SCEF နဲ့ Arakan Army တို့ ဆွေးနွေးမှုက ဘာအကျိုးသက်ရောက်မှုတွေ ပေါ်ထွက်လာမလဲ
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၆ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၆
SCEF နဲ့ Arakan Army တို့ ဆွေးနွေးမှုက ဘာအကျိုးသက်ရောက်မှုတွေ ပေါ်ထွက်လာမလဲ
မကြာသေးခင် လပိုင်းတွေက ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ SCEF နဲ့ အာရက္ခတပ်တော် AA ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ ပြီးခဲ့တဲ့ ရက်အနည်းငယ်က အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ် ဆိုတဲ့ သတင်းတွေ ခုရက်ပိုင်းမှာ ဖော်ပြထားကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနက် အင်အားအကြီးဆုံးအဖွဲ့တဖွဲ့ဖြစ်လာတဲ့ AA အဖွဲ့ကို ဦးဆောင်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံမှုဟာ ထူးခြားတဲ့ ဖြစ်ရပ်တခုအဖြစ် အများက ရှုမြင်နေကြတာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလမှာ စတင်တည်ထောင်ပြီး ဆယ်စုနှစ်တခုကျော်ကာလအတွင်း နယ်မြေသိမ်းစစ်ဆင်ရေးတွေ၊ တပ်အင်အားကို သောင်းဂဏန်းနဲ့ချီ ရှိတဲ့အထိ တိုးချဲ့ဖွဲ့စည်းနိုင်ကာ ရခိုင်ပြည်နယ်က စစ်တိုင်းဌာနချုပ်၊ စကခ ဌာနချုပ်၊ ရေတပ်စခန်းဌာနချုပ်တွေကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကာ ရခိုင်ပြည်နယ်ကို ကျော်လွန်ပြီး နယ်နိမိတ်ထိစပ်နေတဲ့ ဧရာဝတီ၊ ပဲခူး၊ မကွေးတိုင်းတို့က စစ်ကောင်စီရဲ့ ဗျူဟာစခန်း၊ တပ်စခန်းတွေ နယ်မြေတွေအထိ နှစ်နဲ့ချီ ထိုးစစ်ဆင် ရင်ဆိုင်တိုက်ခိုက်နိုင်တဲ့အထိ အင်အားရှိလာတဲ့ AA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဟာ မဟာမိတ်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA, MNDAA, KIA နဲ့ UWSA တို့လို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ် ဖွဲ့ထားပြီး အချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့သာ ရင်းနှီးတဲ့ဆက်ဆံရေး ထားရှိတာ တွေ့ရပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ ဖွဲ့စည်းပေါ်ထွက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆွေးနွေးတာ ပူးပေါင်းဆောင်ရွက်တာ နည်းပါးတာတွေ့ ရတာလည်း ဖြစ်ပါတယ်။
NUG အစိုးရ ရဲ့ အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတာကြောင့် အခြားသော တရုတ်နယ်စပ်မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေလို တရုတ်နိုင်ငံရဲ့ ငြိုငြင်မှုခံရမှာကို ရှောင်လွှဲဖို့ ခပ်ဝေးဝေး နေတာလား သို့မဟုတ် ရိုဟင်ဂျာ အရေးလို ကိစ္စရပ်တွေမှာ NUG ရဲ့ ထုတ်ပြန်ချက်တွေနဲ့ ရပ်တည်ချက် သဘောထားတွေကို AA အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေက သတိပေးပြောဆိုမှုတွေ ရှိခဲ့တာ အစရှိတဲ့ အကြောင်းအချက်တွေကြောင့်လား ဆိုတာ တိတိပပ မသိနိုင်ပါဘူး။ အခု SCEF အဖွဲ့နဲ့ တွေ့ဆုံခြင်းဟာ NUG နဲ့ တွေ့ဆုံတယ်လို့ မပြောနိုင်ပေမဲ့ SCEF မှာ အဓိက ဦးဆောင်နေတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ရဲ့ ခေါင်းဆောင်တွေနဲ့ NUG တို့ဖြစ်တာကြောင့် NUG နဲ့ ဆွေးနွေးမှုလို့ တိုက်ရိုက်မဆိုနိုင်တဲ့တိုင် NUG ပါဝင်ဦးဆောင်တဲ့ နိုင်ငံရေး၊ စစ်ရေးအရ ဦးဆောင်အဖွဲ့အစည်း တခုနဲ့ တွေ့ဆုံဆွေးနွေးမှုလို့ ဆိုနိုင်ပါလိမ့်မယ်။
SCEF နဲ့ AA တို့ ယခုရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးမှုမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ရေဘေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး၊ လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ ရှေ့လုပ်ငန်းစဥ် လိုအပ်ချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ SCEF က သတင်းမီဒီယာတခုကို ထုတ်ဖော်ပြောဆိုထားပါတယ်။
SCEF ဖွဲ့စည်းခဲ့ချိန်မှာ ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ကတော့ KIO, KNU, CNF, KNPP တို့ဖြစ်ကြပြီး လက်နက်ကိုင်အဖွဲ့ မဟုတ်တဲ့ နိုင်ငံရေးအင်အားစုတွေအနက်မှာတော့ CRPH လို့ ခေါ်ဆိုတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ပါဝင်တာ ဖြစ်ပါတယ်။
SCEF ကို ဖွဲ့စည်းပြီးနောက် ကော်မတီထဲကို ဝင်ရောက်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြည်နယ်၊ ဖက်ဒရယ်ယူနစ်တွေကိုလည်း စည်းရုံးသွားဖို့ ရှိတယ်လို့ ပြောဆိုထားသလို အခု AA လက်နက်ကိုင်အဖွဲ့နဲ့ တွေ့ဆုံမှုမှာ ကော်မတီဝင်ဖြစ်ဖို့ စည်းရုံးပြောဆိုမှုတွေ ရှိနိုင်လားလို့ လည်း မှန်းဆမှုတွေ ရှိနေပါတယ်။ သို့ပေမဲ့ အဲဒီအကြောင်းအရာတွေ ဆွေးနွေးတာရှိတယ် ဆိုတဲ့ ပြောဆိုချက်တွေ ခုချိန်ထိ မကြားကြရပါဘူး။
AA လက်နက်ကိုင် အဖွဲ့ဟာ စစ်သည် အင်အား ၄ သောင်းလောက်အထိ ရှိလာပြီး အရှေ့အာရှမှာ အစိုးရတပ် မဟုတ်တဲ့ လက်နက်ကိုင် အင်အားစုတွေအနက် အကြီးဆုံး လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်နေတဲ့အကြောင်း မကြာသေးတဲ့ ရက်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ အမေရိကန်အခြေစိုက် James Foundation ဆိုတဲ့ သုတေသန အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အနက် AA လက်နက်ကိုင် အဖွဲ့ဟာ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ပြီးနောက် အင်အားအကြီးဆုံးအဖွဲ့ အဖြစ် နှစ်အနည်းငယ် အတွင်းမှာ ရောက်ရှိလာခဲ့တာပါ။ AA ဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်းထဲမှာ ရှမ်းမြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့သာ မဟာမိတ် အဖြစ်နဲ့ ပူးတွဲလှုပ်ရှားတာ တွေ့ရမှာ ဖြစ်ပါတယ်။
AA အနေနဲ့ အခြားသော တောင်ပိုင်းဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မဟာမိတ် အဖွဲ့တွေထဲ အခုချိန်ထိ ပါဝင်တာမျိုး မတွေ့ရသေးပါဘူး။ KNU နဲ့ ဆက်ဆံရေး ရှိတဲ့ အနေအထားတွေ တွေ့ရပေမဲ့လည်း KNU, KIA, KNPP နဲ့ CNF တို့ ပါဝင်တဲ့ SCEF ထဲမှာ ပါဝင်မဲ့ အလားအလာ နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။
AA အနေနဲ့ ၄င်းတို့နဲ့ နယ်မြေထိစပ်တဲ့ဒေသ ဖြစ်တဲ့ ချင်း၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့မှာ ရှိနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာဗျူဟာအရ မိတ်ဖက်အဖွဲ့ အနေနဲ့ ဆက်ဆံရေးတည်ဆောက်တာ သို့မဟုတ် အချို့သော PDF အဖွဲ့ငယ်တွေကို ပူးပေါင်းစစ်ဆင်ရေးတွေမှာ လက်နက်ခဲယမ်း ထောက်ပံ့ပေးတာမျိုးနဲ့ လက်တွဲပြီး တိုက်ခိုက်ကြတာတွေ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်း စစ်မျက်နှာတွေမှာ တွေ့မြင်နေကြရတာလည်း ဖြစ်ပါတယ်။
ဒီအနေအထားတွေကတော့ AA ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး မဟာဗျူဟာ အခင်းအကျင်းတွေလို့ ဆိုနိုင်ပါတယ်။ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြန်မာနိုင်ငံ အရှေ့ခြမ်း ဝ ပြည်က UWSA လို ကွန်ဖက်ဒရေးရှင်း အဆင့်လောက်တော့ လိုချင်တယ်လို့ အင်တာဗျူးတခုမှာ ပြောဖူးထားတာရှိပြီး ဝ ပြည်အနေနဲ့ တရုတ်နိုင်ငံရဲ့ သြဇာကို အတိုင်းအတာတချို့ထိ လိုက်လျောရပေမဲ့ နေပြည်တော်အစိုးရတွေရဲ့ ဘတ်ဂျက်၊ အုပ်ချုပ်စီမံခန့်ခွဲမှု၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ရွေးကောက်ပွဲတို့လို ဘယ်အကြောင်းအရာမှာမှ လက်ခံဆောင်ရွက်စရာ မလိုတဲ့ ကွန်ဖက်ဒရိတ် အဆင့်မျိုးကို AA အနေနဲ့ မျှော်လင့်ထားတာ ဖြစ်လို့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီနဲ့ ရည်မှန်းချက်ပန်းတိုင်မှာ အနည်းငယ် ကွာဟနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အခုလို AA နဲ့ SCEF ကော်မတီတို့မှာ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်ဘက်မှာ ထပ်တူထပ်မျှ မကျနေတဲ့ အနေအထားကြောင့် ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နွေဦးတော်လှန်ရေး PDF တပ်ဖွဲ့တွေနဲ့ စစ်ရေးအရသာ ပူးပေါင်းလှုပ်ရှားတာတွေ ရှိနိုင်တဲ့ အခြေအနေလို့ ခန့်မှန်းကြည့်နိုင်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar