ကိုနီတွတ် - စစ် (War)
ကိုနီတွတ် - စစ် (War)
မိုးမခ ၊ ဇူလိုင် ၁၂ ၊ ၂၀၂၆
"If all the money spent on war was spent on ending poverty and finding environmental answers, what a wonderful place this earth would be." (By Severn Cullis Suzuki)
"အကယ်၍ စစ်အသုံးစရိတ်များကို ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ပြဿနာများကို အဖြေရှာဖို့အတွက် အသုံးပြုခဲ့မယ်ဆိုရင် သည်ကမ္ဘာကြီးက ဘယ်လောက်အံ့ဩဖို့ ကောင်းလိုက်မလဲ။"
အသက် ၁၂ နှစ်အရွယ်တုန်းက ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံတစ်ခုတွင် မိန့်ခွန်းပြောခွင့်ရခဲ့သည်။ သိပ္ပံပညာရှင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ ကနေဒါနိုင်ငံသား David Suzuki ၏ သမီးလေး။ ကလေးတစ်ယောက်၏ စစ်နှင့်ပတ်သက်၍ ထောက်ပြခဲ့တာကို သဘောကျလွန်း၍ "ကမ္ဘာကြီး ၅ မိနစ် ရပ်သွားခဲ့တယ်" ဟု ချီးမွမ်းခဲ့ကြသည်။ နောက်ထပ် "If you don't know how to fix, please stop breaking. တကယ်လို့ ဘယ်လို ပြုပြင်ရမလဲ မသိရင် ဖျက်ဆီးတာကို ရပ်ပါ" တဲ့။ အလွန်ကောင်းမွန်သော စကားတစ်ခွန်း ထပ်ပြောသည်။
ဤကမ္ဘာမြေကြီးသည် စစ်တွေမဖြစ်လျှင် အလွန်သာယာလှပပါသည်။ နေချင်စဖွယ်ကောင်းလှပါသည်။ ပျော်ရွှင်စွာ လည်ပတ်စရာများ ပြည့်နေပါသည်။ စိမ်းလန်းစိုပြည်ပါသည်။ သက်ရှိမျိုးစုံ ပေါက်ပွားရှင်သန်နေပါသည်။ စား၊ ဝတ်၊ နေရေး လိုတရ ရှိပါသည်။ ဤနေစကြဝဠာစုထဲက ဂြိုဟ်ကြီး ၉ လုံးတွင် တတိယမြောက် ကမ္ဘာဂြိုဟ်တွင်သာ ဤသို့ ဖြစ်ပါသည်။ ဤကမ္ဘာဂြိုဟ်နေ မနုဿလူသားများ၏ မကောင်းမှု အကုသိုလ် လောဘ၊ ဒေါသ၊ မောဟများကြောင့် မဆုံးနိုင်သော စစ်ပွဲများ အတောမသတ်ဖြစ်ကာ ကမ္ဘာကြီး ပျက်စီးနေရပါသည်။ ကမ္ဘာကြီးပေါ်တွင်လည်း ဖိနှိပ်စစ်၊ ကျူးကျော်စစ်၊ ခုခံတွန်းလှန်စစ်၊ ဘာသာရေးကြောင့်ဖြစ်သည့်စစ် စသည့် စစ်ပွဲများ ပေါ်ခဲ့သည်။ ပေါ်နေဆဲ။ လူပေါ်ဦးစကတည်းက ဖြစ်လာသော "စစ်" သည် ဘယ်သောအခါမှ ဆုံးနိုင်ဖွယ် မမြင်။
ဤကမ္ဘာမြေပေါ်တွင် မူဆလင်နှင့် ခရစ်ယာန် ဘာသာဝင်များ၏ ကရူးဆိတ်စစ်ပွဲများ၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ လွတ်လပ်ရေးစစ်ပွဲများ စသဖြင့် အထင်ကရ စစ်ပွဲများ ဖြစ်ခဲ့ကြပါသည်။ သူနိုင်ကိုယ်နိုင် အပြိုင်နွှဲခဲ့သော ကရူးဆိတ်စစ်ပွဲများသည်လည်း လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရသည်။ ဘာသာရေးကို အကြောင်းပြုသည့်စစ်။ ဘာသာတရားသည် ဘာသာဝင်အများစု၏ ကိုးကွယ်ယုံကြည်ရာ ဖြစ်နေရာ အေးချမ်းမှု၊ ငြိမ်းချမ်းမှု၊ တည်ကြည်မှုတို့ ဖြစ်ရမည်မှာ အမှန်။ သို့သော် အဆက်မပြတ် စစ်ပွဲများသာ ဖြစ်ခဲ့ရာ အဘယ်သို့ တည်ငြိမ်အေးချမ်းပါလိမ့်မည်နည်း။ နားဝေတိမ်တောင်ဖြစ်ခြင်းသာ အဖတ်တင်ခဲ့သည်။ နားလည်မှုသည် တခါတရံ လူတို့ပိုင် မဟုတ်ပါချေလော။
ပထမကမ္ဘာစစ်တွင် ဩစတြီးယား အိမ်ရှေ့မင်းသား ဆာရာဂျေဗိုတွင် လုပ်ကြံခံခဲ့ရရာမှ အင်အားကြီးနိုင်ငံက အင်အားသေး နိုင်ငံငယ်လေးကို အနိုင်ကျင့် ကျူးကျော်စစ်ပြုခဲ့သည်။ ထိုမှအစပြု၍ ဝင်ရိုးတန်းနိုင်ငံများက တစ်ဖက်၊ မဟာမိတ်နိုင်ငံများက တစ်ဖက် ပထမကမ္ဘာစစ်ကြီး ပေါ်ပေါက်ခဲ့သည်။ အင်အားငယ်သူတို့၏ ခုခံတွန်းလှန်စစ်မှသည်... အဆုံးသတ်တွင် အနိုင်ကျင့် ကျူးကျော်သူတို့ ရှုံးခဲ့သည်။ နိုင်သူတို့ကလည်း ရှုံးသူတို့ကို အနိုင်ကျင့် ဖိနှိပ်၊ ကိုယ် လိုသလို စာချုပ်ချုပ်ခဲ့ကြရာ ရှုံးသူတို့မှာလည်း မကျေနပ်မှုများဖြင့် လက်မခံချင်ဘဲ လက်ခံခဲ့ရသည်။ တစ်နေ့ အင်အားကြီးလာလျှင် ပြန်ချမည်ဟူသော စစ်သန္ဓေဆိုးများကို မွေးထားပြန်သည်။
ဒုတိယကမ္ဘာစစ်ကြီးသည်လည်း ဂျာမနီအဓိပတိ အဒေါ့ဖ် ဟစ်တလာ၏ ကျူးကျော်မှုကြောင့် မဟာမိတ်နိုင်ငံများ ပူးပေါင်းခုခံတွန်းလှန်ခဲ့ကြရာမှ ဖြစ်ခဲ့ကြပြန်သည်။ ဖက်ဆစ်တို့ ရှုံးခဲ့ပုံမှာလည်း ဂျာမဏီနှင့် ဂျပန်ကို ကြည့်ပါ။ အုတ်ပုံ၊ ပြာပုံနိုင်ငံများ ဖြစ်သွားသည်။ နာဂါဆာကီ၊ ဟီရိုရှီးမား ၂ မြို့လည်း အနုမြူဗုံး ၂ လုံးကြောင့် ထိုမြို့နှစ်မြို့နှင့် မြို့နေပြည်သူများ တခဏချင်းပင် အသက်ဇီဝိန်ချုပ် ပျောက်ကွယ်သွားခဲ့ရသည်မှာ အလွန်ကို ကြောက်စရာ။ အနိုင်ရ မဟာမိတ်များဖက်တွင်လည်း ဆုံးရှုံးမှုများက မနည်းပါ။ စစ်ဖြစ်၍ ကောင်းကျိုးအနည်းငယ်မျှပင် မရှိ။ စစ်သည် စစ်အတိုင်း အရိုင်းအစိုင်းများဖြင့်သာ အဆုံးသတ်ကြသည်။ မနိုင်၍ရှုံးရှုံး၊ အနိုင်ရ၍ ပြုံးပြုံး၊ ထိုအရှုံး ထိုအပြုံးများသည် ဘယ်လိုမှ အေးချမ်းမှုရှိမည် မဟုတ်ပါလေ။
ယခုလောလောလတ်လတ် အီရန်၊ အစ္စရေး၊ အမေရိကန် စစ်ပွဲ။ တငွေ့ငွေ့ဖြင့် မဆုံးနိုင်အောင် စစ်မီးလောင်နေသည်။ ရေနံ၊ အဏုမြူနှင့် ရန်ကြွေး စသောအကြောင်းများကြောင့် စစ်ခင်းကြသည်။ အစ္စရေး၊ အမေရိကန်တို့ကလည်း ခေတ်ရှေ့ပြေးနေသူများ ဖြစ်ရာ သူတို့၏ ဗုံးကြဲချမှုကြောင့် အီရန်ခေါင်းဆောင်များ၊ နိုင်ငံပိုင်အဆောက်အဦများ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးသွားသည်။ ဖိနှိပ်ခံရသူ အီရန်ကလည်း မညံ့လှ။ သို့သော် သူတို့၏ အဖျက်စွမ်းအားကြီးမားလှသော အဏုမြူ ရယူပိုင်ဆိုင်လိုမှုကြောင့် မည်သို့မှ စစ်ပွဲဆုံးဟန်မရှိ။ မနိုင် နိုင်သည့်နည်းဖြင့် တွန်းလှန်မှုသည်လည်း ခေတ်ရှေ့ပြေးလှပါသည်ဆိုသော အစ္စရေး၊ အမေရိကန်ကို ကောင်းကောင်း တုံ့ပြန်နိုင်ခဲ့သည်။ ရယူလိုမှုနှင့် မရှိစေလိုမှုကြားတွင် ငြိမ်းချမ်းခြင်းကား ပျောက်ကွယ်နေသည်။
တဖန် တစ်ချိန်တစ်ခါက ဗီယက်နမ်စစ်။ ပြင်သစ်နှင့် အမေရိကန်တို့၏ ကျူးကျော်စစ်။ အင်အားကြီးသူတို့၏ ကျူးကျော်စစ်နောက်တွင် အဆိုပါနယ်မြေကို ကိုလိုနီအဖြစ် သွတ်သွင်းလိုမှု၊ ထိုနိုင်ငံအတွင်း ရယူလိုသမျှကို ဝါးမျိုလိုသည့်စစ်။ မြန်မာပြည်ကိုလည်း အင်္ဂလိပ်နယ်ချဲ့တို့က ကျူးကျော်စစ် ၃ ကြိမ်ပြုကာ သိမ်းယူခဲ့သည်။ ဗီယက်နမ်နှင့် မြန်မာပြည်သူများ၏ ခုခံတွန်းလှန်စစ်နှင့် ကျူးကျော်နယ်ချဲ့ အင်္ဂလိပ်၊ ပြင်သစ်၊ အမေရိကန်တို့ နှစ်ဖက်ကြား ဆုံးရှုံးနစ်နာမှုကား များခဲ့သည်။ အင်အားကြီးများ၏ ဖိနှိပ်မှုနောက် ရက်စက်မှု၊ အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ မတရားမှုများကား မပါမဖြစ်။
ဂျပန်တို့၏ ကျူးကျော်စစ်နှင့် ကူမင်တန်တို့၏ တွန်းလှန်စစ်၊ တရုတ်ကွန်မြူနစ်ပါတီ၏ ခရီးရှည်ချီတက်စစ်ပွဲကြီးများသည်လည်း ကမ္ဘာကျော်ခဲ့သည်။ ထိုသမိုင်းထဲတွင်တော့ မြေစာပင်ပြည်သူများ၊ ကျူးကျော်သူနှင့် တော်လှန်သူတို့၏ စစ်ပွဲများသည် သွေးထွက်သံယို တိုက်ခိုက်ကြရာ မလွဲမရှောင်သာသည်ဆိုသည်မှာလည်း ကြောက်ခမန်းလိလိ။ စစ်ပွဲကား စစ်ပွဲသာတည်း။ ပန်းတစ်ခင်းမဟုတ်ပါ။
ယနေ့ ပစ္စုပ္ပန် မြန်မာပြည်တွင်လည်း နှစ် ၇၀ ကျော် မြန်မာပြည်သူများကို ဖိနှိပ်မှု၊ အလုံးစုံသော အာဏာများ ချုပ်ကိုင်ပိုင်စိုးလိုမှုမှသည်.... ယခုတော့ မြန်မာပြည်သူများ၏ နွေဦးတော်လှန်ရေး ခုခံစစ်၊ တော်လှန်စစ်မှာ အချိန်ကြာလာသည်နှင့်အမျှ ဖိနှိပ်ရက်စက်သူများ၏ ကြမ်းကြုတ်ခြင်းများသည် လူပေါင်းသိန်းချီ သေဆုံးခဲ့ရသည်။ သန်းချီ စစ်ဘေးရှောင်ရသည်။ ပန်းနှင့်ရိုက်သောစစ်မဟုတ်၊ ဂန်းနှင့်တိုက်သောစစ် ဖြစ်ရာ စစ်အာဏာရှင်များ၏ နိုင်ငံရေး ယုတ်မာမှု၊ ယုတ်မာသည့် ပရိယာယ်တို့သည် မည်သို့မှ လက်သင့်ခံနိုင်စရာ အကြောင်းမရှိ။ သို့ဖြစ်သောကြောင့် မြန်မာပြည်သူတို့၏ ၂၁ ရာစု နွေဦးတော်လှန်ရေးစစ်ကို ဆင်နွှဲနေရခြင်း ဖြစ်ပါချိမ့်။
စစ်များ၏ သဘောတရားသည်လည်း ကျူးကျော်သူ၊ ဖိနှိပ်သူ၊ အာဏာ တသက်လုံး အပိုင်ကိုင်ထားလိုသူတို့ကြောင့်သာ ဖြစ်ရခြင်းပင်။ စရိုက်လက္ခဏာကိုက ရမ်းကားခြင်း၊ ရိုင်းစိုင်းခြင်း၊ ကြမ်းကြုတ်ခြင်း၊ ဖိနှိပ်ခြင်း၊ ရက်စက်ခြင်း၊ လူသတ်ခြင်းကို ဝန်မလေးခြင်း၊ သနားညှာတာမှုမရှိခြင်း၊ မနာလိုဝန်တိုမှု အားကြီးခြင်း၊ မတော်လောဘကြီးခြင်း၊ အမှန်ကို လက်မခံခြင်း၊ ဇွတ်တရွတ်နိုင်ခြင်း၊ အနိုင်ကျင့်ခြင်းများသည်သာ အတွေ့ရဆုံး။ လိုချင်၍တိုက်သော စစ်၊ ကျူးကျော်လိုသောစစ်၊ ဖိနှိပ်လိုသော စစ်ချည်းသာ ဖြစ်နေ၍ လုပ်ချင်ရာလုပ်သည်။ သူတို့ အလိုရမ္မက်ဆိုးမှလွဲ၍ ကျန်တာမစဉ်းစား။ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်၊ ကြမ်းချင်သလိုကြမ်း မောင်ဘဂျမ်း၊ လုပ်ချင်သလိုလုပ် မောင်ဘတုတ်ချည်း နှင်နှင်သာ။ သူတို့အတွက် အမှားဖြစ်၍ အမှန်ပြင်ရန် မလို။ ပြည်သူကို ဦးတည်၍ တိုက်တိုက်၊ မည်သူနှင့်ဖြစ်ဖြစ် တောရိုင်းဥပဒေသ အတိုင်းသာသွားသည်။ ဖိနှိပ်မှုအားကြီးလွန်း၍ ပြန်၍ တော်လှန်စစ်ဆင်နွှဲသူများအတွက် တစ်ခါ တစ်ခါ ကမ္ဘာကြီးက မေ့နေတတ်သည်လည်း ရှိပြန်သည်။ နူရာဝဲစွဲ လဲရာသူခိုးထောင်း။ ထိုစစ်ပွဲများကြောင့် ချေဂွေဗားယားတို့ သေခဲ့ရသည်။ ဒေါက်တာရီဇော်တို့ ကြိုးပေးအသတ်ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ မဟတ္တမဂန္ဒီ၊ အေဗရာဟင် လင်ကွန်းတို့ လုပ်ကြံခံခဲ့ရသည်။ နယ်ဆင်မင်ဒဲလား၊ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ရှည်ထောင်သွင်း အကျဉ်းကျခံခဲ့ရသည်။ ထောင်အသီးသီးနှင့် စစ်ကြောရေးများ၏ လက်ချက်ကြောင့် မတရားဖမ်းဆီးထားခံရသူများ အသက်သေဆုံးခဲ့ရသည်။ လူစဉ်မမီ ဖြစ်ခဲ့ရသည်။ လက်နက်မရှိသော ပြည်သူများအတွက် ဆိုဖွယ်စကားပင် မရှိ။
ဖိနှိပ်ကျူးကျော်သူများသည်လည်း သူတို့၏ မဆုံးနိုင်သော၊ အတောမသတ်နိုင်သော အတ္တကို ဗဟိုပြုထား၍ စစ်ပွဲတစ်ခုအတွက် စစ်အသုံးစရိတ် ကုန်ချင်သလောက် ကုန်ပါစေ။ နိုင်ငံတော် ဘဏ္ဍာငွေသည် သူတို့ လိုရာသုံး။ သယံဇာတများသည် စစ်ပွဲအသုံးစရိတ်။ ကမ္ဘာပေါ်ရှိ အချို့သော နိုင်ငံများသည် ဤကဲ့သို့ အာဏာရှင်များ၏ ပြည်သူအပေါ် ကျူးကျော်သော ဖိနှိပ်စစ်ကို ဆင်နွှဲနေကြသည်။ ထိုစစ်ပွဲကြောင့် ပြည်သူများ၏ စား၊ ဝတ်၊ နေရေးတို့မှာ ခက်သည်ထက်ခက်။ ဒုက္ခပေါင်းစုံတွေ့ရ။ လွတ်လပ်တရားမျှတမှု မရှိ။ မရ။ မပေး။
စစ်ပွဲကို အကြောင်းပြု၍ နိုင်ငံတော်ပိုင် သယံဇာတများသည်လည်း နည်းအမျိုးမျိုးဖြင့် ဆုံးရှုံးရသည်။ ကိုယ်ကျိုးရှာသူများကလည်း တောမီးလောင် တောကြောင် လက်ခမောင်းခတ် ကြသည်။ ပြည်သူများမှာတော့ ကျီးလန့်စာစား၊ အကြောက်တရားများဖြင့်သာ နေ့စဉ် ဖြတ်သန်းကြရသည်။ ရှင်သန်နေရသည်။ Severn Cullis Suzuki ပြောခဲ့သလို ပြည်သူများ၏ ဒုက္ခအပေါင်းကို ကယ်ဆယ်ပေးနိုင်ပါလျှင် မည်မျှကောင်းလိမ့်မည်နည်း။ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံများတွင် ထိုကလေးပြောသလို ကျင့်သုံးသည်လည်း ရှိပါသည်။ ကနေဒါ၊ ဆွီဒင်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဖင်လန်တို့မှာ ထိုသို့သော နိုင်ငံများဖြစ်သည်။
သို့သော် "အကယ်၍ ဘယ်လို ပြုပြင်ရမလဲ မသိလျှင် ဖျက်ဆီးနေတာကို ရပ်ပါ" ဟူသော စကားကိုတော့ ထိုအတ္တသခင် အာဏာရှင် စစ်ပွဲဆင်နွှဲသူများမှာ သူတို့၏ ကြီးမားသော အတ္တများဖြင့် ဖုံးပစ်ကြသည်။ မြန်မာပြည် အာဏာသိမ်း ဂွတိုငနဲနှင့် ဗိုလ်ယုတ်တစ်သိုက်တို့ကိုကြည့်ပါ။ နိုင်ငံတော်ကို သူတို့သာ ထိန်းသိမ်းနိုင်ပါသတဲ့။ သူတို့မရှိလျှင် ဘာဖြစ်သွားမလဲတဲ့။ ဂွတိုနှင့် အပေါင်းအပါများကား တကယ့်ကို ညစ်ပတ်ယုတ်မာလိုက်ပုံက သူတို့၏ ဦးဆောင်ကောင်းမှုကြောင့် မြန်မာပြည်ကြီး ဇောက်ထိုးဆင်းသွားသည်။ အဖတ်ဆည်မရပုံမှာ တကယ်မှဟုတ်ပါလေစ။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များတွင်လည်း အောက်ဆုံးအဆင့်များချည်း။ အမှားကိုသိ၍ ပြည်သူ့အာဏာ ပြည်သူကို ပြန်ပေးရန်မှာ သူတို့၏ ကောင်းမွန်မှန်ကန်သော လုပ်ရပ်မဟုတ်။
"ကမ္ဘာကြီး ၅ မိနစ် ရပ်သွားတယ်" ဟု ချီးမွမ်းခံရသော ကနေဒါနိုင်ငံသူလေးလောက်ပင် အသိဉာဏ်မရှိ။ မပြည့်ဝ။ ထိုကလေးကား ကလေးနှင့်မလိုက်အောင် ပြောတတ်သော စကားကြောင့် ကမ္ဘာကျော်ခဲ့သည်။ ပြည်သူများအပေါ် စစ်ပွဲဆင်နွှဲနေသော မအလနှင့် ဘီးကျဲကြီးများသည်လည်း ကမ္ဘာကျော်ပါသည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ဖိနှိပ်မှု၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးမှု၊ တားဆီးပိတ်ပင်မှု၊ မြို့ရွာတိုက်တာအိမ်များကို မီးလောင်တိုက်သွင်းမှု၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူမှု၊ နိုင်ငံတော်ပိုင် ဘဏ္ဍာများကို အလွဲသုံးစားလုပ်မှု၊ တိုင်းရင်းသားများအပေါ် မဆုံးနိုင်သော စစ်ပွဲဆင်နွှဲနေမှုများကြောင့်ပါတည်း။
အသက် ၁၂ နှစ်အရွယ် Severn Cullis Suzuki ၏ စစ်ပွဲနှင့်ပတ်သက်၍ ပြောခဲ့သော စကားနှင့် လူယုတ်မာ မအလနှင့် ဘီကျဲကြီးများတသိုက်တို့၏ စစ်နှင့်ပတ်သက်၍ ယူဆ၊ လုပ်ကိုင်၊ ဆောင်ရွက်နေမှုတို့ကို နှိုင်းယှဉ်သော်.... အသက် ၁၂ နှစ်ကလေးက စစ်ပွဲကိုရပ်၊ အခြားဖွံ့ဖြိုးမှုများကို လုပ်စေချင်သည်။ ဘီးကျဲကြီးများမှာတော့ စစ်ပွဲကို မီးဟုန်းဟုန်းတောက်စေသည်။ တန်ဖိုးချင်း၊ စိတ်ထားချင်း၊ လုပ်ရပ်ချင်း ကွာခြားလိုက်ပါဘိ။ ဒါတောင် ထာဝရ ငြိမ်းချမ်းရေးတဲ့။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးတဲ့။ သေနတ်ကိုကိုင်၊ ဥပဒေကို လက်တစ်လုံးခြားလုပ်။ ဥပဒေအထက်မှာနေ၍ ပြုမူသမျှ အနှီဘီးကျဲကြီးများလည်း သူတို့ မွေးခဲ့သည့် စစ်မီး၊ သူတို့မငြှိမ်းတတ်တော့။ သူတို့မွှေးသည့် စစ်ကြောင့် ထိုစစ်ထဲတွင် မလွဲမသွေ နစ်မြုပ်ပျောက်ကွယ်ရမည်မှာ မလွဲ။ ဖိနှိပ်ကျူးကျော်သူတို့၏စစ်နှင့် ခုခံတွန်းလှန်သူတို့၏ တော်လှန်စစ်သည် ဤကမ္ဘာပေါ်တွင် ရှိနေပါဦးမည်။ ဖိနှိပ်သူတို့၏စစ်သည် မတရားအဓမ္မ၊ ခုခံတွန်းလှန်သူတို့၏ စစ်သည် တရားသောစစ်။
နွေဦးတော်လှန်ရေးစစ်သည်လည်း ခုခံတွန်းလှန်စစ်၊ အဘယ်ကြောင့် မအောင်မြင်ဘဲ ရှိပါမည်နည်း။ တရားသောစစ်ကား အောင်မြင်မှု၌သာ အဆုံးသတ်မြဲပါတည်း။
(၇-၇-၂၀၂၆)
ကိုနီတွတ်
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar