Breaking News

မင်းအောင်လှိုင် စစ်တပ်နဲ့ အုပ်ချုပ်ရေးကို ဝေဖန်စပြုလာတဲ့ ကြံ့ခိုင်ရေး ကြီးစိုးတဲ့ လွှတ်တော်

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၅ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၆


မင်းအောင်လှိုင် စစ်တပ်နဲ့ အုပ်ချုပ်ရေးကို ဝေဖန်စပြုလာတဲ့ ကြံ့ခိုင်ရေး ကြီးစိုးတဲ့ လွှတ်တော် 

စစ်တပ် ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးပါတီက ရာခိုင်နှုန်းအများစုနဲ့ လွှမ်းမိုးထားတဲ့ အတုအယောင် ရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ လွှတ်တော်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အုပ်ချုပ်ရေး အားနည်းချက်တွေကို လွှတ်တော်မှာ မေးခွန်းမေးမြန်းစ ပြုလာနေတာ သတင်းတွေထဲ တွေ့လာကြရပါတယ်။ 

အတုအယောင် ရွေးကောက်ပွဲ၊ လွတ်လပ်မှုမရှိတဲ့ ရွေးကောက်ပွဲ၊ ကြံ့ခိုင်ရေး နဲ့ တစည အပြင် အခြားသော နိုင်ငံရေးပါတီတွေ လှုပ်ရှားခြင်း မပြုနိုင်အောင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေကို စိတ်တိုင်းကျ ပြုပြင်ခဲ့ပြီးနောက်မှာ နိုင်ငံရဲ့ ဧရိယာ ထက်ဝက်ခန့်မှာသာ မဲပေးနိုင်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံအတော်များများက အသိအမှတ်မပြုသည့်တိုင် ၂၀၂၆ ခုနှစ် မတ်လမှာ လွှတ်တော် စတင်ခေါ်ယူခဲ့ပြီး ဧပြီလဆန်းမှာ ထိုအချိန်က တပ်ချုပ်ရာထူးရယူထားဆဲ မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်ပေးခဲ့ကာ မင်းအောင်လှိုင် စိတ်တိုင်းကျ အစိုးရအဖွဲ့ဖွဲ့စည်းပြီး နိုင်ငံကို စီမံခန့်ခွဲခဲ့ပါတယ်။ 

၂၀၂၆ ခုနှစ် မင်းအောင်လှိုင် အစိုးရကို ၂၀၁၁ ခုနှစ်မှာ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲနဲ့ အာဏာရလာတဲ့ ဦးသိန်းစိန် အစိုးရနဲ့ အချို့က အာဏာရယူပုံ တူညီလို့ မျှော်လင့်ကြတာ ရှိပေမဲ့ လက်တွေ့အနေအထားမှာတော့ အပြတ်အသတ်ကွာခြားတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ် မှာ အာဏာရလာတဲ့ ဦးသိန်းစိန် အစိုးရအနေနဲ့ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်က အာဏာရဲ့ အဓိကကျတဲ့ ဒေါက်တိုင်တွေ ဖြစ်သည့်တိုင် မတူကွဲပြားမှုကို အတိုင်းအတာတခုထိ သည်းခံနိုင်တဲ့ အစိုးရအနေအထားကို ပြသလိုတာ၊ အတိုက်အခံ ဖြစ်တဲ့ NLD ခေါင်းဆောင်ကို ရွေးကောက်ပွဲ ကျင်းပြီးရက်ပိုင်းအတွင်း ပြန်လွှတ်ပေးတာတွေကို ကြည့်ရင် သိရှိနိုင်ပါတယ်။ အဲဒီခေတ်အနေအထားက စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးအစိုးရ အနေနဲ့ အခြေအနေ အသာစီးရနေတဲ့ နိုင်ငံကို စစ်ရေးနဲ့ နိုင်ငံရေးအရ ထိန်းချုပ်ထားနိုင်တာကြောင့် နိုင်ငံတကာ အသိအမှတ်ပြုမှု၊ အတိုက်အခံ NLD ပါတီကို အတိုင်းအတာတခုထိ လှုပ်ရှားခွင့်ပြုဖို့ မဟာဗျူဟာ ချမှတ်ထားတဲ့သဘော ဖြစ်ပြီး အခု ၂၀၂၆ ခုနှစ် မင်းအောင်လှိုင် အစိုးရ ဖြစ်လာချိန်မှာ နယ်မြေအားဖြင့် ထိန်းချုပ်ထားနိုင်မှုက အကန့်အသတ်ရှိနေသလို လူထုရဲ့ ဆန့်ကျင်မှုက အဆများစွာပြင်းထန်တဲ့ အနေအထားဖြစ်ပါတယ်။ 

၂၀၂၆ ခုနှစ် မှာပေါ်ထွက်လာတဲ့ လွှတ်တော်ဟာ ၂၀၁၁ ခုနှစ် လွှတ်တော်နဲ့ နှိုင်းယှဥ်ရင် ပိုပြီးထိန်းချုပ်မှု ခံထားရတဲ့ လွှတ်တော်လို့ သတ်မှတ်နိုင်ပါတယ်။ စစ်တပ်အနေနဲ့ ကြံ့ခိုင်ရေးပါတီကို ပင်မထားပြီး ရာခိုင်နှုန်းအများစု ရအောင် ရွေးကောက်ပွဲမှာ ဖန်တီးခဲ့တာဖြစ်ပြီး ရာခိုင်နှုန်းအနည်းငယ်ကိုတော့ ၁၉၈၈ အရေးတော်ပုံပြီးနောက် မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ လူဟောင်းတွေ နာမည် အသစ်နဲ့ထူထောင်ခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီကို နေရာပေးခဲ့ပါတယ်။ စစ်တပ်က အငြိမ်းစားယူပြီး ရွေးကောက်ပွဲ ဝင်ပြိုင်မဲ့သူအချို့ကို တစည ပါတီဆီ လွှဲပေးခဲ့ပြီး ၂၀၂၅/၂၆ ရွေးကောက်ပွဲမှာ တစညပါတီ အလံနဲ့ ယှဥ်ပြိုင်တဲ့ ကိုယ်စားအချို့ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေအားလုံးဟာ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့က ထိန်းချုပ်ထားနိုင်တဲ့ အနေအထားလို့ မှတ်ယူထားပြီး ၂၀၂၆ လွှတ်တော်ကို အနည်းငယ် ကြည့်ကောင်းအောင် ခင်းကျင်းကြတာလို့ ကောက်ချက်ချနိုင်ပါတယ်။ 

နှစ်ပေါင်း ၆၀/ ၇၀ ကျော်ကာလအတွင်း နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု အပျက်ယွင်းဆုံးကာလ၊ စီးပွားရေးအရ အခက်ခဲဆုံးနဲ့ ကမောက်ကမ အဖြစ်ဆုံး နယ်မြေထိန်းချုပ်နိုင်မှု အနိမ့်ဆုံးကာလမှာ ကျင်းပတဲ့ လွှတ်တော်မှာ အချို့သော တစည နဲ့ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေ အနေနဲ့ စစ်တပ်က စစ်သားစုဆောင်းဖို့ အတင်းအဓမ္မ ဖမ်းဆီးမှုလိုမျိုး၊ မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ ကြေညာခဲ့တဲ့ စုံ/မ စနစ်နဲ့ မော်တော်ယာဥ် အသုံးပြုတာ၊ လောင်စာဆီ ရောင်းချတာမျိုးကို မေးခွန်းထုတ်တာ၊ စစ်တပ်က သီပေါတံတားကို ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားတဲ့ ကိစ္စတွေကို လွှတ်တော်မှာ မေးမြန်းလာခဲ့ကြတာ တွေ့ရပါတယ်။ 

မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအပေါ်မှာ အခုလို မေးခွန်းမျိုးတွေ လွှတ်တော်က မေးမြန်းလာတာကို မင်းအောင်လှိုင် အစိုးရအနေနဲ့ နှစ်သက်မှာ မဟုတ်တာ သေချာပါတယ်။ ၂၀၂၆ ခုနှစ် လွှတ်တော်ဟာ ကြံ့ခိုင်ရေး၊ တစည နဲ့ အချို့သော ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေအောက်မှာ မှတ်ပုံပြန်တင်ပြီး ဝင်ရောက်ယှဥ်ပြိုင် အနိုင်ရခဲ့တဲ့ အချို့သော တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ ပါဝင်ပြီး စစ်တပ် ဦးဆောင်တဲ့ အစိုးရကို အားလုံးထောက်ခံဆွေးနွေးကြမဲ့ လွှတ်တော်လို့ မျှော်လင့်ကောင်း မျှော်လင့်ခဲ့ပါလိမ့်မယ်။ 

သို့ပေမဲ့ အချို့သော တိုင်းရင်းသားပါတီနဲ့ တစည ကိုယ်စားလှယ်တွေ အနေနဲ့ လူထုတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ စစ်မှုထမ်း အဓမ္မစုဆောင်းမှုလို စုံ/မ ကိစ္စကို ၅ လကျော်ကြာသည့်တိုင် ပြန်လည် သုံးသပ်ပြင်ဆင်တာမျိုး မရှိတဲ့အပေါ် မေးခွန်းမေးဖို့ စေ့ဆော်မှုတွေ ပေါ်ထွက်လာတဲ့ အနေအထားလို့ သုံးသပ်ရပါတယ်။ 

လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ စစ်အာဏာသိမ်းပြီး စိတ်တိုင်းကျ ပြင်ဆင်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေအောက်မှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမဲ့ လွှတ်တော်ထဲရောက်တဲ့အခါမှာ ကိုယ့်မဲဆန္ဒနယ်မြေရဲ့ ပြဿနာတွေ၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မေးမြန်းသင့်တယ်ဆိုတဲ့ စဥ်းစားမှုတွေ ရှိလာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ 

၂၀၁၁ ခုနှစ်မှာ ခေါ်ယူခဲ့တဲ့ ဦးသိန်းစိန် လက်ထက် လွှတ်တော်ခေတ်က အချို့သော ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ နဲ့ ဦးခင်မောင်ဆွေ ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်တဲ့ NDF ပါတီကိုယ်စားလှယ်တွေက အဲဒီကာလတုန်းက လွှတ်တော်မှာ ကြံ့ခိုင်ရေး အစိုးရကို check and balance လုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကြံ့ခိုင်ရေး အစိုးရရဲ့ ဘတ်ဂျက်တွေကို ကန့်သတ်တာမျိုးတွေ လုပ်ခဲ့ကြတာ တွေ့ရပါတယ်။ လွှတ်တော်ဘတ်ဂျက်ကော်မတီက ဒုသမ္မတ တင်အောင်မြင့်ဦးရဲ့ စီမံကိန်း အချို့ကို အသုံးစရိတ် ကန့်သတ်တာတွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အခု လွှတ်တော်က ဦးသိန်းစိန်ခေတ် လွှတ်တော်လောက် လွတ်လပ်မှု မရှိတာ သေချာပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ စိတ်ကူးမရှိတဲ့ မင်းအောင်လှိုင် အစိုးရ အနေနဲ့ ဦးသိန်းစိန်ခေတ်လို လိုက်လျောမှုတွေ လုပ်ဖို့ အလားအလာ နည်းပါးလှပါတယ်။ 

သို့ပေမဲ့ စိတ်ကြိုက် စီစဥ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲက ရွေးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို စိတ်ကြိုက်စီမံခန့်ခွဲ ကြိုးကိုင်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရမဲ့ အနေအထားတခု ဖြစ်နေတာပါ။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar