ပလက်ဖောင်းအရင်းရှင်စနစ်(PlatformCapitalism) ခေတ်အထိ အရင်းရှင်စနစ်၏ အသွင်ပြောင်းလဲမှုများကို ဝေ ဖန်ဆန်းစစ်ရာတွင် အရေးပါသော အတွေးအခေါ် ကိရိယာတခုအဖြစ် ရှင်သန်နေဆဲ ဖြစ် သည်။
စက်မှုတော်လှန်ရေးနှင့် မာ့က်စ် ဝါဒ၏ အစ
၁၈ ရာစုနှင့် ၁၉ ရာစု စက်မှုတော် လှန်ရေးသည် လူသားသမိုင်းကို အကြီးအကျယ်ပြောင်းလဲပစ်ခဲ့သည်။ စက်ရုံကြီးများပေါ် ပေါက်လာပြီး ကုန်ထုတ်စွမ်း အား မြင့်တက်လာသော်လည်း တဖက်တွင် အလုပ်သမားထုကြီးမှာ ဆင်းရဲမွဲတေမှု၊ခေါင်းပုံဖြတ်ခံရမှုနှင့် လူသားဆန်မှုကင်းမဲ့လာမှု (Alienation) တို့ကို ရင် ဆိုင်ခဲ့ရသည်။ ဤအခြေအနေကို အခြေခံ၍ ကားလ်မာ့က်စ် သည် အရင်းရှင်စနစ်၏ သဘာဝကို လေ့လာခဲ့သည်။
မာ့က်စ်၏အဓိကအယူအဆမှာ "သမိုင်းရုပ်ဝါဒ" (Historical Materialism) ဖြစ်သည်။ လူ့အဖွဲ့အစည်းတခု၏ စီးပွားရေးအခြေခံအဆောက်အအုံ (Economic Base) က ၎င်း၏ နိုင်ငံရေး၊ တရားဥပဒေနှင့် အတွေးအခေါ်ဆိုင်ရာ အဆောက် အအုံ (Superstructure) ကို ဆုံးဖြတ်သည်ဟု သူကဆိုသည်။ စက်မှုအရင်းရှင်ခေတ်ဦးတွင် အရင်းရှင် (Bourgeoisie) များက ကုန်ထုတ်ကိရိယာ (Means of Production) ဖြစ်သော စက်ရုံနှင့် စက်ပစ္စည်းများကို ပိုင်ဆိုင်ကြပြီး၊ ပစ္စည်းမဲ့လူတန်းစားဟု ခေါ်ဝေါ်သည့် ၁၉ရာစုအလုပ်သ မား (Proletariat) များမှာမူ မိမိတို့ ၏လုပ်အားကိုသာရောင်းချကာ အသက်မွေးကြရသည်။
မာ့က်စ်က အရင်းရှင်များသည် အလုပ်သမားများ၏လုပ်အားမှထွက်ပေါ်လာသော "ပိုလျှံတန်ဖိုး" ခေါ် အစွန်းထွက် တန်ဖိုး (Surplus Value) ကို မတရားရ ယူကာ ဓနဥစ္စာစုဆောင်းကြသည်ဟု ထောက်ပြခဲ့သည်။
၂၀ ရာစု အပြောင်းအလဲနှင့် မာ့က်စ်ဝါဒ၏ ဆင့်ကဲဖြစ်စဉ်
၂၀ ရာစုသို့ ရောက်သောအခါ အ ရင်းရှင်စနစ်သည် အသွင်သစ် ဆောင်လာသည်။ ကမ္ဘာလုံးဆိုင် ရာ နယ်ချဲ့စနစ် (Imperialism) နှင့် ဘဏ္ဍာအရင်းရှင်စနစ် တို့ ထွန်းကားလာသည်။ ဤကာလတွင် ဗလာဒီမာ လီနင် (Vladimir Lenin) ကဲ့သို့သော တော်လှန်ရေး သမားများက မာ့က်စ်ဝါဒကို ၎င်းတို့၏ ခေတ်အခြေအနေနှင့်မှန်ကန်စွာ ပေါင်းစပ်တိုက်ပွဲဝင် ခဲ့ကြပြီး အောင်ပွဲရယူနိုင်ခဲ့ကြသည်။
လီနင်က နယ်ချဲ့ဝါဒသည် အ ရင်းရှင်စနစ်၏ အမြင့်ဆုံးအဆင့် ဖြစ်ပြီး ကမ္ဘာ့အတိုင်းအ တာဖြင့် ခေါင်းပုံဖြတ်မှုများ ဖြစ်လာကြောင်း ရှင်းလင်းခဲ့သည်။ ထို့ပြင် အီတလီမာ့က်စ်ဝါဒီ အန်တိုနီယို ဂရမ်ရှီ (Antonio Gramsci) ကဲ့သို့သော အနောက်တိုင်း မာ့က်စ်ဝါဒီများက အရင်းရှင်စနစ်သည် စီးပွား ရေးအရသာမက ယဉ်ကျေးမှုနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာလွှမ်းမိုးမှု (Cultural Hegemony) အားဖြင့်လည်း အလုပ်သမားလူတန်းစားကို ထိန်းချုပ်ထားကြောင်း ဖော်ထုတ်ခဲ့ကြသည်။ ၎င်း၏ ကမ္ဘာကျော်စကားတခွန်းမှာ “ကမ္ဘာဟောင်းက သေဆုံးနေပြီ။ ကမ္ဘာသစ်က မွေးဖွားလာဖို့ ရုန်းကန်နေဆဲဖြစ်တယ်။ ဒီကြား ကာလမှာတော့ မကောင်းဆိုးဝါးတွေ ပေါ်ထွက်လာတတ်တယ်။” ဟုပင်။
သမိုင်းအကူးအပြောင်းကာလများတွင် မတည်ငြိမ်မှုများနှင့် အန္တရာယ်များ ပေါ်ပေါက်လာနိုင် ကြောင်းကို ဖော်ပြသည့် ဂရမ်ရှီ ၏ အကျော်ကြားဆုံး အတွေးအ ခေါ်များထဲမှ တခုဖြစ်သည်။
၂၁ ရာစု နည်းပညာတော်လှန် ရေးနှင့် ပလက်ဖောင်းအရင်းရှင်စနစ်
ယနေ့ ၂၁ ရာစုတွင် အင်တာနက်၊ အချက်အလက် (Data) နှင့် အယ်လ်ဂိုရီသမ် (Algorithm) များအပေါ် အခြေခံသည့် "ပလက် ဖောင်းအရင်းရှင်စနစ်" (Platform Capitalism) ပေါ် ပေါက်လာသည်။ Google, Apple, Meta, Amazon နှင့် Uber ကဲ့သို့သော နည်းပညာကုမ္ပဏီကြီးများသည် ကုန်ထုတ် လုပ်မှုထက် ဒီဂျစ်တယ် ပလက် ဖောင်းများကို ပိုင်ဆိုင်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးကို မောင်းနှင်နေကြသည်။
ဤခေတ်တွင် မာ့က်စ်ဝါဒသည် မည်သို့သက်ဆိုင်သနည်းဟူမူ -
၁။ "ကုန်ထုတ်ကိရိယာ အသွင် ပြောင်းလဲခြင်း”
စက်ရုံများနှင့် ကုန်ကြမ်းများနေရာတွင် ယနေ့ခေတ် ကုန်ထုတ် ကိရိယာများသည် ဆာဗာများ၊ ကုဒ်လိုင်းများနှင့် အယ်လ်ဂိုရီသမ်များ ဖြစ်လာသည်။ ဤနည်းပညာအခြေခံအဆောက် အအုံများကို နည်းပညာသူဌေးကြီးအနည်းစုကသာ လက်ဝါး ကြီးအုပ် ပိုင်ဆိုင်ထားကြသည်။
၂။ “အချက်အလက် ခေါင်းပုံ ဖြတ်မှု”
(Data Exploitation)
ယနေ့ခေတ်တွင် အသုံးပြုသူ များ၏ ဒီဂျစ်တယ်ခြေရာများ၊ ရှာဖွေမှုများနှင့် လူမှုကွန်ရက်လှုပ်ရှားမှုများ (Data) သည် အဖိုးတန်ကုန်ကြမ်းများ ဖြစ်လာသည်။ နည်းပညာကုမ္ပဏီများ သည် အသုံးပြုသူများ၏ အခမဲ့လုပ်အား (Free Labor) မှ ရရှိသော အချက်အလက်များကို အသုံးချကာ အစွန်းထွက်တန်ဖိုးနှင့် အကျိုးအမြတ်များကို ရှာ ဖွေနေကြသည်။
၃။ "အလုပ်သမားဘဝ မရေရာမှု” (Gig Economy)
Uber မောင်းသူများ သို့မဟုတ် ပစ္စည်းပို့ဆောင်သူများ (Gig Workers) သည် စက်ရုံအလုပ်သ မားများကဲ့သို့ပင် ပလက်ဖောင်းများ၏ ထိန်းချုပ်မှုကို ခံနေရသည်။ သို့သော် ၎င်းတို့တွင် တ ရားဝင်အလုပ်သမားအခွင့် အ ရေး၊ အာမခံချက်နှင့် အခြေခံလစာဟူ၍ မရှိဘဲ အခြေအနေ ပိုမိုဆိုးရွားသော ဒီဂျစ်တယ် ပစ္စည်းမဒ့လူတန်းစား (Digital Proletariat) များ ဖြစ်လာကြသည်။
၁၉ ရာစု စက်ရုံခေါင်းတိုင်များမှ ၂၁ ရာစု အယ်လ်ဂိုရီသမ်ကွန် ရက်များသို့ - အရင်းအနှီး၊ နည်းပညာနှင့် ခေတ်သစ် အလုပ်သ မားလူတန်းစား (Precariat) တို့ ၏ သမိုင်းအလှည့်အပြောင်း
၁။ *ခေတ်သစ် အရင်းအနှီးပုံ သဏ္ဌာန်နှင့် မာ့က်စ်ဝါဒီ သီအိုရီများ ပြန်လည်ဆန်းစစ်ခြင်း*။
မာ့က်စ်၏ သီအိုရီအရ အရင်းအ နှီးကို တန်ဖိုးဖန်တီးမှုအပေါ် မူ တည်၍ Constant Capital (မပြောင်းလဲသောအရင်းအနှီး) နှင့် Variable Capital (ပြောင်းလဲနိုင်သော အရင်းအနှီး) ဟု ခွဲခြားခဲ့သည်။ ၁၉ ရာစုတွင် Constant Capital ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ စက်ပစ္စည်းများနှင့် ကုန်ကြမ်းများသာ ဖြစ်သော် လည်း၊ ၂၁ ရာစုတွင် ၎င်း၏ပုံ သဏ္ဌာန်သည် ဒစ်ဂျစ်တယ်အသွင် သို့ ကူးပြောင်းသွားခဲ့သည်။ ဥပမာပြရလျှင် မြေယာများနေရာတွင်ဒေတာများသည် အရင်းအနှီးပုံသဏ္ဍန် သစ်သို့ရောက်ရှိလာခဲ့ပေပြီ။
ယနေ့ခေတ် ကမ္ဘာ့အချမ်းသာဆုံး ကုမ္ပဏီကြီးများ (ဥပမာ - Google, Meta, Amazon, Microsoft) ၏ အဓိက Constant Capital များမှာ ဒေတာများ၊ ကွန်ပျူတာဆာဗာကြီးများ၊ ကမ္ဘာလုံးဆိုင်ရာ ဖိုင်ဘာအော့ပတစ် ကေဘယ်လ် ကွန် ရက်များနှင့် အဆင့်မြင့် ဉာဏ်ရည်တု (Artificial Intelligence) အယ်လ်ဂိုရီသမ်များ ဖြစ်ကြသည်။
သို့သော် မာ့က်စ်၏ အခြေခံနိယာမအရ ဤစက်ပစ္စည်းများ နှင့် ဒေတာစနစ်များသည် မိမိတို့တွင် ရှိရင်းစွဲတန်ဖိုးကို ကုန်ချော သို့မဟုတ် ဝန်ဆောင်မှုထဲသို့ လွှဲပြောင်းပေးရုံသာ တတ်နိုင်ပြီး၊ တန်ဖိုးအသစ် (New Value) နှင့် အမြတ်အစွန်း၏ အရင်းအမြစ် ဖြစ်သော ပိုလျှံတန်ဖိုး 'ခေါ် ' အစွန်းထွက်တန်ဖိုး (Surplus Value) ကိုမူ မဖန်တီးနိုင်ကြပေ။ ဤနေရာတွင် လုပ်အား(labor power ) ဟုခေါ်သည့် ပြောင်းလဲနိုင်သောအရင်း(Variable Capital) ၏ ကဏ္ဍသည် ပိုမိုသိသာလာ သည်။ အယ်လ်ဂိုရီသမ်များကို အသက်သွင်းရန်၊ ကုဒ်များကို ရေးသားရန်နှင့် ဒေတာများကို အမျိုးအစားခွဲခြားရန်အတွက် ခေတ်သစ်နည်းပညာ အလုပ် သမားများ၊ ဆော့ဖ်ဝဲအင်ဂျင်နီယာများနှင့် ကွန်ရက်ထိန်းသိမ်းသူများ၏ "လုပ်အား" (Labor Power) ကို ဝယ်ယူရသည်။ ၂၁ ရာစု၏ အရင်းရှင်များသည် ဤ လုပ် အားကို ဝယ်ယူပြီး အလုပ် သမားများအား ၎င်းတို့၏ လုပ် ခလစာတန်ဖိုးထက် ပိုမိုများပြားသော ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတန်ဖိုးများကို အဆက်မပြတ် ထုတ်လုပ်ခိုင်းခြင်းဖြင့် အစွန်းထွက်တန်ဖိုး(ပိုလျှံတန်ဖိုး)ကို ရယူနေကြဆဲ ဖြစ်သည်။
၂။ *ရိုးရာအရင်းအနှီးမှ ဒစ်ဂျစ် တယ်လည်ပတ်မှုစနစ်သို့ ကူး ပြောင်းခြင်း*။
ရိုးရာစာရင်းကိုင်ပညာနှင့် ကားလ်မာ့က်စ်၏ Das Kapital အတွဲ ၂ တွင် ဖော်ပြထားသော အရင်း အနှီးလည်ပတ်မှု သီအိုရီ (Capital Circulation) အရ အရင်းအနှီးသည် Fixed Capital (ပုံသေအရင်းအနှီး) နှင့် Working/Circulating Capital (လည်ပတ်အရင်းအနှီး) အဖြစ် လည်ပတ်ရသည်။ ၁၉ ရာစုက အရင်းအနှီးတခု လည်ပတ်ရန်အတွက် ကုန်ကြမ်းကို ဝယ်ယူ၊ စက်ရုံတွင် ကုန်ချောထုတ်၊ ထို့ နောက် သင်္ဘော သို့မဟုတ် ရထားဖြင့် ဈေးကွက်သို့ ပို့ဆောင်ရသဖြင့် လည်ပတ်ချိန် (Turnover Time) လွန်စွာ ကြာမြင့်ခဲ့သည်။
၂၁ ရာစု ဒစ်ဂျစ်တယ်စီးပွားရေးတွင်မူ အိန်ဂယ်လ် ဖြည့်စွက်ပြု စုခဲ့သော Das Kapital အတွဲ ၃ ပါ ခရက်ဒစ်စနစ်နှင့် ကမ္ဘာ့စျေးကွက် သီအိုရီများသည် အထွတ် အထိပ်သို့ ရောက်ရှိလာသည်။
ယနေ့ခေတ်တွင် အရင်းအနှီးလည်ပတ်မှုသည် စက္ကန့်ပိုင်းအ တွင်း ကမ္ဘာ့တဖက်ခြမ်းမှ အ ခြားတဖက်ခြမ်းသို့ ကူးပြောင်းနိုင်သည်။
ကုန်စည်များ၏ ပုံသဏ္ဌာန်သည် ရုပ်ဝတ္ထုပစ္စည်းများမှသည် ဒစ် ဂျစ်တယ်ကုန်စည်များ (Software, Streaming, Cloud Storage) အဖြစ်သို့ ပြောင်းလဲသွားခြင်းကြောင့် Circulating Capital ၏ လည်ပတ်နှုန်းသည် အလင်းနှုန်းနီးပါး မြန်ဆန်လာသည်။ ဤအချက်က အရင်းရှင် များအတွက် အမြတ်နှုန်းကို တဟုန်ထိုး မြင့်တက်စေခဲ့သော် လည်း အလုပ်သမားများအပေါ် (အကျိုး)သက်ရောက်မှုမှာမူ တိုးတက်မလာခဲ့ပေ။
၃။ ၂၁ ရာစု အလုပ်သမားလူတန်းစား (The Precariat) ၏ အခြေအနေ
အိန်ဂယ်လ်သည် ၁၈၄၀ ပြည့်လွန်နှစ်များက မန်ချက်စတာရှိ ကလေးလုပ်သားများနှင့် စက်ရုံအလုပ်သမားများ၏ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲကျပ်တည်းမှုကို မှတ်တမ်းတင်ခဲ့သည်။ ယနေ့ ၂၁ ရာစုတွင် အထူးသဖြင့် (ကိုးဗစ် -၁၉) အလွန်ကာလများနှင့် ဉာဏ်ရည်တု (AI) တော်လှန်ရေး အရှိန်အဟုန်မြင့်လာသော ၂၀၂၆ ခုနှစ် လက်ရှိကာလအထိ အလုပ်သမားလူတန်းစား၏ ပုံသဏ္ဌာန်သည် သိသိသာသာ ပြောင်းလဲလာခဲ့ပြီး ၎င်းတို့ကို "The Precariat" (“လုပ်အားကို ရောင်းချပြီး အသက်မွေးဝမ်း ကျောင်းရသော်လည်း အလုပ် အကိုင်နှင့် ဝင်ငွေလုံခြုံမှု မရှိသော ခေတ်သစ်အလုပ်သမားလူတန်းစား”)ဟု ခေါ်ဆိုလာကြသည်။
ယနေ့ခေတ်၏ အလုပ်သမားများသည် စက်ရုံဝတ်စုံများ ဝတ်ဆင်မထားကြတော့ပေ။ ၎င်းတို့သည် အစားအသောက်ပို့ဆောင်သူများ (Delivery Riders)၊ အွန်လိုင်းအငှားယာဉ် မောင်းများ (Uber/Grab Drivers)၊ ဒေတာတံဆိပ်ကပ် ရသည့် ရေတိုပုတ်ပြတ်အလုပ် သမားများ (Gig Workers) နှင့် အဝေးမှနေ၍ ကွန်ပျူတာဖြင့် အလုပ်လုပ်ရသူများ (Remote Workers) ဖြစ်လာကြသည်။ အရင်းရှင်များသည် ၎င်းတို့အား "အလုပ်သမား" ဟု မခေါ်ဆိုတော့ဘဲ "လွတ်လပ်သော အ ကျိုးတူလုပ်ကိုင်သူများ" (Independent Contractors) ဟု နာမည်လှလှပေးကာ အလုပ် သမားဥပဒေပါ အခွင့်အရေးများဖြစ်သော ကျန်းမာရေး။ စောင့်ရှောက်မှု၊ လုပ်ငန်းခွင် အာမခံ နှင့် ပင်စင်လစာ ပေးရ မည့် တာဝန်များမှ ရှောင်လွှဲနေကြသည်။
၎င်းသည် မာ့က်စ် အဓိကထောက်ပြခဲ့သော လူသားဆန်မှု ကင်းမဲ့လာခြင်း(Alienation) သီအိုရီ၏ ခေတ်သစ်ပုံစံ ဖြစ် သည်။ ယနေ့ခေတ် အလုပ်သ မားသည် မိမိ၏ အထက်လူကြီး မည်သူမှန်းမသိရဘဲ ဖုန်းစခရင် ပေါ်မှ အယ်လ်ဂိုရီသမ် စနစ်တခု၏ စေခိုင်းမှု၊ အမှတ်ပေးစနစ် (Rating System) တို့အပေါ်တွင် သာ ဘဝကို ပုံအပ်ထားရပြီး မိမိ၏ လုပ်ငန်းခွင်နှင့် လူ့အဖွဲ့ အစည်းကြားတွင် ပိုမို၍ မျှော် လင့်ချက်မဲ့ကာ သူစိမ်းပြင်ပြင် ဖြစ်လာရသည်။
၄။ နည်းပညာတော်လှန်ရေးနှင့် အမြတ်နှုန်းကျဆင်းခြင်း နိယာမ
မာ့က်စ်နှင့် အိန်ဂယ်လ်တို့ ပြုစုခဲ့သော အရေးကြီးဆုံး သီအိုရီတခုမှာ "အမြတ်နှုန်း တဖြည်းဖြည်း ကျဆင်းလာခြင်း နိယာမ" (The Law of the Tendency of the Rate of Profit to Fall) ဖြစ် သည်။ အရင်းရှင်များသည်ပြိုင် ဆိုင်မှုကြောင့် လူသားအလုပ် သမားများ (Variable Capital) နေရာတွင် စက်ပစ္စည်းများနှင့် နည်းပညာများ (Constant Capital) ကို ပိုမိုအစားထိုးလာကြသည်။ သို့သော် နည်းပညာ သည် အစွန်းထွက် တန်ဖိုး(ပိုလျှံတန်ဖိုး) ကို မဖန်တီးနိုင်သော ကြောင့် ရေရှည်တွင် အရင်းရှင်စနစ် တခုလုံး၏ အမြတ်နှုန်းသည် ကျဆင်းလာရသည်။
၂၁ ရာစု၏ AI နှင့် အလိုအလျောက်မောင်းနှင်မှု (Automation) တော်လှန်ရေးသည် ဤနိယာမကို လက်တွေ့မျက်မြင် သက်သေပြနေသည်။ ကုမ္ပဏီများသည် ဝန်ထမ်းများကို လျှော့ချပြီး AI စနစ်များကို အစားထိုးလာသောအခါ ကနဦးတွင် အမြတ်အစွန်းများစွာ ရရှိနိုင်သော်လည်း၊ ကဏ္ဍတခုလုံးတွင် အလိုအလျောက်စနစ်များ အပြန်အလှန် ပြိုင်ဆိုင်လာကြသောအခါ ကုန် စည်နှင့် ဝန်ဆောင်မှုတန်ဖိုးများသည် သုညနီးပါးအထိ ကျဆင်းလာပြီး ရေရှည်အရင်းရှင်စနစ် အတွက် အကျပ်အတည်းသစ် များကို ဖန်တီးလာစေသည်။ ဤအခြေအနေသည် အလုပ်သ မားများအတွက် အလုပ်လက်မဲ့ဦးရေ ပိုမိုများပြားလာခြင်းနှင့် လူမှုစီးပွား မညီမျှမှု ကြီးထွားလာခြင်းဟူသော ဆိုးကျိုးများကို သက်ရောက်စေသည်။
နိဂုံး
ဖရက်ဒရစ်အိန်ဂယ်လ်သည် ဟိုက်ဂိတ်သုသာန်ရှိ ကားလ်မာ့က်စ်၏ အုတ်ဂူရှေ့တွင် "သူ့ရဲ့ နာမည်နဲ့ လက်ရာမွန်တွေဟာ ရာစုနှစ်ပေါင်းများစွာ ထာဝရရှင်သန်နေဦးမှာဖြစ်ပါတယ်" ဟု ကမ္ဘာကျော် ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ၎င်းသည် ယခုတိုင် မှန်ကန်နေဆဲ၊ ရှင်သန်နေဆဲ။
အသစ်အသစ်သောအခြေအနေများတွင် ပစ္စည်းမဲ့လူတန်းစားအဝန်းအဝိုင်းမှာလည်း ထုထည် အတိုင်းအဆ ကြီးမားစွာဖြင့် ကျယ်ပြန့်လာနေသည်။
မန်ချက်စတာမြို့ ပြ၏ စက်ရုံအမှောင်ထုထဲမှ မေရီဘန်းစ်နှင့် လစ်ဇီဘန်းစ်တို့၏ ကူညီမှုဖြင့် စတင်မျိုးစေ့ချခဲ့သော နိုင်ငံ ရေးစီးပွားရေးပညာ ဝေဖန်ချက် များသည် ၂၁ ရာစု ၏ ဒစ်ဂျစ် တယ်ကမ္ဘာအထိ မှန်ကန်နေဆဲ ဖြစ်သည်။
၂၁ ရာစု အရင်းရှင်စနစ်သည် နည်းပညာအင်္ကျီကို လဲလှယ်ဝတ် ဆင်ထားသော်လည်း ၎င်း၏အ နှစ်သာရဖြစ်သော မပြောင်းလဲနိုင်သောအရင်းနှင့်ပြောင်းလဲနိုင် သောအရင်း(Constant and Variable Capital)ကြား တန်ဖိုးခွဲဝေမှု၊ အစွန်းထွက်တန်ဖိုး(ပိုလျှံတန်ဖိုး)ကို ရယူမှုနှင့် အလုပ် သမားလူတန်းစားအား ဖိနှိပ်မှု သဘောတရားတို့မှာ မပြောင်းလဲသေးပေ။ ခေတ်သစ် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားထုကြီးသည် စမတ်ဖုန်းများနှင့် ကွန်ပျူတာကီးဘုတ်များကို ကိုင်စွဲထားရသော်လည်း၊ ၎င်းတို့၏ ရပိုင်ခွင့်များနှင့် လူသားဆန်မှုများကို ပြန်လည်ရယူနိုင်ရန်အတွက် မာ့က်စ်နှင့် အိန်ဂယ်လ်တို့ ချန်ထားခဲ့သော သီအိုရီအလင်းတန်းများကို ဆက်လက်ကိုင်စွဲကာ ခေတ် သစ်စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်ဖြတ်နေကြရဦးမည် ဖြစ် ပေတော့သည်။
နိဂုံးချုပ်ရသော် ကားလ်မာ့က်စ် ကွယ်လွန်ခဲ့သည်မှာ ၁၄၃နှစ် ကျော်ကြာမြင့်ပြီဖြစ်သော် လည်း သူချန်ထားခဲ့သော အရင်းရှင်စနစ်ဝေဖန်ချက်များသည် ခေတ်မကုန်သေးပေ။ စက်မှုခေတ်ဦးက မီးခိုးတလူလူနှင့် စက်ရုံကြီးများမှသည် ယနေ့ခေတ် တိတ်ဆိတ်ငြိမ်သက်သော ဒီဂျစ်တယ်ဆာဗာခန်း များအထိ အရင်းရှင်စနစ်၏ ပုံသဏ္ဌာန် ပြောင်းလဲသွားသော်လည်း အခြေခံအဆောက်အအုံပိုင်ဆိုင် သူက လုပ်အားကို ခေါင်းပုံဖြတ် သည့် သဘာဝမှာ အတူတူပင် ဖြစ်သည်။
ထို့ကြောင့် မာ့က်စ် ဝါဒသည် ၂၁ ရာစု၏ ပလက်ဖောင်းအရင်းရှင်စနစ်ကို နားလည်ရန်နှင့် ပိုမိုတရားမျှတသော လူ့အဖွဲ့အစည်းကို ပုံဖော်ရန်အတွက် မရှိမဖြစ် လိုအပ်သော သီအိုရီခရီးစဉ်တခုအဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ပါသည်။
"ကမ္ဘာ့အလုပ်သမားများ သွေးစည်းညီညွတ်ကြ”
မောင်တင့်တယ်
————
"ဝေါဟာရရှင်းလင်းချက်”
A။ Alienation
(လူသားဆန်မှု ကင်းမဲ့လာခြင်း)
Karl Marx ရဲ့ အရေးကြီးဆုံး အယူအဆတွေထဲက တခုပါ။ Marx က ဒီအယူအဆကို အထူး သဖြင့် Economic and Philosophic Manuscripts of 1844 မှာ ရှင်းပြထားတာဖြစ်ပါတယ်။
“Alienation” ကို မြန်မာလို ကင်းကွာခြင်း၊ သီးခြားဖြစ်သွားခြင်း၊ မိမိကိုယ်ကို မပိုင်တော့သ လို ဖြစ်ခြင်း လို့ နားလည်နိုင်ပါတယ်။
မာ့က်စ် အဆိုအရ အရင်းရှင်စ နစ်အောက်မှာ အလုပ်သမားဟာ သူ့ရဲ့ အလုပ်နဲ့ အလုပ်ရလဒ်ကို မထိန်းချုပ်နိုင်တော့ဘဲ ကင်းကွာသွားတယ်။
"Marx ပြောတဲ့ Alienation ၄ မျိုး”
၁။ "Product (ထုတ်ကုန်-အ လုပ် ရလဒ်) နဲ့ ကင်းကွာခြင်း”
အလုပ်သမားက ပစ္စည်းတခုကို ထုတ်လုပ်ပေမဲ့ အဲဒီပစ္စည်းကို သူမပိုင်ဘူး။
ဥပမာ -
ဖုန်းစက်ရုံမှာ အလုပ်လုပ်တဲ့သူက ဖုန်းထုတ်ပေးတယ်၊ ဒါပေမဲ့ အဲဒီဖုန်းကို ကုမ္ပဏီက ပိုင်တယ်။
ဒါကြောင့် အလုပ်သမားဟာ သူဖန်တီးထားတဲ့ အရာနဲ့ ကင်းကွာသွားတယ်။
၂။ "Labor Process (အလုပ် လုပ်ငန်းစဉ်) နဲ့ ကင်းကွာခြင်း"
အလုပ်ကို ဘယ်လိုလုပ်မယ်၊ ဘယ်အချိန်လုပ်မယ် ဆိုတာ အလုပ်သမားက မဆုံးဖြတ်နိုင်ဘူး။ အလုပ်ရှင် သို့မဟုတ် ကုမ္ပဏီက သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း လုပ်ရတယ်။
ဒါကြောင့် အလုပ်ဟာ ကိုယ့်ရဲ့ ဖန်တီးမှုမဟုတ်ဘဲ အတင်းအ ကျပ်လုပ်ရတဲ့ အရာလို ဖြစ်လာတယ်။
၃။ "Human Nature (Species-being)
လူသားသဘာဝနဲ့ ကင်း ကွာခြင်း”
မာ့က်စ် အဆိုအရ လူသားဟာ ဖန်တီးတတ်တဲ့၊ လွတ်လပ်စွာ အလုပ်လုပ်တတ်တဲ့ သဘာဝရှိတယ်။ ဒါပေမဲ့ အရင်းရှင်စနစ် အောက်မှာ အလုပ်က အသက် မွေးဖို့အတွက်ပဲ လုပ်ရတဲ့အရာ ဖြစ်လာတယ်။
ဒါကြောင့် လူဟာ မိမိရဲ့ တကယ့်လူသားဆန်မှု (human potential) ကို အပြည့်အဝ ဖော်ထုတ်မရ တော့ဘူး။
၄။ "အခြားလူများ( လုပ်ဖော် ကိုင်ဖက်များ)နဲ့ ကင်းကွာခြင်း"
အရင်းရှင်စနစ်မှာ လူတွေက အ ချင်းချင်း ပူးပေါင်းဖန်တီးသူတွေထက် ယှဉ်ပြိုင်သူတွေ ဖြစ် လာတယ်။
"အလုပ်သမား vs အလုပ် သ မား”
"အလုပ်သမား vs အလုပ်ရှင်”
ဆိုတဲ့ ဆန့်ကျင်ဘက် ဆက်ဆံရေးတွေ ဖြစ်လာတယ်။
ဒါကြောင့် လူမှုဆက်ဆံရေးတွေပါ ကင်းကွာသွားတယ်။
B။ Precariat
ဒီဝေါဟာရ က မာ့က်စ်ဝါဒဆိုင် ရာ အယူအဆကနေ ဆင်းသက် လာတဲ့ ဝေါဟာရတခု ဖြစ်ပါတယ်။
Precariat = Precarious + Proletariat
Precarious = မတည်ငြိမ် သော၊ မလုံခြုံသော၊ မရေရာသော
Proletariat(ပစ္စည်းမဲ့လူတန်းစား) = လုပ်အားကို ရောင်းချပြီး အသက်မွေးဝမ်း ကျောင်းရသော (၁၉)ရာစုခေတ် အလုပ် သမားလူတန်းစား။
ဒါကြောင့် Precariat ဆိုတာ “အလုပ်ရှိနေပေမဲ့အလုပ်အ ကိုင်တည်ငြိမ်မှု၊ ဝင်ငွေလုံခြုံမှု၊ လူမှုဖူလုံရေးအာမခံချက်မရှိတဲ့ (ကော်လာဖြူနဲ့ကော်လာပြာ) ခေတ်သစ်အလုပ်သမားလူတန်း (ဝါ) ပစ္စည်းမဲ့လူတန်းစား” ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
COVID-19 နောက်ပိုင်း၊ AI နဲ့ ဒစ် ဂျစ်တယ်ပလက်ဖောင်းစီးပွား ရေး တိုးတက်လာတဲ့အခါ
-Food delivery rider များ
-Ride-hailing driver များ
-Data labeling gig workers များ
-Freelance programmer များ
-Online content moderator များ
-AI trainer များလို လူများဟာ အမြဲတမ်းဝန်ထမ်း မဟုတ်တော့ဘဲ အလုပ် တခုချင်းစီအလိုက် ဝင်ငွေရှာလာကြတယ်။
အဲဒီလို “အလုပ်လုပ်နေရပေမဲ့အနာဂတ်ဝင်ငွေ၊ အလုပ်အကိုင်၊ လူမှုဖူလုံရေးတို့မသေချာတဲ့ အလုပ် သမားအစုအဖွဲ့” ကို လူမှုဗေဒပညာရှင် Guy Standing က “The Precariat” ဟု သတ်မှတ် ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။
အကျဉ်းချုပ်ပြောရရင် “ဘဝအာမခံချက်မရေရာသော ရှေး ဟောင်းပစ္စည်းမဲ့လူတန်းစား (proletariat)အပြင် platform capitalism အောက်မှာ
“လုပ်အား ကို ရောင်းချပြီး အ သက်မွေးဝမ်းကျောင်းရသော် လည်း အလုပ်အကိုင်နှင့် ဝင်ငွေလုံခြုံမှု မရှိသော ခေတ်သစ် ကော်လာဖြူအလုပ်သမားလူတန်းစား” နှစ်ရပ်လုံးကို ဆိုလိုတာ ဖြစ်ပါတယ်။
AI ခေတ်မှာ Data Labelers၊ Gig Workers၊ Platform Workers တွေဟာ Precariat ၏ အဓိက ဥပမာများအဖြစ် မကြာ ခဏ ဖော်ပြခံရကြပါတယ်။
C။ Gig Economy
(ဂစ်စီးပွားရေး) ဆိုသည်မှာ ရိုးရာအမြဲတမ်းဝန်ထမ်းစနစ် (Full-time jobs) အစား ရေတိုအလုပ်များ၊ အလွတ်တန်းစားချုပ်များနှင့် လွတ်လပ်သောလုပ်သား (Gig workers) များကို အဓိကအခြေခံသည့် စီးပွားရေးစျေးကွက်စနစ်ဖြစ်ပါသည်။
ယခုခေတ်တွင် နည်းပညာပလက်ဖောင်းများ (ဥပမာ- Grab, Foodpanda, Upwork) ထွန်းကားလာမှုကြောင့် ဤစီးပွားရေးစနစ်သည် ကမ္ဘာတဝှမ်းတွင် အလွန်လျင်မြန်စွာ ကျယ်ပြန့်လာနေသည်။
———-
Sat 7:42 PM
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
