Breaking News

မတရားမှု၊ နိုင့်ထက်စီးနင်းလုပ်မှုတွေအသာစီးရနေတဲ့ ကမ္ဘာ့အနေအထားနဲ့ မြန်မာ့အရေး

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၄ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၂၆


မတရားမှု၊ နိုင့်ထက်စီးနင်းလုပ်မှုတွေ အသာစီးရနေတဲ့ ကမ္ဘာ့အနေအထားနဲ့ မြန်မာ့အရေး

မြန်မာနိုင်ငံက ပြည်သူလူထုတွေ အနေနဲ့ မိမိတို့ ဒုက္ခ၊ မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ မတရားမှုတွေကို အင်အားနဲ့အနိုင်ကျင့်တာ နိုင့်ထက်စီးနင်းပြုတာတွေကြုံတွေ့ကြရတဲ့ အခါ တရားမျှတမှုတွေရရှိဖို့ အားနည်းတဲ့သူတွေကို ဖေးမကူညီဖို့နဲ့ နိုင့်ထက်စီးနင်းပြုတာတွေကို ဝိုင်းဝန်းတားဆီးကြဖို့ ကမ္ဘာ့အသိုင်းအဝိုင်းကို မျှော်လင့်ကြတာ သဘာဝကျတယ်လို့ ဆိုရမှာပါ။ ကမ္ဘာကြီးက မတရားမှုတွေကို ဟန့်တားကြမယ်။ အားနည်းသူတွေကို ဖေးကူကြမယ်၊ စိတ်ဓါတ်အားဖြင့် ရုပ်ဝတ္တုအားဖြင့် တတ်နိုင်သရွေ့ကူညီ အားပေးကြမယ်လို့ မျှော်လင့်ကြတာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ကုလသမဂ္ဂလို အဖွဲ့ကြီးကို မျှော်လင့်ကြသလို ဒီမိုကရေစီအရေး အားပေးတဲ့ သြဇာရှိ၊ အင်အားရှိတဲ့နိုင်ငံတွေရဲ့ စိတ်ဓါတ်ရေးအရ ရုပ်ဝတ္တုဆိုင်ရာအရ အားပေးထောက်ခံမှုတွေကို မျှော်လင့်ကြသလို မတရားမှုတွေ နိုင့်ထက်စီးနင်းပြုမှုတွေကို ဟန့်တားကြဖို့လည်း မျှော်လင့်တတ်ကြတာ သဘာဝဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်ပွားပြီးနောက် စစ်တပ်အာဏာသိမ်းတယ်လို့ဆိုကာ စစ်တပ်ခေါင်းဆောင် ပြောင်းလဲတာဝန်ယူကာ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို နှိပ်ကွပ်ကာ လူထုလှုပ်ရှားမှုတွေကို ပစ်ခတ်နှိမ်နှင်း၊ ဆန္ဒပြသူတွေကို ဖမ်းဆီးထောင်ချတာတွေ လုပ်ခဲ့ပြီး ၁၉၉၀ ခုနှစ် ကျင်းပတဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်ကိုလည်း အသိအမှတ်မပြုဘဲ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို အခြေခံဥပဒေ ရေးဆွဲဖို့ဆိုတဲ့ဘက်ကို လမ်းလွှဲကာ နိုင်ငံ့အာဏာကို ဆက်လက်ထိန်းချုပ်ခဲ့ပါတယ်။ 

အဲဒီခေတ်ကာလတွေက နိုင်ငံတကာ အသိုင်းအဝိုင်း၊ ကမ္ဘာ့ကုလသမဂ္ဂတို့မှာ မြန်မာ့ဒီမိုကရေစီ အရေးနဲ့ ပတ်သက်လို့ တိုက်တွန်းပြောဆိုတာ၊ အချို့သောနိုင်ငံတွေက အုပ်ချုပ်တဲ့ အစိုးရနဲ့ ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဆိုင်းငံ့တာ နဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ စီးပွားရေးအရ ဒဏ်ခတ်မှုတွေက ဘယ်သူတွေကို ထိခိုက်စေသလဲ ဆိုတဲ့အချက်နဲ့ ပတ်သက်လို့ အမြင်မတူတာ၊ ငြင်းခုံတာတွေ ရှိခဲ့ကြတာ ဖြစ်ပါတယ်။  ဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ အကျိုးဆက်ကို အာဏာချုပ်ကိုင်ထားတဲ့ အုပ်ချုပ်သူတွေသာမက ပြည်သူလူထုအပေါ်လည်း သက်ရောက်မှု ရှိတယ်ဆိုတဲ့ ယူဆမှု၊ အမြင်တွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာလည်း အာဏာသိမ်းထားတဲ့ စစ်အစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ သံတမန်ရေး၊ စီးပွားရေးအရ ဖိအားပေးနိုင်ခဲ့ခြင်းက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖြစ်စေတဲ့ တွန်းအားလို့ ဆိုနိုင်ပါလိမ့်မယ်။ 

ဒီအခြေအနေတွေက ၁၉၈၈ ခုနှစ် ကနေ ၂၀၁၀ ခုနှစ်အကြား မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဖိအား၊ တွန်းအားတွေနဲ့ မြန်မာပြည်အပြောင်းအလဲ ဆက်စပ်မှုကို ပြန်သုံးသပ်ကြည့်တဲ့ သဘောဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မှာလည်း ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အခြေအနေလိုပဲ သံတမန်ရေးအရ၊ စီးပွားရေးအရ၊ အသိအမှတ်ပြုမှုအရ လုပ်ဆောင်လျက်ရှိတာ တွေ့ကြရပါတယ်။ သံတမန်ရေးအရ အာဏာသိမ်းစစ်အစိုးရကို တရားဝင် အစိုးရအဖြစ် အသိအမှတ်မပြုတာ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းထားတာ၊ အချို့ ပြန်လည်ထွက်ခွာသွားတာ၊ ကုလသမဂ္ဂ မှာ အမြဲတမ်းကိုယ်စားလှည်အဖြစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဦးကျော်မိုးထွန်းကို ဆက်လက် အသိအမှတ်ပြု နေရာပေးထားတာတွေက ဒီမိုကရေစီအရေးကို ထောက်ခံကြောင်း ပြသမှုတွေ ဖြစ်ပါတယ်။ 

သို့ပေမယ့် ၁၉၈၈ ခုနှစ် နောက်ပိုင်း အခြေအနေနဲ့ မတူညီတဲ့အနေအထားက ကမ္ဘာ့ပထဝီနိုင်ငံရေး အခြေအနေနောက်ခံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အိမ်နီးချင်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်၊ ရေနံ၊ သဘာဝဓါတ်ငွေ့ စွမ်းအင် တင်သွင်းတဲ့ နောက်ဖေးပေါက် တံခါး တခုသဖွယ်ဖြစ်နေပြီး တရုတ်နိုင်ငံဟာ ကမ္ဘာမှာ ဒုတိယစစ်အင်အားအကြီးဆုံး နိုင်ငံဖြစ်နေတာ၊ ဥရောပ မှာ ယူကရိန်း-ရုရှားစစ်ပွဲ ၄ နှစ်ကျော်ကြာမြင့်သည်အထိ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ အခြေအနေ၊ အရှေ့အလယ်ပိုင်း နယ်မြေချဲ့ထွင်ဖို့ ရည်ရွယ်ချက်နဲ့ စစ်ပွဲတွေ၊ စစ်သွေးကြွအဖွဲ့တွေကို အကြောင်းပြပြီး ပါလစ္စတိုင်း အရပ်သားတွေကို ဂါဇာလိုနေရာကနေ ထွက်ခွာအောင် လူမျိုးတုန်းသတ်ဖြတ်မှုတွေ အစ္စရေးလ်စစ်တပ်က ကျူးလွန်နေတာတွေ အခုနောက်ဆုံး အီရန်ကို အစ္စရေးလ်နဲ့ အမေရိကန် တို့က အစိုးရပြောင်းလဲဖို့ရည်ရွယ်ချက်နဲ့ ဝင်ရောက်တိုက်ခိုက်ပြီး အရှေ့အလယ်ပိုင်း စစ်ပွဲ ဆင်နွှဲကြတာတွေက မြန်မာ့ဒီမိုကရေစီအရေးကို အာရုံမစိုက်နိုင်တဲ့ အနေအထားတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ 

ကမ္ဘာ့လက်နက်ကိုင် ပဋိပက္ခ အရေးအခင်းတွေ၊ စစ်ပွဲတွေမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ ပျောက်ဆုံးသလောက် ဖြစ်နေပြီး အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ထရန့်အာဏာရလာတဲ့နောက် စီးပွားရေး အကျိုးအမြတ်နဲ့ နယ်မြေထိန်းချုပ်ရေးကိုသာ ပေါ်ပေါ်တင်တင် ဦးစားပေး လုပ်ဆောင်လာတာတွေက ကမ္ဘာနိုင်ငံတွေအကြား စည်းမျဥ်းစည်းကမ်း၊ ဥပဒေနဲ့ ထိန်းသိမ်းခဲ့တဲ့ ကာလ ကုန်ဆုံးသွားပြီး အင်အားသာလျှင် အဆုံးအဖြတ်ပေးတဲ့ ခေတ်ကို ဝင်ရောက်လာနေတာ ဖြစ်ပါတယ်။ 

မြန်မာ့ဒီမိုကရေစီအရေးမှာ အမေရိကန် ဦးဆောင်တဲ့ အနောက်ဥရောပ နိုင်ငံတွေက ကုလသမဂ္ဂတို့လို နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေရဲ့ အင်အားကို ယူကာ တွန်းအားပေးကြမဲ့ခေတ်က ကုန်လွန်သွားပြီလို့ ဆိုရမဲ့သဘောလည်း ဖြစ်ပါတယ်။ 

ယခင်နှစ်က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရခိုင်ပြည်နယ် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်းဝရန်းထုတ်ပေးဖို့ ရှေ့နေချုပ်ဖြစ်သူက လျှောက်ထားခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို ဖျက်သိမ်းဖို့အထိ အမေရိကန် ပြည်ထောင်စုက တဆင့်ပြီးတဆင့် လုပ်ဆောင်မဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြောလိုက်ပါတယ်။ ICC ဟာ အနောက်ဥရောပ နိုင်ငံတွေက ထောက်ခံအားပေးထားတဲ့ နိုင်ငံတကာ တရားရုံး တခု၊ လူမျိုးတုံးသတ်ဖြတ်မှုလို ကြီးမားတဲ့ ရာဇဝတ်မှုကြီးတွေ ကျူးလွန်တဲ့ လူပုဂ္ဂိုလ်တဦးချင်းကို တရားစွဲနိုင်၊ ဝရမ်းထုတ်နိုင်တဲ့ အဖွဲ့အစည်းတခု ဖြစ်ပြီး ဒီလို အဖွဲ့အစည်းကို ဖျက်သိမ်းဖို့ အမေရိကန်က ဘာကြောင့် လုပ်ဆောင်ရသလဲဆို အစ္စရေးလ် စစ်တပ်က ကျူးလွန်တဲ့ ဂါဇာဒေသက လူမျိုးတုန်းသတ်ဖြတ်မှုတွေ အတွက် အစ္စရေးလ် ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့ကို ICC က ဖမ်းဝရမ်းထုတ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီးတောက်လောင်နေတဲ့ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်ထိ ၂ နှစ်ကျော်ကာလအတွင်း ဂါဇာဒေသမှာ အစ္စရေးလ် စစ်တပ်ရဲ့ လေကြောင်း ၊ မြေပြင် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇ သောင်းကျော် သေဆုံးခဲ့ရပြီးအများစုဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ဖြစ်ပါတယ်။ ဒီကျူးလွန်မှုတွေ အတွက် ICC က ဖမ်းဝရန်းထုတ်ခဲ့တာကြောင့် အစ္စရေးလ်ကို လက်နက်နဲ့ ငွေကြေး၊ သံတမန်ရေး အပြည့်အဝ ကူညီခဲ့တဲ့ အမေရိကန် နိုင်ငံရေးသမားတွေ ခေါင်းဆောင်တွေလည်း လူမျိုးတုံးသတ်ဖြတ်မှုမှာ ကြံရာပါ ဖြစ်မယ့် အရေးကြောင့် ICC ကို ဖျက်သိမ်းတဲ့အခြေအနေရောက်အောင် လုပ်ဆောင်မယ်လို့ ဆိုတာ ဖြစ်ပါတယ်။ 

ဒီလို ကမ္ဘာမှာ မတရားမှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူတွေကို အင်အားကြီးနိုင်ငံတွေက အကာအကွယ်ပေး၊ ထောက်ခံအားပေးနေချိန်မှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေအဖို့ အရေးယူခံရမဲ့ဘေးက လွတ်ပြီး ကမ္ဘာရဲ့ အာရုံစိုက်မှုလည်း လျော့ပါးလာမှာ ဖြစ်ပါတယ်။ 

ကမ္ဘာကြီးမှာ မတရားမှုတွေ၊ အင်အားသာလျှင် အဆုံးအဖြတ် အင်အားသာလျှင် အာဏာ ဖြစ်နေချိန်မှာ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အာဏာရှင်တွေဟာ ၄င်းတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ လူမျိုးတုံးသတ်ဖြတ်မှုတွေ အတွက် တာဝန်ခံရမဲ့အချိန်ရောက်ဖို့ နှေးကွေးနေလိမ့်ဦးမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar