Breaking News

စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစုများရဲ့ အောင်မြင်မှုအတက်အကျ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၅ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၂၆


စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစုများရဲ့ အောင်မြင်မှုအတက်အကျ 

၂၀၂၅ ခုနှစ်လယ်ကာလမှ စပြီး ယခုလက်ရှိအချိန်ကာလများအတွင်း စစ်တပ်အားပြုကာ နိုင်ငံ့အာဏာသိမ်းယူခဲ့သည့် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အာဏာရှင်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင် အင်အားစုများ၏ စစ်ရေး၊ နိုင်ငံရေး အတက်အကျ ဂရပ်ဖ် အနေဖြင့်ဆိုရလျင် ၂၀၂၅ ခုနှစ်အစပိုင်းအထိ အမြင့်ဆုံးဖြစ်ခဲ့သည့် နေရာမှ လျော့ကျလာသည့် လက္ခဏာများတွေ့မြင်လာနေရသည်ဟု ဆိုလျင် အချက်အလက်အားဖြင့် မည်သူမျှ ငြင်းဆိုနိုင်မည် မထင်ပါ။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးပြီးနောက် နိုဝင်ဘာ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံ အရှေ့တောင်ဘက် ကရင်နီ(ကယား)ပြည်နယ်က စစ်ဆင်ရေး၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ်မှာ Arakan Army ရဲ့ စစ်ဆင်ရေးတို့ရဲ့ အချိန်ကိုက်ကာ စစ်မျက်နှာအများအပြား ဖွင့်လှစ်ခဲ့တဲ့နောက်မှာ အာဏာသိမ်း စစ်တပ်အနေနဲ့ အရူးမီးဝိုင်း အနေအထား၊ မဟာဗျူဟာအရ အရှုံးနဲ့ ရင်ဆိုင်ရသလို နည်းဗျူဟာ၊ လူအင်အား ဒရုန်းနည်းပညာ စတဲ့ အဘက်ဘက်မှာ ရှုံးနိမ့်ခဲ့တဲ့ အနေအထားတွေက ၂၀၂၄ နှစ်ကုန်ပိုင်းအထိ ဆက်လက် ဖြစ်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ မြို့တွေ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်ရင်းအခြေစိုက် စခန်းတွေ နောက်ဆုံး တိုင်းစစ်ဌာနချုပ်အထိ အာဏာသိမ်းစစ်တပ်က လက်လွှတ် ဆုတ်ခွာပေးနေရချိန်၊ အရှေ့မြောက် ဒေသ လားရှိုးမြို့နဲ့ အတူ တိုင်းစစ်ဌာနချုပ်ပါ လက်လွှတ်ဆုံးရှုံးပြီး ထောင်နဲ့ချီတဲ့ အာဏာသိမ်းတပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံကာ သုံ့ပန်းတွေအဖြစ် ဖမ်းဆီးခံရကာ ရှမ်းမြောက်နယ်မြေတခုလုံးမှာ မူဆယ်ကွက်ကွက်သာ ကျန်ရှိချိန် မြန်မာနိုင်ငံ အလယ်ပိုင်း ဒုတိယမြို့တော်လို့ ဆိုနိုင်တဲ့ မန္တလေးမြို့ကိုပါ ခြိမ်းခြောက်မဲ့ အခြေအနေတွေ ဖြစ်ပေါ်နေချိန်မှာ ပထမဆုံးအနေနဲ့ MNDAA လို့ခေါ်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်က စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲခဲ့ခြင်းက အာဏာသိမ်းစစ်တပ်အဖို့ အဆိုးဆုံးအခြေအနေကို ကျော်လွန်ခဲ့ပြီလို့ အောင့်ထားတဲ့ အသက်ရှူခွင့်ရခဲ့ချိန် လို့ဆိုရမှာ ဖြစ်ပါတယ်။ 

၂၀၂၃ နှစ်ကုန်ကတည်းက တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေရဲ့ တဖြည်းဖြည်းမြင့်တက်လာတဲ့ စစ်ရေး အောင်မြင်မှုရဲ့ အထွတ်အထိပ်ကို ၂၀၂၅ ဇန်နဝါရီမှာ သတ်မှတ်ပြီးနောက် အဲဒီအမြင့်ဆုံးအမှတ်ကနေ တန့်နေတာ၊ နဲ့ အဲဒီနောက် ကျလာတဲ့အနေအထားတွေ ဖြစ်လာခဲ့တယ်လို့ ဆိုရမှာပါ။ 

အဆိုပါ စစ်ရေးအောင်မြင်မှု အမြင့်ဆုံးအနေအထားတွေ အထိ ရောက်ခဲ့ပြီးနောက် ဘာကြောင့် တန့်နေပြီး ကျဆင်းလာသလဲလို့ မေးခွန်းထုတ်ရင် အဖြေက အကြောင်းအချက်တခုထည်းတော့ ဆွဲလို့မရတဲ့ အနေအထားဖြစ်ပါတယ်။ ရန်သူဘက်က လူအင်အား၊ လက်နက်အင်အားတွေ ပြန်လည် အားဖြည့်လာနိုင်တာ၊ အမှားတွေကို သင်ခန်းစာယူပြီး ပြင်ဆင်လုပ်ဆောင်လာတာတွေလည်း ရှိသလို တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေဘက်မှာ မဟာမိတ်ဖွဲ့မှုရဲ့ အားပျော့လာတာ၊ တရုတ်နိုင်ငံရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ မဟာဗျူဟာ အချိုးအကွေ့ကြောင့် တော်လှန်ရေးလက်နက်ကိုင်တချို့ကို ဖိအားပေးပြီး အပစ်ရပ်စေတာ၊ သိမ်းပိုက်နယ်မြေတွေကို အုပ်ချုပ်ရေး ဖော်ဆောင်ကြတဲ့အခါ လူမျိုးအခြေခံတဲ့မူဝါဒ၊ လုပ်ဆောင်မှုတွေက မဟာမိတ်ဆက်ဆံရေးတွေကို ထိခိုက်စေတာတွေကြောင့်လို့ ယေဘုယျ အားဖြင့် ဆိုနိုင်ပါလိမ့်မယ်။ 

MNDAA ကိုးကန့်လက်နက်ကိုင် အဖွဲ့က အပစ်ရပ်ပြီး လားရှိုးမြို့ကို ပြန်လွှဲအပ်ပေးတာ TNLA တောင်းခမ်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါတို့ကို  ပြန်လည်လက်လွှတ်ရပြီးနောက် မိုးမိတ်၊ မိုးကုတ်ကိုပြန်လွှဲပေးဖို့ သဘောတူညီချက်နဲ့အတူ  အပစ်ရပ်သဘောတူလိုက်တာတွေက လက်နက်ကိုင်တော်လှန်ရေး ဒီရေအလှည့်အပြောင်းတွေကို သက်ရောက်မှုများစွာ ရှိစေခဲ့တာ ဖြစ်ပါတယ်။ အထက်ပါ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့နဲ့ လက်တွဲလှုပ်ရှားခဲ့တဲ့ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေအပေါ် သက်ရောက်မှုတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

စစ်အာဏာရှင်ကို စစ်ရေးအရ အနိုင်ယူမဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ၂၀၂၄ အကုန်နဲ့ ၂၀၂၅ ခုနှစ်ထဲ ဖြစ်ပေါ်တဲ့ စစ်ရေး အလှည့်အပြောင်းတွေကြောင့် ရေရှည်လုပ်ဆောင်ရမယ့် အသွင်ကို တစတစ ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ ဒီလို စစ်ရေး ရေချိန်အပြောင်းအလဲတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေအကြား နိုင်ငံရေး အရစုစည်းမှုလည်း ထူးထူးခြားခြား ပြောင်းလဲမှုမရှိခဲ့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ NUG အကြား စည်းနှောင်မှုတွေ၊ မြန်မာနိုင်ငံ အနောက်ဘက် မြောက်ဘက် အရှေ့ဘက်နဲ့တောင်ဘက် ဒေသအသီးသီးမှာ ရှိကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ မိမိတို့ အခြေစိုက်ရာ နယ်စပ်ဒေသနဲ့ ဆက်စပ်တဲ့ ပထဝီနိုင်ငံရေးရဲ့ ကန့်သတ်ချက်တွေအရ မိမိတို့ ရပ်တည်ချက်ကို ချမှတ်ဖော်ဆောင်ကြရတာ ဖြစ်ပါတယ်။ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ထိုင်းနယ်စပ် အိန္ဒိယနယ်စပ် တို့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ရပ်တည်ချက် မူဝါဒ ကွဲပြားကြတာတွေ့ရမှာပါ။ အမျိုးသားညီညွတ်ရေး အစိုးရ နဲ့ CRPH တို့ ကို အခြေပြုဖွဲ့စည်းကြတဲ့ မဟာမိတ်အဖွဲ့ဖြစ်တဲ့ NUCC,  SCEF လိုအဖွဲ့တွေမှာ KIA ကလွဲပြီး အခြားတရုတ်နယ်စပ် အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ပါဝင်ခြင်း မပြုတာတွေ့ကြရမှာ ဖြစ်သလို မြန်မာနိုင်ငံ အနောက်ဘက်က ULA/AA လို အဖွဲ့အနေနဲ့လည်း ရှမ်းမြောက်ဒေသက FPNCC လို မဟာမိတ်နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် လိုအဖွဲ့က လွဲရင် အခြားမဟာမိတ်အဖွဲ့တွေမှာ ပါဝင်ခြင်း မရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေက ပထဝီနိုင်ငံရေးနဲ့ နိုင်ငံရေးမူဝါဒ ရပ်တည်မှုအပေါ် အခြေခံကြတာလို့ ဆိုနိုင်ပါတယ်။ 

လက်နက်ကိုင် တော်လှန်ရေး၊ စစ်အာဏာရှင်ကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြုတ်ချရေး နွေဦးတော်လှန်ရေး ၅ နှစ်ကျော်ကြာမြင့်လာချိန်မှာ အထက်က ဖေါ်ပြခဲ့သလို ပေါင်းစည်းမှုတွေ၊ စုဖွဲ့မှုတွေနဲ့ ကွဲပြားမှုတွေ အပေါ်မှာ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုကလည်း မူတည်နေတာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုနဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အောင်မြင်မှု ပန်းတိုင်ကလည်း တထပ်တည်းကျချင်မှ ကျလိမ့်မှာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှု ပန်းတိုင်က စစ်အာဏာရှင်တွေကို အပြီးတိုင် အနိုင်ယူပြီး နိုင်ငံရေးနယ်ပယ်ကနေ စစ်တပ်ကို အပြီးတိုင်ဖယ်ရှားရေး နေပြည်တော် အထိ သိမ်းပိုက်အောင်နိုင်ရေး ဖြစ်ပေမယ့် အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ မိမိတို့ အမျိုးသားနယ်မြေတွေကို ထိန်းချုပ်နိုင်တဲ့အနေအထား မိမိတို့ ကိုယ်ပိုင် အုပ်ချုပ်ရေး ကိုယ်ပိုင်ပြဌာန်းခွင့် ထူထောင်နိုင်ရေးပဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

အခု လပိုင်းတွေအတွင်း နိုင်ငံတကာ သတင်းမီဒီယာအချို့က “မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး အားပျော့လာ” ဆိုတဲ့ သတင်းဆောင်းပါး ခေါင်းစဥ်လိုမျိုးနဲ့ လက်ရှိစစ်ရေး အနေအထား တော်လှန်ရေး အင်အားစုတွေရဲ့ စုစည်းမှု အခြေအနေတွေကို ပုံဖော် ရေးသားကြတာတွေလည်း တွေ့လာကြရပါတယ်။ လက်နက်ကိုင် တော်လှန်ရေး အရှိန်အမြင့်ဆုံးကာလတွေကလည်း လက်နက်ကိုင် တော်လှန်ရေးရဲ့ အောင်မြင်မှုတွေ လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်လှုပ်ရှားနေကြတဲ့ သူတွေရဲ့ ပုံရိပ်တွေ၊ မျှော်လင့်ချက်တွေကို နိုင်ငံတကာ သတင်းမီဒီယာတွေက ပုံဖော်ခဲ့ကြသလိုပဲ အခုအခါမှာလည်း အားပျော့လာတာတွေကို ပုံဖော်ကြတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ 

နိုင်ငံတကာသတင်းမီဒီယာတွေက အခုလို တော်လှန်ရေး ရေချိန်ကျလာနေတယ်လို့ ပုံဖော်တာမျိုးကို နွေဦးတော်လှန်ရေးထဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်နေကြသူတွေနဲ့  အားပေးထောက်ခံသူတွေက ဘဝင်ကျမှာတော့ မဟုတ်ပါဘူး။ 

နွေဦးတော်လှန်ရေးရဲ့ အတက်အကျဟာ သတင်းမီဒီယာတွေက ပုံဖော်ရုံမျှနဲ့တော့ အပြောင်းအလဲ မဖြစ်နိုင်တာ သေချာပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ကံကြမ္မာဟာ တော်လှန်ရေးထဲ ပါဝင်နေသူ၊ ဦးဆောင်မှုနဲ့ တဖက် ရန်သူ စစ်အာဏာရှင်တွေရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာသာ မှီတည်နေတယ်လို့ ဆိုချင်ပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာတွေ အနေနဲ့ မြန်မာ့အရေးကိစ္စကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ဖော်ပြမှုတွေကို ကြည့်ပြီး မိမိတို့အနေနဲ့ ဘာတွေ သင်ခန်းစာယူရမလဲ ဘာတွေ ပြင်ဆင်ရမလဲဆိုတဲ့ အချက်က ပိုပြီးအဓိကကျတဲ့ အရာလို့ ဆိုချင်တာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar