ဖလော်ဒါဟန် - ၁၉ ဇူလိုင်မှသည် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများ တိမ်မြုပ်ပျောက်ကွယ်လာခြင်း
ဖလော်ဒါဟန် - ၁၉ ဇူလိုင်မှသည် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများ တိမ်မြုပ်ပျောက်ကွယ်လာခြင်း
မိုးမခ ၊ ဇူလိုင် ၁၁ ၊ ၂၀၂၆
အခုရက်ပိုင်းမှာ ကျွန်မ ဖုန်းကြည့် စာဖတ်ရင် တစုံတရာကို တွေ့တိုင်း အပေါ် အောက် ပြန်ပြန်ဆွဲကြည့်မိတယ်။ ရင်ထဲမှာ ခါးသက်သက်အရသာ ရှိနေသလို အဆင့်အတန်း ဆိုသည့် ခေါင်းစဉ်အောက်မှ သွေဖည်ချင်လာတယ်။
ကျွန်မအတွက် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (ဗဟန်း) သည် အလွန်အင်မတန်မှ မြတ်နိုးတန်ဖိုးထားရသည့် နေအိမ်ကြီးဖြစ်သလို ဤအိမ်ကြီးမှ ဗိုလ်ချုပ်တို့မိသားစု အငွေ့အသက်တွေပါ ခံစားခွင့်ရခဲ့သူပါ။ နှစ်ရှည်လများ ထိုအိမ်မှာ အစောင့်အဖြစ်သော်လည်းကောင်း၊ သန့်ရှင်းရေးဖြင့်သော်လည်းကောင်း ဆွေမျိုးတစ်ဆက် နေထိုင်နေကြသူများတော့ အဘယ်သို့ရှိမည် မသိပါ။ ကျွန်မ နေထိုင်ခဲ့စဉ်၊ တာဝန်ထမ်းဆောင်စဉ် ကာလများမှာတော့ ဘဝရဲ့ ဂုဏ်ယူစရာနေ့ရက်များလို့ ဆိုရလေမလား။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူရုပ်တု တစ်ခု စတိုခန်းရဲ့ တစ်နေရာမှာ လဲလျောင်းနေတာမျိုးကိုလည်း တွေ့ခဲ့ဖူးပါတယ်။
လွတ်လပ်ပြီး အသက်ရှင်ခွင့်ရချိန်တိုင်း ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကြီးက အသက်ဝင်လှုပ်ရှားစေခဲ့တာတော့ အမှန်ပါ။ ကျွန်မ တာဝန်ထမ်းစဉ် ကာလတလျှောက်မှာ အာဇာနည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကြီးကို အများပြည်သူများ ဂုဏ်ပြုနိုင်ရန် ဖွင့်လှစ်ခဲ့သည့် ကာလများလည်း ရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် တင်းကျပ်သည့် စည်းကမ်းဖြင့် အိမ်မကြီးအတွင်း ဓာတ်ပုံရိုက်ခွင့် ပိတ်ထားတာမျိုးလည်း ရှိပါသည်။ လွတ်လပ်သည့် နှစ်များမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သည် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်လေ့လာ ဂုဏ်ပြုသည်များနှင့် စည်ကားခဲ့ရသည်။ နိုင်ငံခြားသား ဧည့်သည်များဆိုတာကလည်း အရွယ်စုံအလိုက် နိုင်ငံပေါင်းစုံမှ လာရောက်ကြတာပါ။
စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေသည့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ ကိုလံဘီယာ ပြတိုက်ပညာရှင်များပင် လာရောက်လေ့လာခဲ့ကြသည်။ ကိုလံဘီယာရှိ သူရဲကောင်း ဆိုင်မွန်၏ အိမ်ကဲ့သို့ပင် ယှဉ်တုနိုင်ဖွယ် ထင်ရှားခဲ့သည့် အိမ်ကြီး ဖြစ်ခဲ့ရသည်။ ပညာရပ်ဆိုင်ရာ သင်ကြားမှု သင်ခန်းစာအဖြစ် ကမ္ဘာသို့ ချပြခဲ့ရသည်အထိ ဤအိမ်ကြီးရဲ့ မိသားစုများ နေထိုင်မှုသည် အားကျအတုယူဖွယ် ဖြစ်ခဲ့ရပါသည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် ဗိုလ်ချုပ်၏ ရုပ်တုများကိုလည်း တွေ့မြင်နိုင်သည်။
လုပ်ယူဖန်တီးလို့မရသည့် အကြောင်းအရာများထဲမှာ ဗိုလ်ချုပ်အောင်ဆန်း မိသားစု၏ သမိုင်းဝင်ပုံရိပ်များသည် ဤအိမ်ကြီးကို လေ့လာခြင်းဖြင့် သိနိုင်ပါသည်။ စည်းကမ်းရှိသူ၊ ဂုဏ်သိက္ခာကြီးမားသူ၊ ပညာဉာဏ်ရည်ပြည့်ဝသူတို့၏ ကိုယ်ကျင့်တရားများ ပြည့်ဝမှုသည် ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်ကြီးမှ ရနိုင်သည့် ဘဝပုံရိပ်များပင် ဖြစ်သည်။ ပြည်သူအပေါ်မှာ ယုတ်ညံ့စိတ်မရှိခြင်းဖြင့် ကမ္ဘာကို လွှမ်းမိုးနိုင်သည့် မိသားစုလို့ ဆိုနိုင်ပါသည်။
ရုပ်တုအကြောင်း ဆက်ရမည်ဆိုလျှင် ခေါင်းဆောင်ပီသသူများသည် မိမိကိုယ်ထက် ပြည်သူကိုသာ ရုပ်တု ထုခဲ့ကြသူများ ဖြစ်သည်။ လူတစ်ယောက်၏ တန်ဖိုးသည် ရုပ်တုနှင့်လည်း အဆုံးသတ်၍ မရပါ။ ဗိုလ်ချုပ်ကြေးရုပ်၊ ဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်ဈေး စသည့် အထိန်းအမှတ် အမည်နာမများသည် ပြည်သူအတွက်၊ ပြည်သူက မိမိကြည်ညိုသူများအတွက် ဂုဏ်ပြုမှတ်တမ်းတင်ထားသည့် အမှတ်အသားများ ဖြစ်ကြသည်။
အပြန်အလှန် သဘောသဘာဝဖြင့် ပြည်သူနဲ့ အစိုးရ ဆိုသည်ကို ယုံကြည်အားကိုးမှု အပြည့်ဖြင့် နိုင်ငံတည်ဆောက်ခြင်း ဖြစ်သည်။ ပြည်သူများ ရင်ထဲမှ လေးစား ကြည်ညို ဂုဏ်ပြုခြင်းများသည် အသွေးအသားမှလာသည့် ရုပ်တုများသာ ဖြစ်ကြသည်။ ဤသည်ကို ဖယ်ကြဉ်လို့လည်း မရသလို မြေမြှုပ်လို့လည်း မရပါ။ ချစ်ခြင်းမေတ္တာတရားသည် အသက်ရှည်သလို အမုန်းတရားသည် ဘေးဒုက္ခအမျိုးစုံအောက်မှာ သိက္ခာမဲ့နေတတ်သည်။
မြန်မာပြည်ကြီး ယနေ့အဖြစ်အပျက်များကို တွန်းလှန်ရာမှာ အာဇာနည်ရုပ်တုများမှ ပြောသည့်စကားများသည် အများပြည်သူများအတွက်သာမက လူငယ်များအတွက်ပါ အတုယူဖွယ် စံထားအပ်သည့် ရုပ်တုများဖြစ်ဖို့ လိုပါသည်။ ဖျက်ဆီးတိုင်း မပျက်တာက ပြည်သူများမှ ထုထားသည့် မမေ့နိုင်သည့် အာဇာနည်များ ရုပ်တုပါ။
ပြည်သူများအတွက် ဝမ်းနည်းစရာသည် အပယ်ခံရုပ်တုများ မဟုတ်ကြသလို အစိုးရအတု၊ သမ္မတအတုလည်း မဟုတ်ပါ။ ကျွန်မတို့ လျှောက်နေသည့် ပန်းတိုင်သည် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကြီးမှ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကာလ ကြိုးပမ်းမှု ဘဝပုံရိပ်နေ့ရက်များသာ ဖြစ်ပါသည်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar