ဖလော်ဒါဟန် - ဇာတ်သဘင်နှင့် မီဒီယာသည် ယနေ့ခေတ် အာဏာရှင်အစိုးရ၏ ကြော်ငြာအဆင့်သို့ တက်လှမ်းလာ
| Photo: Khin Yi |
ဖလော်ဒါဟန် - ဇာတ်သဘင်နှင့် မီဒီယာသည် ယနေ့ခေတ် အာဏာရှင်အစိုးရ၏ ကြော်ငြာအဆင့်သို့ တက်လှမ်းလာ
မိုးမခ ၊ ဇူလိုင် ၁၆ ၊ ၂၀၂၆
အခုရက်ပိုင်း စာမရေးဖြစ်ပါ။
သို့သော် သတင်းများက ထူးလားဆိုတော့ ထူးပါတယ်။
မြန်မာပြည်ရဲ့ အမည်ခံ သမ္မတသည် နိုင်ငံခြား ခရီးစဉ်များ သွားရောက်ခြင်းဖြင့် အများပြည်သူထံ သိုလှောင်သတင်း မီဒီယာ ကြော်ငြာအဆင့်ဖြင့် ပြည်သူကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားခဲ့သည်လည်း ရှိပါတယ်။
နောက်သတင်းတပုဒ်က အာဆီယံ သတင်းပါ။ ပွဲစား အမျိုးစုံဖြင့် သံတမန်လိုလို တွေ့ဆုံမှု အမျိုးစုံဖြင့် အာဆီယံ ဘဝထဲကို မအလ ဝင်ရောက်နိုင်ဖို့ ကြိုးစားပေးသူများ သတင်းပါ။
တကယ်ဆို မအလသည် ၂၀၂၁ ခုနှစ် အာဆီယံ အစည်းအဝေးကို ဖိတ်ကြားစဉ်ကာလမှ ဘုံသဘောတူချက် ငါးရပ်ကို သဘောတူခဲ့မယ်ဆိုရင် ယခုအချိန်မှာ အာဆီယံ စားပွဲဝိုင်းမှာ ဝင်ထိုင်ခွင့်ရမှာ အသေအချာပါပဲ။
အခုတော့ မအလရဲ့ လူသားမဆန်သည့် လုပ်ရပ်များကြောင့် သူ မျှော်မှန်းထားသည့် အာဏာရှင် သက်တမ်းသည် မျှော်မှန်းထားသလို ဖြစ်မလာခဲ့ရပါ။
ခုတ်ရာတခြား ရှရာတခြား ဖြစ်ခဲ့ရတဲ့ မအလ ဟာ မဲလိမ်ပါသည် ဆိုသည့် မဲစာရင်းပါ လက်ဆွဲအိတ်ကြီးကိုသာ ဆစ်ဖွင့်ဖို့ ကြိုးစားခဲ့ရာမှ ယခုအချိန်အထိ ဆစ်လည်း မဖွင့်ရဘဲ ထိုအချိန်မှာ အိတ်အနက်ကြီး ဆွဲပြန်ခဲ့ရတဲ့ အဆင့်ပါ။
မအလရဲ့ နိုင်ငံရေးဈေးကွက်သည် အာဏာရှင် အာဏာမြဲဖို့ ငွေကို ရေလို သုံးခဲ့ပေမဲ့ ပြည်သူက အမြဲလိုလို မအလ ကုန်ဈေးနှုန်းကို ပြေးလိုက်နေရတာ လျှာထွက်လုမတတ်ပါပဲ။
လူသူသိနိုင်ဖို့ စပွန်ဆာ အမျိုးစုံဖြင့် ပြည်သူကို လှည့်စားသည်၊ လိမ်ညာသည်၊ ပြည်သူကို အကြမ်းဖက်သည်၊ မကောင်းသည့် အကျင့်ဆိုးစရိုက် ပေါင်းစုံဖြင့် ဉာဏ်နည်းသည့် သမ္မတသည် ထူးခြားနေသည်က ပြည်သူကို အောက်မကျို့လိုတာပါ။
အခြား နိုင်ငံခြား တိုင်းပြည်များ ဆက်ဆံနိုင်ဖို့ ဆိုပါက ငွေအလုံးအရင်း သုံးခဲ့သလို လက်ရှိ အရှိတရားကို မျက်နှာပြောင်တိုက် လိမ်ညာခြင်းဖြင့်လည်း နိုင်ငံတကာ မျက်မှောက်မှာ အခင်းအကျင်းတစ်ခု ဖြစ်အောင် အကောက်ကြံနိုင်သူများပါ။
ဤသည်မှာ ခေတ်အဆက်ဆက် အာဏာရှင်များ သက်ဆိုးရှည်ဖို့ ပြည်သူကို ညှဉ်းပန်းနှိပ်စက်နိုင်ဖို့ အစဉ်အဆက် လုပ်ထုံးလုပ်နည်းများ ဆိုရလေမလားပဲ။
အာဏာရှင်များမှာ ပြည်သူများ လေးစားယုံကြည်လောက်သည့် စိတ်နေစိတ်ထားကို ဖယ်ကျဉ်ထားကြသူများပါ။ အာဏာရှင်ဆန်ဆန် လူပီသစွာ နေထိုင်ခြင်းကိုလည်း စွန့်ပယ်ထားသူများ ဖြစ်ကြပါတယ်။ မိသားစုအလိုက်၊ အဝန်းအဝိုင်းအလိုက် အာဏာရှင်စနစ်ဖြင့် စိုးစံနေကြသူများသာ ဖြစ်ပါတယ်။
အခုလည်း ပြန်ကြားရေး ဆိုသူ အမျိုးသမီး တစ်ယောက်ကို ငှားထားသလား ထင်ရလောက်အောင် အရှက်နဲ့ သိက္ခာမဲ့သူ တစ်ယောက် ပေါ်ထွက်လာပါပြီ။ အမှန်တကယ် ဒေါစိန်အေး ကျောင်းဆင်းများထဲတွင် ပညာတတ် စာတတ်ပုဂ္ဂိုလ်များစွာ ရှိသော်လည်း ဤနေရာမျိုး မည်သူမှ တာဝန်ထမ်းဆောင်ကြခြင်း မရှိပါ။ ပြည်သူကို မျက်နှာပြောင်တိုက်နိုင်သူ၊ နှုတ်စောင့်စည်းမှု မရှိသူ၊ သီလမလုံခြုံသော ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသာ ဤနေရာမှာ တာဝန်ယူ ဆောင်ရွက်ကြတာမျိုးကို တွေ့မြင်ရခြင်း။
အခု လတ်တလောအနေနဲ့ ကြံ့ဖွတ်ပါတီမှ ပြည်သူ့အမုန်းတော် ခင်ရီမှ ဇာတ်မင်းသား တစ်ယောက်ကို ခုတုံးလုပ်လို့ ပြည်သူသိစေရန် စိတ်ဝင်စားလာအောင် သူ ရှိနေပါသေးသည်ဟု ကြော်ငြာဝင်နေပါပြီ။
သတင်းနဲ့ မီဒီယာဆိုသည်ကလည်း ပြည်သူတွေအတွက်တော့ စားလို့ရရင်လည်း အဆီတဝင်းဝင်၊ ပစ်ရရင်လည်း သဲတရှပ်ရှပ် ဖြစ်မှာမို့ မပစ်ရက် မစားရက် ဘဝတွေမှာ မိမိတို့ ဘဝတွေကို ဆက်လက်ရှင်သန်နေကြရသူတွေပါ။
အဆီတဝင်းဝင်း သဲတရှပ်ရှပ်နဲ့ မအလခေတ်၊ မအလအစိုးရ သတင်းတွေဆိုတာ ပြည်သူအတွက် အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရသည့် နေ့ရက်များကလည်း ရက်ခြားဆိုသလိုပါပဲ။
ကုန်ဈေးနှုန်းကို ခေါင်းပေါ်မှာ ရွက်ထားရတဲ့ ပြည်သူတွေအဖို့ ယခင်အချိန်များမှ ရိုးသားမှုသည် မရိုးသားနိုင်ကြသလို ပြည်သူတို့ ဘဝပေး အခြေအနေများမှာလည်း မအလ စီစဉ်ရိုက်ကူးနေသည့် မသေချာ မရေရာလှတဲ့ လူ့ဘဝ ရေစီးကြောင်းမှာ မျောပါလျက် ရှိပါကြောင်း။
ဖလော်ဒါဟန်
၁၅-၇-၂၀၂၆
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar