မောင်လူမွှေး - ဂဠုန်ဦးစောလို လူတွေနှင့် သူ့လမ်းစဉ်ကို ထောက်ခံသလို ဖြစ်နေမှာစိုးတယ်
မောင်လူမွှေး - ဂဠုန်ဦးစောလို လူတွေနှင့် သူ့လမ်းစဉ်ကို ထောက်ခံသလို ဖြစ်နေမှာစိုးတယ်
မိုးမခ ၊ ဇူလိုင် ၂၄ ၊ ၂၀၂၆
အာဇာနည်နေ့အထိမ်းအမှတ်နဲ့ ပတ်သက်ပြီး မောင်လူမွှေး ရောက်ရာနေရာမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တာ အခုဆို ဆယ်စုနှစ် နှစ်ခုနီးပါး ရှိပါပြီ။ ၂၀၁၀ ပြည့်နှစ်ရှေ့ပိုင်းမှာတုန်းက အာဇာနည်နေ့ကိုတောင် ပြည်သူတွေအနေနဲ့ ကောင်းကောင်းကျင်းပခွင့် မရခဲ့ကြဘူး။ စစ်တပ်က စောင့်ကြည့်နေလို့ ကျင်းလည်း မကျင်းပရဲကြပါဘူး။ စစ်တပ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တာဆို မကြိုက်တာ ရှေးကတည်းကပါ။ အခုတော့ ဗိုလ်ချုပ်ရုပ်တုတွေကို ဗြောင်ကျကျ ဖြိုချနေပါပြီ။
၂၀၁၀ ပြည့်နှစ်မတိုင်မီမှာ မောင်လူမွှေးကို အင်္ဂလိပ်စာသင်ပေးနေတဲ့ နိုင်ငံရေးသမားဆရာကြီးက တာဝန်ပေးလို့ အာဇာနည်နေ့ဆို မောင်လူမွှေး စာတမ်းရေးပြီး ဖတ်ရပါတယ်။ တစ်နှစ်တည်းမဟုတ်ဘဲ နှစ်စဉ်ဖတ်ရတာပါ။ စာတမ်းရေးဖို့အတွက် မောင်လူမွှေးတစ်ယောက် ဗိုလ်ချုပ်နှင့်ပတ်သက်တဲ့ စာအုပ်တွေ၊ လုပ်ကြံမှုနဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ အခြားဆက်စပ်ဆောင်းပါးတွေကို ဖတ်ဖြစ်ခဲ့ပါတယ်။ မောင်လူမွှေး အသက်ဆယ်နှစ်အရွယ်ကနေ အသက် သုံးဆယ်အရွယ်အထိ ဗိုလ်ချုပ်အပေါ် အမြင် တိုးတက်ပြောင်းလဲလာတာတွေကိုလည်း စာအုပ်တစ်အုပ်နဲ့ ချရေးခဲ့ဖူးပါတယ်။ အခုတော့ အဲဒီစာအုပ်လေးလည်း ဘယ်ရောက်နေမှန်း မသိတော့ပါ။
အာဇာနည်နေ့မှာ စာတမ်းတွေ ရေးရင်း၊ ဖတ်ရင်း၊ ပြီးတော့ သူများတွေ ဖိတ်ခေါ်လို့ ဟောရင်း ပြောရင်း တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်လာရာကနေ ဒီနှစ် ၇၉ နှစ်မြောက် အာဇာနည်နေ့မှာတော့ မြန်မာ့လူ့အဖွဲ့အစည်းထဲက အချို့အကျင့်စရိုက်တွေဟာ ဂဠုန်ဦးစောလို ပုဂ္ဂိုလ်နှင့် ဂဠုန်ဦးစောလမ်းစဉ်ကို လိုက်နေကြတာ၊ ထောက်ခံမှန်းမသိ ထောက်ခံနေတာမျိုးကို သတိထားမိလာပါတယ်။
ဂဠုန်ဦးစောဆိုတာ ကိုလိုနီခေတ်နှောင်းပိုင်း မြန်မာ့နိုင်ငံရေးမှာ ထိပ်တန်းရောက်အောင် နိုင်ငံရေးလှိုင်းတွေကို အလိုက်သင့်စီးပြီး လိုက်နိုင်ခဲ့သူ ဖြစ်တယ်။ ဆရာစံတောင်သူလယ်သမားအရေးတော်ပုံ၊ ကျောင်းသားသပိတ် စတဲ့ မြန်မာ့နိုင်ငံရေးလှိုင်းတွေစီးပြီး နောက်ဆုံး နန်းရင်းဝန်ရာထူးအထိ တက်လှမ်းနိုင်ခဲ့သူဖြစ်ပါတယ်။ အခုတော်လှန်ရေးမှာလည်း ကိုယ်ကိုယ်တိုင်က အလုပ်ကို တကယ့်စေတနာမှန်နဲ့ ကြိုးပမ်းအားထုတ်မှုမရှိဘဲ တော်လှန်ရေးလှိုင်းကိုစီးပြီး နေရာရနေသူတွေ၊ နေရာယူထားသူတွေဟာ တော်လှန်ရေးလှိုင်းစီးနေသူတွေဖြစ်တယ်။
ကိုယ် ရထားတဲ့နေရာကို ဖယ်ပေးရမှာစိုးလို့၊ ကိုယ်လုပ်ခဲ့တဲ့ မဟုတ်မဟပ် ကိစ္စတွေ ပေါ်ကုန်မှာစိုးလို့ စတဲ့ ကိုယ့်အကျိုးစီးပွားအတွက် တော်လှန်ရေးဘက်တော်သားအချင်းချင်း အသက်ကို လုပ်ကြံသတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်တာ၊ ဘေးရောက်အောင် တွန်းထုတ်တာ၊ ကိုယ့်ထက်ပိုပြီး လူအသိအမှတ်ပြုမှုရမှာ စိုးရိမ်ပြီး ပြည်သူ့အကျိုးအတွက် အလုပ်လုပ်ခွင့်ပိတ်ပင်တာတွေဟာ ဂဠုန်ဦးစောလမ်းစဉ်ကို ကျင့်သုံးနေတာဖြစ်တယ်။
ဂဠုန်ဦးစောလမ်းစဉ်ကို ကျင့်သုံးနေတဲ့ ဂဠုန်စောလေးတွေကို ပြည်သူအများစုက သိကြပါတယ်။ ဒါပေမဲ့ ပြည်သူတွေမှာ စစ်ဘေးရှောင်ရ၊ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲတွေကို ရင်ဆိုင်ရနဲ့ ဂဠုန်စောလေးတွေကို တုံ့ပြန်နိုင်တဲ့ အားမရှိကြရှာပါဘူး။ ဂဠုန်စောလေးတွေ သုံးလေးဦးစုမိတဲ့ ဒေသမျိုး၊ နေရာမျိုးဆိုရင် ပိုဆိုးမှာ သေချာပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဂဠုန်ဦးစောကို ထောက်ခံကြည်ညိုသူတွေ ရှိခဲ့သလို၊ အခု အမေစုကို အကျဉ်းချထားတာကို ထောက်ခံတဲ့သူတွေ ရှိနေသလို ဂဠုန်ဦးစောလေးတွေကို ထောက်ခံတဲ့သူအချို့ ရှိနေပါတယ်။ ထောက်ခံတယ်ဆိုတဲ့ နေရာမှာ အသိတရားနည်းလွန်းပြီး ရိုးအလွန်းလို့ ထောက်ခံတာနဲ့ ကိုယ့်အကျိုးရလို့ ထောက်ခံနေတာဆိုပြီး နှစ်မျိုးရှိနိုင်ပါတယ်။ လက်ရှိမှာတော့ နိုင်ငံရေးအသိတရား နည်းရှာတဲ့သူတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပေးနိုင်တဲ့ လူပုဂ္ဂိုလ်တွေ နည်းပါးလွန်းလှသလို ကိုယ်ကျိုးရှာသူတွေကို ထိထိရောက်ရောက် တားဆီးနိုင်တဲ့ ဥပဒေတွေလည်း မရှိသေးပါ။ ရှိခဲ့တယ်ဆိုရင်လည်း အကောင်အထည်မဖော်နိုင်သေးတာကို လက်တွေ့မျက်မြင် တွေ့နေရတာ ဖြစ်ပါတယ်။
"အဓိကကတော့ အုပ်ချုပ်ရေးကို ပြည်သူ့ဆန္ဒနဲ့ ကျေးရွာကအစ မဲဆန္ဒနဲ့ တင်မြှောက်နိုင်အောင် လုပ်ရမယ်။ အရေးကြီးဆုံးက မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံဆိုရင် တစ်မြို့နယ်လုံးက ပြည်သူတွေရဲ့ မဲဆန္ဒနဲ့ တင်မြှောက်သင့်တယ်။ ဒါဆိုရင် ပြည်သူနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ အပြန်အလှန်တာဝန်ခံကြရတဲ့သဘော ဖြစ်သွားပြီ" လို့ ကျေးရွာတစ်ရွာက အုပ်ချုပ်ရေးမှူးက သူ့စိတ်ကူးကို ပြောပြပါတယ်။
တော်လှန်ပြည်သူ အများစုက သဘောကျတဲ့၊ လေးစားယုံကြည်တဲ့ ပုဂ္ဂိုလ်တွေ အလုပ်လုပ်ခွင့်ရအောင် အခင်းအကျင်း ဖန်တီးပေးနိုင်ရင်၊ တော်လှန်နယ်မြေထဲမှာ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး ဒီမိုကရေစီ ရွေးကောက်ပွဲကို ကြိုးစားအကောင်အထည်ဖော်ကြရင် ဂဠုန်ဦးစောလေးတွေနှင့် သူ့လမ်းစဉ် ကျင့်သုံးနေသူတွေ လျော့ပါးသွားဖွယ် ရှိတယ်လို့ မောင်လူမွှေး ဉာဏ်မီသလောက် တွေးနေမိပါတယ်။ ရေရှည်မှာ ဂဠုန်ဦးစောလို လူတွေနှင့် သူ့လမ်းစဉ်ကို ထောက်ခံသလို ဖြစ်နေခဲ့ရင်၊ မပြုပြင်နိုင်ခဲ့ရင် နိုင်ငံရဲ့ အနာဂတ်ဟာ အာဇာနည်တွေ လုပ်ကြံခံရပြီးနောက် အဖြစ်အပျက်တွေထက် ပိုဆိုးတဲ့ အဖြစ်အပျက်တွေကို ကြုံကြရနိုင်တယ်ဆိုတာ သတိပြုမိဖို့ အရေးကြီးပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar