Breaking News

မောင်တူး - ဒီဗွီဘီသတင်းထောက်ဘဝ ၃၄ နှစ်မြောက်

 

မောင်တူး - ဒီဗွီဘီသတင်းထောက်ဘဝ ၃၄ နှစ်မြောက်

မိုးမခ ၊ ဇူလိုင် ၂၇ ၊ ၂၀၂၆


ကျနော် ရေဒီယို သတင်းထောက်
ရေဒီယိုအသံလွှင့်သမား
ရုပ်မြင်သံကြားသတင်းထောက်
သတင်းကြေညာသူ 
သတင်းဆောင်းပါး ရုပ်သံများ ထုတ်လုပ်သူ
တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်သူ
သတင်းဆောင်းပါးများရေးသားသူ
DVB ဝိုင်းတော်သား ဘဝ ၃၄ နှစ်ပြည့်ခဲ့ပြီ။ ။
DVB တည်ထောင်ခြင်းလည်း ၃၄ နှစ်ပြည့်ခဲ့ပြီ။ ။

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရအောင်တိုက်မည် DVB

ဒီဗွီဘီ သတင်းဌာနကို ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်မှာ ရေဒီယို အသံလွှင့်ဌာနအဖြစ် စတင် ထုတ်လွှင့်ခဲ့တယ်။ ၂၀၂၆ ဇူလိုင် ၁၉ ကဆိုရင် ၃၄ နှစ် ပြည့်ခဲ့ပြီ။ 

"လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရအောင်တိုက်မည် ဒီဗွီဘီ၊ 
မဝေးတော့တဲ့ အနာဂတ်တခေတ်ဆီ 
လွတ်လပ်တဲ့ ခေတ်တခေတ်ကို မျှော်ရည်" 

ဒီသီချင်း ကြွေးကြော်သံလေးနဲ့အတူ ဒီဗွီဘီ ရေဒီယိုကို မနက် ည ၂ ကြိမ် နေ့စဉ် ထုတ်လွှင့်ခဲ့ကြတာ မှတ်မိကြဦးမှာပါ။ အခုတော့ ခေတ်ကာလ အခြေအနေအရ DVB ရေဒီယို ထုတ်လွှင့်တာ ရပ်နားသွားပြီ ဖြစ်ပေမဲ့ နေ့စဉ် ရုပ်သံထုတ်လွှင့်မှုတွေကတော့ ဝေဝေဆာဆာ သိုင်းသိုင်းဝိုင်းဝိုင်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဆက်လက် ချီတက်နေကြပါပြီ။ ဒါပေမဲ့ လှိုင်းတိုရေဒီယိုလေးတွေနဲ့ တောထဲမှာ တောင်ပေါ်မှာ ရွာတွေမှာ ခက်ခက်ခဲခဲ ဒီဗွီဘီ သတင်းတွေကို ခဲရာခဲဆစ် ဖမ်းပြီး နားထောင်ခဲ့ကြရတဲ့ ခေတ်ကိုတော့ လွမ်းမိသား။

ဒီဗွီဘီ ကဗျာ ဂုဏ်ထူးဆောင်အယ်ဒီတာ ဆရာတင်မိုး

သတင်းမီဒီယာအေဂျင်စီတခုရဲ့ အကြောင်းကို ကဗျာစပ်ဆိုကြတာကို ကြားဖူးကြပါသလား။ DVB ကိုတော့ ကဗျာနဲ့ ရေးဖွဲ့ခဲ့ဘူးတယ်။ ကဗျာဆရာကြီး (ဦး) တင်မိုးဟာ ၁၉၉၉ ခုနှစ်မှာ DVB အော်စလိုမြို့ အသံလွှင့် ဌာနချုပ်ကိုလာပြီး တာဝန်ထမ်းဆောင်ခဲ့ဘူးတယ်။ သူ အော်စလိုမြို့မှာ ရှိနေချိန် အသံလွှင့်တယ်။ ကဗျာတွေ ရေးတယ်။ ရေးတဲ့ ကဗျာတွေထဲ "နှင်းတောင်ပေါ်က အသံ" ဆိုတဲ့ ကဗျာလည်းပါတယ်။ ရေခဲနှင်းတွေကြားမှာ ချမ်းချမ်းတည်းတည်းနဲ့ သွားကြ လာကြပြီး DVB ဝိုင်းတော်သားတွေ သတင်းတွေလိုက်၊ သတင်းတွေရေး၊ သတင်းတွေ လွှင့်နေကြပုံတွေကို မြင်တွေ့ပြီး ကဗျာဆရာကြီးလည်း ဟပ်ထိသွားတယ်ထင်ပါ့။ DVB သမိုင်းဝင် ကဗျာတပုဒ်ကို ဘော့ပင်နဲ့ ကော်ပီစာအုပ်ဆွဲ ဆေးလိပ်ကိုမီးညှိပြီး သူ့အခန်းထဲဝင် ရေးတော့ တာပါပဲ။ 

နှင်းတောင်ပေါ်က အသံ

တောင်ပေါ် တောင်ဆင့်၊ တောင်မြင့်မြင့်ထက်

တိမ်ပွင့် ထီးဆောင်း၊ တောင်နှာမောင်းဟု

တောင်စောင်း တောင်တန်း၊

တောင်ခါးပန်းတွေ၊ တောထွေထွေသည်

တိမ်ခြေ ငွေနှင်းပေါင်းတို့နှင့် တကား။

အေးလည်းအေးမြ၊ သုညအောက်ရောက်

ငွေနှင်းစိုစွတ်၊ ငွေတောင်ထွတ်က

ပြိုညွတ်ကျလေ ယောင်တကား။

နော်ဝေ ဆွီဒင်၊ နှင်းတောင်မြင်၏

စကင်ဒီနေဗီယန်၊ နှင်းတောင်ယံက

အသံလွှင့်လှိုင်း၊ ငါတို့တိုင်းသို့

သမိုင်းသစ်ချီ၊ ဒီမိုကရေစီအတွက်

အောင်စည် ဟိန်းစေခဲ့ပြီတကား။ ။

(တင်မိုး) ၅၊ အောက်တိုဘာ၊ ၁၉၉၉ အင်္ဂါနေ့ နံနက်ခင်း


ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ငြိမ်းချမ်းရေးဆုမှသည် ဒီဗွီဘီ ဖြစ်ပေါ်လာ

ဒေါ်အောင်ဆန်းစုကြည်က နိုဗဲလ်ငြိမ်းချမ်းရေးဆုကို ၁၉၉၀ မှာ ရပါတယ်။ နဝတ စစ်အစိုးရက အကျယ်ချုပ်ကနေ လွှတ်မပေးတာကြောင့် ဆုပေးချိန်မှာ  ကိုယ်တိုင် သွားယူလို့ မရခဲ့ပါဘူး။ ခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ်နဲ့ သားတွေပဲ ကိုယ်စားသွားယူခဲ့ကြတယ်။ အဲဒီမှာ ၁၉၉၀ ရွေးကောက်ပွဲနိုင် အမတ်တွေနဲ့ ဖွဲ့ထားတဲ့ NCGUB စင်ပြိုင်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းလည်း ဆုပေးပွဲ တက်တယ်။ ဒေါက်တာစိန်ဝင်းက နော်ဝေးအစိုးရ ဒုဝန်ကြီးကို အသံလွှင့်ဌာန တခု ထူထောင်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ နော်ဝေးအစိုးရကလည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနိုင်ထားတဲ့ အုပ်စုတခု အနေနဲ့ လှိုင်းတို ရေဒီယို အသံလွှင့်ဌာန တခု တည်ထောင်ပေးမယ်ဆိုပြီး DVB (Democratic Voice of Burma) ဒီမိုကရက်တစ်မြန်မာ့အသံ ပေါ်ပေါက်လာပါတော့တယ်။ NCGUB ညွန့်ပေါင်းအစိုးရက တာဝန်ခံပြီး ထုတ်လွှင့်ရတာပေါ့။ ဒါကြောင့် အဲ့ဒီတုန်းက ဒီဗွီဘီ ရေဒီယို စလွှင့်တာနဲ့ "ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB" ရဲ့ အသံလွှင့်ဌာန ဒီမိုကရက်တစ် မြန်မာ့အသံ DVB က ယနေ့ သတင်းတွေကို စတင် ထုတ်လွှင့်နေပါပြီလို့ ကြေညာခဲ့ကြပါတယ်။ ဒါကြောင့် ရှစ်လေးလုံး အရေးတော်ပုံကြီးကအစ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗဲလ်ငြိမ်းချမ်းရေးဆု၊ ၁၉၉၀ ရွေးကောက်ပွဲ အပြတ်အသတ် အနိုင်ရရှိတာ၊ NCGUB အစိုးရ စတာတွေဟာ DVB ရဲ့ အစပြုရာတွေလို့ ပြောကြရမှာပါ။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ DVB

လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဗွီဘီ ဆက်စပ်မှုတွေကြားထဲမှာ ရေဒီယို အင်တာဗျူးတွေ တီဗွီအင်တာဗျူးတွေ ရှိခဲ့ကြတာပေါ့။ ရန်ကုန် NLD ဌာနချုပ်မှာ ဒီဗွီဘီက သီးသန့် အင်တာဗျူးတွေ လုပ်ခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေးခရီးစဉ်မှာလည်း ဒီဗွီဘီ ဒါရိုက်တာ ကိုအေးချမ်းနိုင်နဲ့ တွေ့ဆုံ မေးမြန်းခဲ့ဖူးတယ်။ ဒီလိုတွေရှိခဲ့ပေမဲ့ ကျနော် အမှတ်တရ ရှိနေတာက ၁၉၉၅ ခုနှစ်က NLD ရဲ့ ပြည်နယ်နဲ့ တိုင်း ၁၄ ခုလုံးက ခေါင်းဆောင်တွေအားလုံးနဲ့ တပြိုင်တည်းတွေ့ဆုံပွဲမှာ သူတို့အားလုံး DVB ရေဒီယိုကို အလုပ်တခုအနေနဲ့ နေ့စဉ် နားထောင်ဖို့ ဒေါ်စုက တိုက်တွန်း ပြောဆိုခဲ့တာပါ။ သိကြတဲ့အတိုင်း စစ်တပ်က သူ့ကို အကျယ်ချုပ်ဖမ်းထားရာက ၁၉၉၅ မှာ ပြန်လွှတ်တယ်။ ဒီမှာ ပြည်နယ်နဲ့တိုင်း ၁၄ ခုစလုံးက NLD ဦးဆောင်အဖွဲ့တွေ (၁၀၀ ကျော်မယ် ထင်တယ်) ဆုံတွေ့ကြတော့ ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ဥက္ကဋ္ဌက စစ်ထောက်လှမ်းရေးတွေ စောင့်ကြည့်နေတဲ့ကြားက ကျနော်တို့ ဘာလုပ်ကြရမလဲလို့ မေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာက ရေဒီယိုတွေ နားထောင်ကြပါတဲ့။ ကျမဆိုရင် အကျယ်ချုပ်ထဲမှာ ရေဒီယိုလေးတလုံးနဲ့ BBC, VoA နဲ့ DVB နေ့တိုင်း နားထောင်တယ်။ " ဆိုပြီး ပြောလိုက်တယ်။ NLD အဖွဲ့ဝင်တွေက " BBC, VoA ကတော့ ဟုတ်ပါပြီ။ DVB က ဘာလဲလို့ မေးကြတယ်။" ဒေါ်အောင်ဆန်းစုကြည်က " DVB ဒီမိုကရက်တစ်မြန်မာ့အသံ လေ Democratic Voice of Burma) ကျမ ညတိုင်း နားထောင်တယ်။" ဆိုပြီး ဖြေလိုက်တယ်။ နောက်ပိုင်းမှာ NLD အဖွဲ့ချုပ်ဝင်တွေအတွက် မနက်တကြိမ် ညတကြိမ် DVB ရေဒီယိုကို ဖမ်းပြီးနားထောင်ဖို့ဟာ အလုပ်တခု ဖြစ်လာကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေးဇူးပါ။

NLD အဖွဲ့ဝင်တွေဟာ DVB သတင်းထောက်တွေ ဖြစ်လာ

အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်ပါတယ်။ ခုန ပြောခဲ့တဲ့ ပွဲမှာပဲ ဒေါ်အောင်ဆန်းစုကြည် ဆက်ပြောတာက "DVB က တခြား ရေဒီယိုတွေနဲ့မတူဘူး။ သတင်းသက်သက်၊ နိုင်ငံရေး၊ တော်လှန်ရေးသက်သက်တွေ လွှင့်ထုတ် တင်ဆက်တာ၊ ကျမတို့ NLD အဖွဲ့ဝင်တွေဟာ သတင်းတွေ စုဆောင်းပြီး တယ်လီ ဖုန်းတွေနဲ့ DVB ကို ပို့ရမယ်။ ဒါမှ ကိုယ်ဒေသက သတင်းတွေကို တနိုင်ငံလုံး သိမယ်။ သူများ ဒေသ မြို့နယ်တွေက သတင်းတွေလည်း ကိုယ် သိရမယ်တဲ့။" ဒေါ်အောင်ဆန်းစုကြည် အဲ့သည်လို ပြောပြီးနောက်ပိုင်း NLD အဖွဲ့ဝင်တွေ၊ သူတို့ရဲ့ မိသားစုတွေဟာ DVB သောတရှင်တွေ ဖြစ်လာတယ်။ သူတို့က သတင်းတွေရှာပြီး (ဖုန်းခ အကုန်ခံပြီး) ပို့လာကြတော့ ဒီဗွီဘီသတင်းထောက်တွေ (လစာမရ ကိုယ့်ဘာသာကိုယ်ပို့ Volunteer) တွေ ဖြစ်လာကြတယ်။ အဲ့ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းမှုနဲ့ ဖြစ်လာရတဲ့ DVB နဲ့ NLD ဆက်စပ်မှု သမိုင်းတစပေါ့။ NLD က ဒီဗွီဘီကို ဖုန်းနဲ့ နေ့စဉ်လိုလို သတင်းပို့သူတွေထဲမှာ မန္တလေးက ဒေါ်ဝင်းမြမြ၊ ဘားအံက နန်းခင်ထွေးမြင့်၊ မိတ္ထီလာက ဒေါ်မြင့်မြင့်အေး၊ အောင်လံက ဦးအေးမြင့် ပဲခူးက ဦးမြတ်လှ ရန်ကုန်က ပူကျင့်ရှင်းထန်၊ ပူးထောင်ခိုထန်းနဲ့ ကိုဂျင်မီ (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကြိုးပေးခံခဲ့ရသူ) တောင်ကြီးက ဒေါ်သန်းငွေ စသဖြင့်တို့ ပါဝင်ကြပါတယ်။ နောက်ထပ်လည်း အများကြီးရှိပါသေးတယ်။

၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ DVB

ကိုဂျင်မီ (ခ) ကိုကျော်မင်းယုဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးပါ။ သူက ကျနော့် လက်ကိုင်ဖုန်းကို တနေ့ ၂ ကြိမ်လောက် ဆက် ဆက်လာတယ်။ ကျနော်က ချင်းမိုင်မှာနေတယ်။ DVB ရုံးက ချင်းမိုင်မှာ ရှိတာကိုး။  ၂၀၀၇ ခုနှစ် ရွှေဝါရောင် မတိုင်မီ ကာလတွေကပေါ့။ ၂၀၀၇ ဩဂုတ်လကုန်ပိုင်း ရက်တရက်မှာ သူက ည ၁ နာရီလောက် ကျနော့် လက်ကိုင်ဖုန်းကို ဖုန်းဆက်လာတယ်။ 

"ဟေ့လူ ခင်ဗျား တခါတည်း အသံဖမ်းထားလိုက် ကျနော့်အိမ်ကို ရဲမှူးကြီး အောင်ခန့် ဝင်မွှေနေတယ်။ ကျုပ်ကိုလည်း ဖမ်းခေါ်သွားတော့မှာ။ "

ကျနော်က ဒီလို လာဖမ်းတဲ့အပေါ် ကိုဂျင်မီက ဘယ်လိုမြင်သလဲ၊" လို့ ပြန်မေးလိုက်တော့ . . သူက

"မတရားဘူးပေါ့ဗျာ။ နေ့လည်က ဦးကြည်မောင် နှစ်ပတ်လည် ဆွမ်းကျွေးက ပြန်လာတော့ ကားခဈေးတက်လို့ ကားမစီးဘဲ ကျနော်တို့ ၈၈ တွေ အုပ်လိုက် လမ်းလျှောက်လာတာလေ။ ဒါကို ထောက်လှမ်းရေးက ပုံကြီးချဲ့ပြီး အခု လာဖမ်းနေတာပဲ။ ကမ္ဘာသိအောင် ခင်ဗျားတို့ DVB က လွှင့်ပေးပါ။ "

အဲဒီနောက် ရဲက ကိုဂျင်မီရဲ့ လက်ကိုင်ဖုန်းကို အတင်းဝင် လုယူသွားခဲ့တဲ့ အသံတွေကို ဆက်ကြားနေခဲ့ကြရပါတယ်။ အသံကိုလည်း ဖမ်းထားပြီး DVB က ထုတ်လွှင့်ခဲ့ပါတယ်။ အခု DVB ရဲ့ ၃၄ နှစ်မြောက်မှာ DVB အတွက် အခမဲ့ သတင်းထောက်ကြီး ကိုဂျင်မီကို သတိရနေမိပါတယ်။ ဒါပေမယ့်သူဟာ သူရဲကောင်း အာဇာနည် ပီသစွာ ကျဆုံးသွားခဲ့ရပါပြီ။  ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်ဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်အမတ်ဟောင်း ဟစ်ဟော့ပ်အဆိုတော် ကိုဇေယျာသော်၊ နိုင်ငံရေးလှုပ်ရှားသူ   ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို စစ်အာဏာရှင်က ကြိုးပေးကွပ်မျက်ခဲ့တာ ၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့ ဒီဗွီဘီ

ဒီဗွီဘီ ရုပ်မြင်သံကြားကို ပိုလို့ လူသိများလာစေခဲ့တာ ရွှေဝါရောင်တော်လှန်ရေးလို့ ဆိုရမှာပါ။ ရွှေဝါရောင် သံဃာ့တော်လှန်ရေးမတိုင်မီရက်ပိုင်း ကျနော်တို့ DVB သတင်းထောက်တွေဟာ ၂၀၀၇ ဩဂုတ် ၂၂ ကစပြီး အလုပ်တွေ များခဲ့တာပါ၊ ၂၀၀၇ စက်တင်ဘာ၊ အောက်တိုဘာလတွေအထိ ရွှေဝါရောင်သတင်းတွေနဲ့သာ လုံးပန်းခဲ့ကြရပါတယ်။ ရက်စွဲတွေ မှတ်မိသ‌လောက် ၂၂ ဩဂုတ် ၂၀၀၇ ဦးကြည်မောင် တနှစ်မြောက်မှာ ကိုဂျင်မီတို့ ၈၈ ကျောင်းသားတွေ လမ်းလျှောက် ဆန္ဒပြတယ်။ ဓာတ်ဆီဈေးကျရေး၊ ကားခတွေ ဈေးမတက်ဖို့။ အဲ့သည်ညက အားလုံး အဖမ်းခံရတယ်။ ၂၃ ရက်မှာ မနီလာသိမ်း၊ ကိုအောင်နိုင်၊ မမီးမီး (ကွယ်လွန်) တို့ ဦးဆောင် ဆန္ဒပြတယ်။ DVB သတင်းထောက် အောင်ကြီး၊ ဗိုလ်သူရိန်တို့နဲ့ တခြား DVB သတင်းထောက်တွေ သတင်းလိုက်ယူကြတယ်။ မမီးမီး(ကွယ်လွန်) နဲ့ DVB သတင်းထောက် အောင်ကြီး (ကွယ်လွန်) တို့ကို အခု ဒီဗွီဘီ ၃၄ နှစ်ပြည့်မှာ သတိရ လွမ်းဆွတ် ဂုဏ်ယူကြောင်း ပြောလိုပါတယ်။ 

DVB အောင်ကြီးဟာ သတင်းတွေ မပြတ်တမ်း ပို့နေတယ်။ သတင်းထောက်တွေ အင်တာနက်ဆိုင်‌တွေကသာ သတင်းပို့လို့ရတဲ့ခေတ်မှာ အောင်ကြီးက ဓာတ်ပုံ၊ ဗွီဒီယိုတွေကို ဘယ်လိုပို့နိုင်တာလဲပေါ့။ အောင်ကြီး ပြောတာက ကျနော်က စစ်ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဆန်းရဲ့ အင်တာနက်ဆိုင်က ပို့တာတဲ့။ ထောက်လှမ်းရေးဆိုင် ဆိုတော့ သူပုန် သတင်းထောက်တွေ မသွားရဲတဲ့နေရာလေ။ တနာရီ ၄၀၀ ကျပ်တဲ့။ (မှတ်ချက်။ ။ အဲ့ဒီအချိန်က ကျပ် ၄၀၀ ဟာ အတော် တန်ဖိုးရှိပါသေးတယ်။) ၄၀၀ ကျပ်မို့ ဈေးကလည်းကြီးတော့ တော်ရုံ သတင်းထောက်တွေ အဲ့သည်ဆိုင်ကို မသွားကြဘူး။ ဒါပေမင့် အောင်ကြီးကတော့ ထောက်လှမ်းရေးကလိုလို၊ ကြံဖွတ်ကလိုလို ဟန်ဆောင်ပန်ဆောင်နဲ့ အဲ့သည် ရိုက်ထားတဲ့ ရုပ်သံဖိုင်တွေ သွားပို့ခဲ့တာ။ အာဂ အောင်ကြီးပါ။ DVB သတင်းထောက် အောင်ကြီး ကောင်းရာသုဂတိလားပါစေ။

သံဃာ့တော်လှန်ရေးကာလ ဒီဗွီဘီ ရုပ်သံကို ပြည်သူပိုအားကိုးလာ

အဲ့သည်ကာလက အခုလို ရုပ်သံတွေကို ဖုန်းထဲက ကြည့်လို့ မရသေးဘူး။ စလောင်းတွေနဲ့ ကြည့်ရတဲ့ခေတ်ပေါ့။ DVB သတင်းကြည့်ချင်ရင်စလောင်းရှိတဲ့ နေရာတွေ သွားကြည့်ကြရတာပေါ့။ ဩဂုတ် ၂၉ ရက် ၂၀၀၇ မှာ စစ်တွေမှာ သံဃာ အပါး ၂၀၀ လမ်းလျှောက်ကြတယ်။ DVB ကလွှင့်တယ်။ စက်တင်ဘာလဆန်း ပခုက္ကူသံဃာ ၅၀၀ ဆန္ဒပြတယ်။ DVB TV က လွှင့်တယ်။ စစ်အစိုးရ ကြေးမုံသတင်းစာမှာ သံဃာ အပါး ၂၀ သာ ဆူပူအုံကြွကြတယ်လို့ ရေးတယ်။ ဒါကို ပခုက္ကူမှာ သံဃာ အပါး ၂၀ ဆန္ဒပြတာကို စစ်အစိုးရသတင်းစာက အတည်ပြုကြောင်း DVB က ပြန်ထုတ်လွှင့်တယ်။ စစ်အစိုးရနဲ့ DVB TV တို့ဟာ မီဒီယာစစ်ပွဲ ဆင်နွှဲနေတာလို့ ကျနော်က ပြောခဲ့တယ်။ စက်တင်ဘာ ၅ ရက် ပခုက္ကူမှာ သံဃာတွေကို ဓာတ်တိုင်မှာ ကြိုးချည်ပြီး စစ်တပ်လက်ပါးစေတွေက ရိုက်တယ်။ အဲ့ဒါကိုလည်း DVB ကလွင့်တော့ သံဃာတွေ ပတ္တနိက္ကုဇနကံဆောင်တော်မူကြ လမ်းလျှောက် မေတ္တာသုတ် ရွတ်ကြတယ်။ စစ်တပ်ကလည်း ပစ်သတ်၊ ဖမ်း၊ ကျောင်းတိုက်တွေ ဝင်သိမ်း၊ သံဃာတွေ ပျံတော်မူ သွေးမြေကျကုန်ပေါ့။ အဲ့ဒါတွေလည်း DVB က အကုန်လွှင့်တယ်။ ကျနော်တို့ DVB TV ဟာလည်း ရွှေဝါရောင် သတင်းတွေ ဝေဝေဆာဆာ ထုတ်လွှင့်ရင်း လူကြိုက် လူကြည့်ပိုများလာခဲ့တာပါ။ “ဟေ့ သူတို့ MRTV မှာ သတင်းလိမ်တွေချည်းမို့ မကြည့်ဘူး။ DVB မှာ သွားကြည့်ကြမယ်။ အမှန်လွှင့်တဲ့ဆီပဲ သွားကြည့်မယ်” ဆိုတဲ့ အသံတွေက ရွှေဝါရောင်တော်လှန်ရေးရဲ့ အကျိုးဆက်ပါ။ ဒါတွေကိုကြားပြီး ဒီဗွီဘီသတင်းထောက်ဘဝကို ကျေနပ်ခဲ့တာပေါ့။

ဒီဗွီဘီရုပ်မြင်သံကြားနဲ့ မြန်မာလူထု
  
DVB ကို ၂၀၀၅ ခုနှစ် မေလ ၂၅ မှာ ရုပ်သံအဖြစ် တိုးချဲ့ ထုတ်လွှင့်ခဲ့တယ်။ ပထမပိုင်း ရုပ်သံကို စနေ တရက်သာ လွှင့်တယ်။ တနင်္ဂနွေမှာ Repeat စနေ က လွှင့်ထားတဲ့ဟာကို ပြန်လွှင့်တယ်။ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းမှာတော့ နေ့စဉ် ရက်ဆက် လွှင့်နိုင်လာပြီ။ အဲ့ဒီကတဆင့် ရန်ကုန်မှာ ပြန်အခြေချနိုင်ခဲ့တယ်။ DVB ဒီဘိတ်တွေဟာ ပြည်သူ့အားကိုးရာ ဖြစ်လာသလို ပညာရေး ကျန်းမာရေး စီးပွားရေး ဥပဒေရေးရာ အမျိုးသမီးရေးရာ ခေတ်ပြိုင်ကောက်ကြောင်း ရုပ်သံမှတ်တမ်း ပေးစာပြန်စာ စသဖြင့် ကဏ္ဍပေါင်းများစွာ လူထုကြိုက် ထုတ်လွှင့်လာနိုင်ခဲ့တယ်။ ပြည်သူလူထုက ဒီဗွီဘီကို စောင့်ကြည်တဲ့အထိ ဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ပြန်လွတ်ချိန် (၂၀၁၀ ခုနှစ်လောက် ထင်ပါတယ်) ပြည်သူလူထုနဲ့ တွေ့ဆုံပွဲမှာ လူတွေက များလွန်းတော့ ဒေါ်စုပြောတာကို နောက်ပိုင်းလူတွေက မကြားရဘူး။ အဲ့သည်လို မကြားရသူတွေက ချက်ချင်း အိမ်ပြန်ကြမယ်။ အိမ်မှာ DVB တီဗွီမှာ ပြန်ကြည့်ကြမယ်ဟေ့။ အခုလောက်ဆို DVB က ဒေါ်စု ပြောတာတွေ live လွှင့်နေပြီ ဆိုပြီး ပြန်သွားကြဖူးတယ်။ နောက်ပိုင်းမှာ Live ထုတ်လွှင့်တဲ့ အစီစဉ်တွေ ဆက်တိုက် ဖြစ်ပေါ်လာပြီပေါ့။ ပြည်သူက DVB ကို အားကိုးတယ်။ အားထားတယ်ဆိုတာ ပေါ်လာတာပါ။

မိုဘိုင်းနဲ့ အွန်လိုင်းခေတ်မှာ ဒီဗွီဘီကို စစ်တပ်က ဖြိုခွင်းမရပါ

စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းတော့ DVB သတင်းဌာနကို တခြား သတင်းဌာနတွေလိုပဲ ပိတ်ပစ်လိုက်တယ်။ သတင်းထောက်တွေကို ဖမ်းတယ်။ "မြိတ်မြို့" သတင်းထောက် ကိုအောင်ကျော်၊ "ပြည်မြို့" သတင်းထောက် ကိုမင်းညို၊ မုံရွာသတင်းထောက် ကိုရန်နိုင်စိုးနဲ့ ဝက်လက်သတင်းထောက် ကိုအောင်စံလင်းတို့ကို ဖမ်းပြီး ထောင်ချတယ်။   ဒီဗွီဘီ ပဲခူးတိုင်းအရှေ့ခြမ်းသတင်းထောက် ကိုနေလင်းထိုက်ဟာ အင်းစိန်ထောင်မှာ သေဆုံးခဲ့သလို DVB ကျိုက်ထို သတင်းထောက် ကိုဝင်းထွဋ်ဦးကိုလည်း စစ်တပ်က သတ်ဖြတ်ခဲ့ပါတယ်။ ကျန်ဒီဗွီဘီသတင်းထောက်တွေ ဝိုင်းတော်သားတွေဟာလည်း ပြည်ပကို ထွက်ခွာသွားခဲ့ကြရပါတယ်။  "သတင်းစာသည် ပြည်ကြီးနားမျက်စေ့ဖြစ်သည်" ဆိုတဲ့စကား မှန်ပါတယ်။ စစ်အာဏာရှင်ဟာ သတင်းဌာနတွေ မရပ်တည်နိုင်အောင် ဖြိုခွင်းခဲ့ပါတယ်။ အလားတူ DVB ရုပ်သံဌာနကိုလည်း ဖြိုခွင်းခဲ့တာပေါ့။ ဒါပေမယ့် မိုဘိုင်း ဖုန်းတလုံးနဲ့ အွန်လိုင်း အင်တာနက်ရှိရင် ထုတ်လွှင့်နိုင်တဲ့ခေတ် ဆိုတာကိုတော့ မေ့နေကြပုံပါပဲ။ မိုဘိုင်းနဲ့ အွန်လိုင်းခေတ်မှာ DVB ကို စစ်တပ်က ဖြိုခွင်းမရတော့ပါ။

 

DVB သတင်းဌာန ၃၄ နှစ်မြောက်

၁၉၉၂ ခုနှစ် ဇူလိုင် ၁၉ ရက်က စတင်ခဲ့တဲ့ DVB ရေဒီယို TV Multimedia သတင်းဌာနကြီးဟာ ၃၄ နှစ်ပြည့်မြောက်ခဲ့ပြီ။ ကျနော့်ရဲ့ သတင်းထောက်သက်တမ်းလည်း ၃၄ နှစ်မြောက်ခဲ့ပါပြီ။ 
. . . လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ . . . ရအောင်တိုက်မယ် ဒီဗွီဘီ 
. . .  မဝေးတော့တဲ့ အနာဂတ်တခေတ်ဆီ . . .  လွတ်လပ်တဲ့ ခေတ်တခေတ်ကို မျှော်ရည် 
. . . အမှောင်လွမ်းတဲ့ ခေတ်မှသည် . . .  ချီတက်လို့ ရှေ့သို့ရည်
. . .  ဒီမိုကရက်တစ် မြန်မာ့အသံ . . .  ပြည်သူများအတွက် လွင့်ပျံလာခဲ့ပြီ . . .  

ဆိုတဲ့ ဒီဗွီဘီ ရေဒီယို လွှင့်စက သီချင်းစာသားလိုပဲ စစ်အာဏာသိမ်းပြီး ဖြိုဖျက်ခဲ့ပေမယ့် ပြည်သူ့အတွက် ဦးတည်ချက်ကို မယိမ်းယိုင်ခဲ့တဲ့ DVB ရဲ့ သတင်းတွေကတော့ ပြည်သူများအတွက် လွင့်ပျံလာနေဆဲ မဟုတ်ပါလား။ 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar