လှကျော်ဇော - နိုင်ငံတကာအခင်းအကျင်းသစ်များ (၁၁)
မှန်းချက်နဲ့ နှမ်းထွက် မကိုက်တော့တဲ့ နေတိုး
"နေတိုး" တဲ့။
တစ်ကြိမ်တစ်ခါက လျှမ်းလျှမ်းတောက် သြဇာကြီးခဲ့တဲ့ အနောက်နိုင်ငံကြီးများရဲ့ စုပေါင်းလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းကြီး။
ဒီနေ့ ဘယ်အခြေအနေကို ဆိုက်ရောက်နေသလဲ။
ဇာတ်လမ်းအစ
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအပြီး စစ်အေးတိုက်ပွဲကာလအတွင်း ဆိုဗီယက်ယူနီယံ ဦးဆောင်တဲ့ အရှေ့ဥရောပ ကွန်မြူနစ်အုပ်စုကို ဟန့်တားဖို့ ရည်ရွယ်ခဲ့ပြီး "တစ်ဦးစီကို တိုက်ခိုက်ခြင်းသည် အားလုံးကို တိုက်ခိုက်ခြင်းဖြစ်သည်။" ဆိုတဲ့ အပိုဒ် (၅) ကြောင့် စုပေါင်းကာကွယ်ရေး သဘောတရားကို အခြေခံပြီး ဖွဲ့ခဲ့တဲ့အဖွဲ့ကြီး။ စတင်ဖွဲ့စည်းချိန်က အမေရိကန်၊ ကနေဒါနဲ့ ဥရောပ (၁၀) နိုင်ငံအပါ (၁၂) နိုင်ငံနဲ့ စခဲ့ပြီး အကြိမ်ကြိမ် တိုးချဲ့လာရာမှာ အခုအခါ (၃၂) နိုင်ငံ ဖြစ်နေပါပြီ။ စတင်ချိန်က ကာကွယ်ရေးကို အခြေခံခဲ့ပေမဲ့ ၁၉၉၁ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားပြီးနောက်တော့ ကမ္ဘာတစ်ဝန်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များမှာ တက်ကြွစွာ စွက်ဖက်ရေးဆီကို ဦးတည်လှုပ်ရှားလာပါတယ်။
ဒီမှာတင် ပြဿနာတွေ စတက်တာပါပဲ။
ဆိုဗီယက်ကြီးနဲ့ အရှေ့ဥရောပ ဆိုရှယ်လစ်နိုင်ငံများ ပြိုလဲသွားတော့ အမေရိကန်အမှူးပြုတဲ့ အနောက်နိုင်ငံကြီးများဟာ ဆယ်စုနှစ်နဲ့ချီ တိုက်လာတဲ့ စစ်အေးတိုက်ပွဲကြီးမှာ သေနတ်တစ်ချက် မဖောက်ရဘဲ အနိုင်ရလိုက်တာဆိုပြီး အတော်အူမြူးကာ "သမိုင်းနိဂုံးချုပ်ပြီ၊ တစ်ကမ္ဘာလုံး လစ်ဘရယ်ဒီမိုကရေစီလမ်းပဲ လိုက်စရာရှိတော့တယ်။" ဆိုတဲ့ ကြွေးကြော်သံအောက်မှာ သူတို့တစ်တွေ (အထူးသဖြင့် စူပါပါဝါအင်အားကြီး တစ်ဦးတည်းအဖြစ် ကျန်ခဲ့တဲ့ အမေရိကန်) ဟာ နေတိုးကိုအသုံးချပြီး ကမ္ဘာ့ပြဿနာအရပ်ရပ်ကို စစ်ရေးနဲ့ စွက်ဖက်ဖြေရှင်းဖို့ လုပ်လာပါတော့တယ်။ ဒါဟာ အမေရိကန်ရဲ့ တစ်ဦးတည်း ဗိုလ်ကျလွှမ်းမိုးရေး အတွေးအခေါ်ရဲ့ နိဒါန်းပါ။
၁၉၉၀ လွန်နှစ်များမှာ ယူဂိုဆလပ်နိုင်ငံမှာ ပေါ်ပေါက်နေတဲ့ လူမျိုးရေးပဋိပက္ခများကို အကြောင်းပြပြီး နေတိုးစစ်ဆင်ရေးအမည်ခံနဲ့ ဒေသအသီးသီး ဗုံးမိုးရွာခဲ့ပြီးနောက် ယူဂိုဆလပ်နိုင်ငံကို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားစေခဲ့ပါတယ်။ (တချို့ ဥရောပပညာရှင်များကတော့ အမေရိကန်ဟာ ယူရိုငွေကြေးစနစ်ကို ဖျက်လိုဖျက်ဆီးလုပ်တာလို့ စွပ်စွဲတာရှိပါတယ်။)
ပိုဆိုးတာက ၉/၁၁ အရေးအခင်းအပြီး အာဖဂန်နစ္စတန်ကို နေတိုး နာမည်ခံကာ စစ်ဆင်ရေးဆင်ပြီး တာလီဘန်အစိုးရကို ဖြုတ်ချခဲ့ပေမဲ့ နောင်အနှစ် ၂၀ ကြာပြီးနောက် (အမေရိကန်များ ဆင်နွှဲခဲ့တဲ့ စစ်ပွဲများအနက် စစ်သက်အရှည်ဆုံးနဲ့ ကုန်ကျမှုအမြင့်မားဆုံး) တာလီဘန်များကပဲ အာဏာပြန်သိမ်းသွားပါတော့တယ်။ ဒီစစ်ပွဲအတွင်း ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၃ ထရီလီယံတဲ့။ နာမည်ကလည်း ပျက်သလား မပြောနဲ့။ အဲဒီစစ်ပွဲကို အကြောင်းပြုပြီး လက်နက်ကန်ထရိုက်တွေ အတော်ပွသွားကြတယ် ဆိုတဲ့ သတင်း။ အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်မှာရှိတဲ့ နေတိုးဈေးတန်းမှာ စစ်သုံးပစ္စည်း အမျိုးမျိုးသာမက နောက်ဆုံးပေါ် လက်နက်ဆန်းများအထိ ဝယ်ယူလို့ရတယ်ဆိုတဲ့ သတင်းများ စသဖြင့် စုံနေအောင် ကြားလာရပါတယ်။
ဒီလိုနဲ့ စစ်စရိတ်တွေ ထောင်းလာတော့ အမေရိကန်က "သူပဲ အကုန်အကျခံနေရတယ်၊ တခြား (ဥရောပနိုင်ငံများ) က အချောင်ခိုနေကြတယ်၊ စစ်စရိတ်တွေ မြှင့်ရမယ်" လို့ တောင်းဆိုလာပါတယ်။ တကယ်တော့ အမေရိကန် ရွေးကောက်ပွဲများကို (နိုင်ငံရေးသမားများကို ဝယ်ယူဖို့) အလှူငွေတွေနဲ့ ထောက်ပံ့ထားတဲ့ လက်နက်ကုမ္ပဏီကြီးများအတွက် အရောင်းဈေးသည် လုပ်ပေးတာပါ။
ကိုလိုနီနယ်ချဲ့နိုင်ငံများဖြစ်တဲ့ အထည်ကြီးပျက် ဥရောပနိုင်ငံများ အနေနဲ့ကလည်း ပြည်တွင်းစီးပွားရေး အကျပ်အတည်း အမျိုးမျိုးကြောင့် အမေရိကန်များ တောင်းဆိုတိုင်း မလုပ်နိုင်တဲ့အခါ အမေရိကန်နဲ့ အချေအတင် ပြောရဆိုရ ဖြစ်လာပါတယ်။ ထရမ့်ရဲ့ ပထမသက်တမ်းတုန်းက သိပ်မသိသာပေမဲ့ အခု ဒုတိယသက်တမ်းမှာတော့ ပိုပြင်းထန်လာပါတယ်။ ထရမ့်သာမက ဒုသမ္မတ ဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုတို့ကပါ ဥရောပနိုင်ငံက ခေါင်းဆောင်များအပေါ် အတော်မလေးမခန့် စော်စော်ကားကား ပြောလာကြတာပါ။ ထရမ့်ကလည်း ဥရောပနိုင်ငံများကို ကုန်သွယ်ရေးစစ်ပွဲတွေ ဆင်တာ။ ဒါ့အပြင် အခုနောက်ဆုံး အီရန်စစ်ပွဲမှာတော့ အမေရိကန်နဲ့ ဥရောပကြား အကွဲက ပိုနက်ရှိုင်းလာပါတယ်။ ဦးစားပေးတဲ့ စစ်ပွဲတွေ မတူတော့ အမေရိကန်က သူတို့ကို ဘယ် နေတိုးနိုင်ငံကမှ မထောက်ခံတာကို မခံမရပ်နိုင် ဖြစ်လာတာ။ (စပိန် ဆိုရင် သူ့နိုင်ငံက အမေရိကန်ရဲ့ စစ်စခန်းတွေက လေဆိပ်တွေတောင် အသုံးပြုခွင့် မပေးပါဘူး။)
နေတိုးကလည်း ရုရှားအန္တရာယ်ကို လက်ညှိုးထိုးပြီး ယူကရိန်းစစ်ပွဲကို အမေရိကန်က ထပ်မံပိုထောက်ပံ့ဖို့ချည်း ပြောနေတာ။
အခု ဒီနေတိုးပွဲမှာ ပိုဆိုးလာနေတယ်။ ထရမ့်က အနာပေါ် တုတ်ကျအောင် အပြောအဆိုက မောက်မာသေး။ "တူရကီသမ္မတ မျက်နှာကြောင့် လာရတာတို့၊ ဂရင်းလန်းဟာ အမေရိကန်အတွက်ပဲ အကျိုးရှိတာ၊ နော်ဝေးအတွက် မလိုအပ်ဘူး" ဆိုတာတွေ ပြောနေလိုက်တာ။
အခုတော့ ပြေရာပြေကြောင်းတွေ ဖြစ်လေမလားလို့ ကျင်းပခဲ့တဲ့ တူရကီနိုင်ငံ အန်ကာရာက ဆွေးနွေးပွဲဟာ ပိုရုပ်ပျက် ပိုဆိုးရွားသွားပါတော့တယ်။
ဘယ်လောက်တောင် အခြေအနေက ဆိုးသွားသလဲ မသိဘူး။ အစည်းအဝေးအပြီး ထွက်လာတဲ့ စာတမ်းမှာလည်း ဘာမှ မည်မည်ရရ မပါလိုက်ဘဲ နောက်ဆုံးထွက်လာတဲ့ သတင်းကတော့ "နောင်နှစ် နေတိုးထိပ်သီးအစည်းအဝေးကို (ထရမ့်နဲ့ သဘောချင်း မတိုက်ဆိုင်မှုတွေ ပိုဆိုးလာမှာစိုးလို့) ကျော် (Skip) လိုက်ကြဖို့ သဘောတူလိုက်ကြတယ်" တဲ့။
နေတိုးအဖွဲ့ကတော့ ဒီလိုနဲ့ တဖြည်းဖြည်း သြဇာကျလာနေတာ တွေ့နေရပါပြီ။ တကယ်တော့ နေတိုးဟာ စစ်အေးခေတ် မဟာမိတ်အဖွဲ့တစ်ခုသာ မဟုတ်ပါဘူး။ ဆိုဗီယက် ဆိုရှယ်လစ်နိုင်ငံကို အင်အားအကြီးဆုံး နယ်ချဲ့ဆန့်ကျင်ရေး အင်အားစုကြီးအဖြစ် ပစ်မှတ်ထားလုပ်ဆောင်ဖို့ စုစည်းထားတဲ့ နယ်ချဲ့နိုင်ငံကြီးများရဲ့ ကလပ်အသင်းကြီးလည်း ဖြစ်ပါသေးတယ်။ ဒါကြောင့်ပဲ စစ်အေးခေတ်ကြီး ပြီးဆုံးသွားတာတောင် နေတိုးကို မဖျက်နိုင်ရုံမက ဆက်ဆက်တိုးချဲ့နေရတာပါ။ သူ့ရဲ့ မူရင်းအခြေခံနိုင်ငံကြီးများရဲ့ အရင်းရှင်စနစ်ကြီးများ (တဆက်တည်း နယ်ချဲ့စနစ်ကြီးများ) ယိုယွင်းကျဆင်းလာမှသာ နေတိုးလည်း ကျဆင်းလာမှာ ဖြစ်ပါတယ်။ ဒါဟာလည်း ကာလတစ်ပိုင်း ကြာနေဦးမှာဖြစ်ပြီး ဒီကြားထဲမှာလည်း ရှုပ်ထွေးမှုတွေ၊ ပဋိပက္ခကြီးတွေ ဖြစ်လာနိုင်ပါသေးတယ်။ တချို့နေရာတွေမှာလည်း စတင်မြင်တွေ့နေရပါပြီ။ အရင်းရှင်စနစ်ကြီးအတွင်း အကွဲအပြဲနဲ့ ခလုတ်တိုက်မှုများ တစ်နေ့တခြား များသထက် များလာနေပါပြီ။
ကမ္ဘာ့ပြည်သူလူထု တရပ်လုံး နိုးနိုးကြားကြား နေကြဖို့ပါပဲ။
လှကျော်ဇော
၁၉-၇-၂၀၂၆
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လှကျော်ဇော - နိုင်ငံတကာအခင်းအကျင်းသစ်များ
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar