Breaking News

ခိုင်ခိုင်စောလွင် - ခေါင်းစဉ်ရှိခြင်း၊ မရှိခြင်း


ခိုင်ခိုင်စောလွင် - ခေါင်းစဉ်ရှိခြင်း၊ မရှိခြင်း

မိုးမခ ၊ ဇူလိုင် ၂၅ ၊ ၂၀၂၆


ရန်ကုန်မြို့ပေါ်မှာ ဆိုက်ကားနင်းရင်း သေဆုံးသွားတဲ့ ဆိုက်ကားဆရာရဲ့ ရုပ်ခန္ဓာကို လူမှုကွန်ရက် သတင်းတွေမှာ မြင်ရတယ်။ ပိန်လှီတဲ့ ခန္ဓာကိုယ်ကို မြင်ရခိုက် စိတ်မကောင်းစွာပဲ ခေါင်းထဲ ပေါ်လာတဲ့ အထင်ကို ဖယ်ထုတ်နေတုန်းမှာပဲ အာဟာရပြတ် လဲကျ သေဆုံးတာဖြစ်သတဲ့။ မျက်စိထဲ တော်တော်နဲ့ ဖျောက်မရ။ တဆက်တည်း ဆိုသလို အဲဒီနေ့ မနက်က ချင်းမိုင်မှာ ရှိတဲ့ ဆိုင်အတော်များများမှာ ချိတ်ဆွဲထားတဲ့ ထိုင်းအစိုးရရဲ့ ထိုင်းချွေ့ထိုင်း (ထိုင်းက ထိုင်းကိုကူ)- Thais help Thais Plus 60/40 ပါတဲ့  စတစ်ကာလေးတွေ၊ ဆိုင်းဘုတ်လေးတွေ ကပ်ထားတာ  မြင်ရခိုက် အခြေခံလူတန်းစားတွေအပေါ် အစိုးရက စောင့်ကြည့် အဖြေရှာ ဖြေရှင်းပုံတွေ အကြောင်း မြန်မာပြည်သူတွေနဲ့ ယှဉ်မိတာ သတိရမိသွားတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်ကာလရဲ့ နောက်ဆက်တွဲအဖြစ် စီးပွားကျဆင်းနေတယ်၊ ခရီးသွားလုပ်ငန်းတွေ နာလန်မထူသေးဘူး၊ ကမ္ဘာ့ဝယ်လိုအား လျော့တာ၊ အမေရိကန်နိုင်ငံရဲ့ အခွန်မူဝါဒ အပြောင်းအလဲတွေကြောင့် ထိုင်းပို့ကုန်တွေ ထိခိုက်တာ၊ နိုင်ငံရေး အပြောင်းအလဲ များတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှု လျော့နည်းလာတာ စတဲ့ အကြောင်းတွေကြောင့် စီးပွားရေး ကျဆင်းတဲ့ အခြေအနေကို ရင်ဆိုင်နေရတဲ့အပြင် ထိုင်းလူမျိုးတွေမှာ နေထိုင်မှုစရိတ်တွေ မြင့်တက်ပြီး အကြွေးဖိအားတွေ ရှိလာကြတယ်။ စိုက်ပျိုးရေးကဏ္ဍမှာလည်း နိုင်ငံအနှံ့ ရေကြီးတာ၊ မိုးခေါင်တာ စတာတွေကြောင့် ဝင်ငွေ မတည်မငြိမ်ဖြစ်ပြီး အခက်အခဲတွေ ရှိလာကြတယ်။

ပြည်သူကို စောင့်ကြည့်တဲ့ အစိုးရဖြစ်တဲ့အတွက် သူတို့ဟာ ပြည်သူကို အဆင်ပြေအောင် ဘယ်လို လုပ်ပေးရမလဲ၊ ဘာတွေ စီစဉ်ပေးရမလဲ ဆိုတဲ့ ခေါင်းစဉ် ရှိတယ်။ ဒါ့ကြောင့် ထိုင်းက ထိုင်းကူ အစီအစဉ် လုပ်ပေးတာ ဖြစ်တယ်။ ဒီအစီအစဉ်ဟာ ၂၀၂၆ ခုနှစ် မေလက စတင်ပြီး ၂၀၂၆ခုနှစ် စက်တင်ဘာလအထိ ၄ လ ခံစားခွင့်ရကြမယ်။ ဒီ ၄ လ အတွင်း ထိုင်းပြည်သူ တစ်ဉီးချင်း ကုန်ကျစရိတ်မှာ အစိုးရက ကူညီတဲ့သဘော ဖြစ်တယ်။ ထိုင်းချွေ့ထိုင်း စတစ်ကာ၊ ဆိုင်းဘုတ် ရှိတဲ့ ဆိုင်မှာ ဝယ်တဲ့အခါ ဘတ် ၁၀၀ ဖိုး ဝယ်ရင် အစိုးရက ဘတ် ၆၀ ကျခံပြီး ပြည်သူက ဘတ် ၄၀ ပဲ ပေးရမယ်။ ပြည်သူ ဝယ်ယူတဲ့ ကုန်ကျစရိတ်ရဲ့ ၆၀ ရာခိုင်နှုန်းကို အစိုးရက ပေးတာ ဖြစ်တယ်။ တစ်ရက်ကို အများဆုံး ဘတ် ၂၀၀ အထိ ဝယ်ခွင့်ရှိပြီး တစ်လမှာ အများဆုံး ဘတ် ၁၀၀၀ ဖိုးအထိ သုံးစွဲခွင့် ရှိတယ်။ ၄ လ အတွင်း ဘတ် ၄၀၀၀ ရတဲ့ သဘောပါ။ ဒီအတွက် ရပ်ကွက်ထဲ ဈေးထဲက အသေးစား အိမ်ဆိုင်လေးတွေ ပါဝင်လာကြတယ်။ သူတို့လည်း ပိုပြီး ရောင်းကောင်းလာကြတယ်၊ အစိုးရနဲ့အတူ  ပူးပေါင်းပါဝင်လာပြီး ကူညီကြတော့ ထိုင်းက ထိုင်းကိုကူ ဖြစ်တာပေါ့။ သူတို့ မပါဝင်ခဲ့ရင်လည်း ဒီအစီအစဉ် မဖြစ်နိုင်ဘူး၊ ထိုင်းပြည်သူတွေရဲ့ နေထိုင်မှုစရိတ် ဝန်ထုပ်ဝန်ပိုးကို အစိုးရက ခဏ ဝင်ပြီး ကူထမ်းပေးတဲ့ သဘော ဖြစ်သလို အသေးစားဆိုင်လေးတွေနဲ့ ဒေသခံ စီးပွားရေးကို မြှင့်တင်ပေးတာလည်း ဖြစ်တယ်။  

ဆန်၊ ဆီ၊ သကြား၊ ကြက် ဥ၊ ကြက်သား၊ ဝက်သား၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ၊ စီမံကိန်းမှာ ပါဝင်မှတ်ပုံတင်ထားတဲ့ အိမ်ဆိုင်လေးတွေ၊ လမ်းဘေးဈေးသည်တွေနဲ့ စားသောက်ဆိုင်တွေက ရောင်းချတဲ့ ထမင်းနဲ့ ဟင်း၊ ခေါက်ဆွဲ စတဲ့ အသင့်စား အစားအစာတွေ

ဆပ်ပြာ၊ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ အဝတ်လျှော်ဆပ်ပြာ စတဲ့ အိမ်သုံးပစ္စည်းတွေ ဝယ်လို့ရတယ်၊ 

ဖုန်းထဲမှာ App တခု ထည့်သွင်းထားရပြီး အဲဒီကနေ ဆိုင်က QR ကုတ်မှာ စကင်ဖတ်လိုက်ရုံပဲ၊ ကိုယ် ဝယ်ထားတဲ့ပမာဏအလိုက် ငွေကို ဖြတ်ယူသွားတာပါ။ ထိုင်းတနိုင်ငံလုံမှာ အစိုးရနဲ့ ချိတ်ဆက်ထားတဲ့ ဆိုင်ပေါင်း တသိန်းခွဲကျော်ရှိပြီး ဆိုင်ရှေ့မှာ "Thais Help Thais Plus လိုဂို ချိတ်ထားတာ တွေ့ရင် ဝင်ဝယ်လို့ ရတယ်။

ကုန်တိုက်ကြီးတွေတော့ မပါဘူး။ အစိုးရက ဒီမူဝါဒကို ချမှတ်ကတည်းက စည်းမျဉ်းတစ်ခု သေသေချာချာ ထုတ်ထားတာရှိပါတယ်။ အဲဒါကတော့ "အသေးစား ဈေးသည်များနှင့် အိမ်ဆိုင်ငယ်များကိုသာ ခွင့်ပြုရန်" ဆိုတဲ့ အချက်ပါပဲ။

စားသုံးသူတွေ သုံးစွဲတဲ့ငွေတွေဟာ လုပ်ငန်းစုကြီးတွေဆီ တိုက်ရိုက် ရောက်မသွားပဲ တကယ့်လက်လုပ်လက်စား အိမ်ဆိုင်လေးတွေ၊ လမ်းဘေးဈေးသည်တွေနဲ့ ဒေသတွင်း ကုန်စုံဆိုင်ငယ် လေးတွေဆီကို  စီးဆင်းသွားစေချင်တာ ဖြစ်တယ်။ 

အစိုးရက တဝက်စိုက်ပေးတဲ့စနစ်ကို အိမ်ဆိုင်လေးတွေမှာပဲ သုံးခွင့်ပေးလိုက်တော့ ပြည်သူတွေက အိမ်ဆိုင်လေးတွေဆီပဲ ပိုသွားကြပြီး အသေးစားစီးပွားရေးသမားတွေ ဝင်ငွေရအောင် တွန်းအားပေးရာ ရောက်ပါတယ်။

တကယ်လည်း သိသိသာသာ ပြည်သူတွေ ဝယ်ယူသုံးစွဲလာနိုင်ကြတာ မြင်ရတယ်။ 

မြန်မာပြည်မှာလည်း အလားတူ အခြေအနေ ရင်ဆိုင်နေကြရတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် မြို့ကြီးတွေမှာ ဒီဘက်နှစ်ပိုင်းအတွင်း စားသုံးသူတွေရဲ့ ဈေးဝယ်တဲ့ အလေ့အထ သိသိသာသာ ပြောင်းလဲလာတဲ့ အကြောင်းတွေ ဖတ်ရတယ်။ ရပ်ကွက်ဈေးတွေမှာ ဈေးဝယ်သူတွေ လျော့နည်းလာတယ်တဲ့။

အဓိကအချက်က တိုင်းပြည်စီးပွားရေး ကျပ်တည်းလာတယ်၊ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် ချမ်းသာသူ လူတန်းစားသာမက အလယ်အလတ် လူတန်းစားတွေပါ ပြည်ပကို သွားရောက်နေထိုင်ကြတာ အင်မတန်များတယ်။ နယ်နဲ့ ကျေးလက်က လူလတ်တန်းစားတွေပါ သူ့အရပ်မှာ မနေကြတော့ဘူး၊ ပြောရရင် သုံးစွဲနိုင်သူ နည်းသွားတယ်။ စိုက်ပျိုးရေးနဲ့ အခြေခံအသေးစား စီးပွားရေးထုတ်သူ မရှိသလောက်ဖြစ်လာပြီ။ 

နောက်တစ်ချက်က ရပ်ကွက်ဈေးတွေက ဈေးသည်တွေရဲ့ ဆက်ဆံရေးနဲ့ သန့်ရှင်းသပ်ရပ်မှု အခြေအနေတွေကြောင့် မြို့ကြီးပြကြီးက တတ်နိုင်သူရော၊ လူလတ်တန်းစားပါမချန် စီးတီးမတ်လို၊ စူပါမားကက်တွေလိုမှာသာ သွားဝယ်ကြတော့တယ်။ ရပ်ကွက်ဈေးဆိုင်အချို့က ပစ္စည်းကို ကိုင်ပြီး မဝယ်တာမျိုး၊ ဈေးမေးပြီး မဝယ်တာမျိုးဆိုက မျက်နှာအမူအရာ၊ အချို့က နှုတ်နဲ့ပါ အဆင်မပြေတဲ့ အပြုအမူတွေ လုပ်ပြကြတာကို စိတ်ပျက်ကြတာလည်း ပါတယ်။ ဒါကလည်း ဒီဘက် ၅ နှစ်အတွင်း ကြုံတွေ့ရတဲ့ ဖိအားတွေကြောင့် လူတွေရဲ့ စိတ်ခံစားချက်တွေ ပြောင်းလဲလာကြပုံ၊ နောက်ပြီး ငွေပေးချမှုပုံစံတွေကလည်း သက်ရောက်မှု ရှိတယ်။ ဒီအခြေအနေကို ပစ်ထားပါက မုန့်လုံးစက္ကူကပ်ပမာ ဖြစ်ရုံမက အခြေအနေ ပိုဆိုးတဲ့ လူမှုအသိုင်းအဝန်းတွေ ဖြစ်လာလိမ့်မယ်။ ကိုယ့်ခွန်အားကို အသုံးချပြီး ရိုးရိုးသားသား လုပ်စားရင်း ငတ်သေသူတွေ ပေါ်လာပြီ။ ကောင်းရောင်းကောင်းဝယ် လုပ်စားမရတဲ့အခါ ခိုးဆိုးလုယက် ဓားပြတိုက်သူ များလာမယ်။

ဒီလို အခြေအနေကို တိုင်းပြည်ရဲ့ အစိုးရပါလို့ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ပြောနေသူတွေက သိနိုင်ပါ့မလား၊ မင်းအောင်လှိုင်ကိုယ်တိုင်က နိုင်ငံရေးက နိုင်ငံရေး၊ ပြည်သူက ပြည်သူပဲတဲ့ အင်တာဗျူးမှာ ပြောနေတယ်။ သဘောတရားအရ နိုင်ငံရေးက သတ်သတ်၊ ပြည်သူက သတ်သတ် မှန်ပေမဲ့ လက်တွေ့ဘဝဟာ တထပ်တည်း ကျပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတယ်။

“မီးဖိုချောင်မှာ ထမင်းချက်နေတဲ့ အိမ်ရှင်မတစ်ယောက်ကလည်း နိုင်ငံရေးနဲ့ ဆိုင်ပါတယ်” တဲ့။ 

သူ ဝယ်နေကျ ကြက်ဉဈေးတက်သွားတာ၊ စားဆီဈေးတက်သွားတာ၊ ဈေးအသုံးစရိတ်မလောက်တာ နိုင်ငံရေး ဖြစ်သွားပြီ။ 

ပြည်သူတွေ အဆင်ပြေအောင် ဘာလုပ်ပေးရမလဲ ၊ ပြည်သူ့အတွက် ဆိုတဲ့ ခေါင်းစဉ်ရှိမှ ပြည်သူ့အစိုးရ ခေါ်ဆိုထိုက်သပေါ့။ ပြည်သူကို သတ်ဖြတ်ပြီး ပြည်သူ့အတွက် ဘာခေါင်းစဉ်မှ မရှိဘဲ တိုင်းပြည် အုပ်ချုပ်ချင်နေသူတွေကို အမြန်ဆုံး ဖယ်ရှားနိုင်မှ ပြည်သူ့ဘဝ အေးချမ်း အဆင်ပြေမှာ ဖြစ်တယ်။ 


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar