Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၀)

  

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၀)

မိုးမခ ၊ ဇူလိုင် ၂၆ ၊ ၂၀၂၆

ဘယ်ခွေးအူသံမှ သုတိသာယာဖြစ်တာ မရှိဘူး။ ဆူတာနဲ့ ကြောက်စရာကောင်းတာပဲ ရှိတယ်။ အဲဒီထဲမှာ စပ်ခွေးအူသံတွေက အဆိုးဆုံး။ ရွံစရာပါ ကောင်းတာမျိုး။ မြန်မာပြည်မှာ စစ်ခွေး၊ ရဲခွေး၊ ပျူခွေးတွေအပြင် ကြံ့နဲ့ ဖွတ်စပ်ထားတဲ့ သုံးမျိုးစပ်ခွေးပါ ရှိတယ်။ အဲဒီကောင်တွေ အူသံက လူမခံနိုင်လောက်အောင် ရွံစရာကောင်းတာ။ အူရင်လည်း သွားရည်(သရေ) တမြားမြားနဲ့လေ။

သူတို့ သုံးမျိုးစပ်ဖွတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် ပယ်ဖျက်ရေး ဖွတ်အရေးလုပ်ကြတယ်။ အဲဒီ ၅ ချက် လုပ်တုန်းက သူတို့ခွေးအသံ မပါဘူး၊ မအလ ငလမ အူသံ မပါဘူး၊ လက်မခံဘူးဆိုပြီး ငလမ မအလဆီက အမဲရိုးမျှော်ရင်း အတည်ပေါက်ကြီး အူကြ ဟောင်ကြတာ။ အဲဒါကို မအလ ငလမတို့အဖွဲ့က သူတို့ဟာ ဖွတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ပေးရမယ့် တာဝန်ရှိတယ် ဘာညာနဲ့ သံယောင်လိုက်ပြီး အာဆီယံ အိမ်ဦးခန်း သေးတက်ပန်းတာပေါ့။ အဲသမှာ အာဆီယံက နှုတ်သီးကို ဘယ်ညာဖြတ်၊ ဖိနပ်နဲ့ ပိတ်ကန်၊ အမြီးပါ လှန်ချိုးလိုက်တော့မှ မြန်မာနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို ပယ်ဖျက်ပေးဖို့ သုံးမျိုးစပ် သုနခဖွတ်တော်ရဲ့ တောင်းဆိုချက်ဟာ ပျက်ပြယ်သွားပါပြီလို့ ငလမ ဝန်ခွေးတစ်ကောင်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ခြေသလုံးကြားဝင် အမြီးလေး နန့်နန့်ပြီး အီပြတော့တာ။ ခွေးလေခွေးလွင့်တွေမို့ ခွင့်လွှတ်ပါပေါ့။ ခွေးမစစ်တွေပါပေါ့လေ။ ဖွတ်သွေးရော ခွေးတွေမို့ပါ ဘာညာ အူပြတာပေါ့။

မအလစစ်ခွေးက သုံးမျိုးစပ် သုနခဖွတ်တော်ရဲ့‌ ဟောင်ချက် အူချက်ကို အတည်မယူဖို့၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ နဂိုမူလအတိုင်း အပွန်းအပဲ့မရှိ တည်ရှိနေဆဲ ဖြစ်ပါတယ်လို့ အမြီးလေး နန့်နန့်ပြရှာခဲ့ရတယ်။

ခုတော့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅) ချက် အကောင်အထည်ဖော်ရာမှာ တိုးတက်မှု တိုင်းတာအကဲဖြတ်မဲ့ စံနှုန်းတွေ ရေးဆွဲရေးနဲ့ ရေရှည်တာဝန်ထမ်းဆောင်မဲ့ အာဆီယံ အထူးကိုယ်စားလှယ် ခန့်ထားရေးတို့ကိုပါ လာမဲ့ နိုဝင်ဘာ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဆက်လက် ဆွေးနွေးသွားမယ်အထိ လုပ်ပြီ။ ခွေးလေးအရောဝင် ပါးလျက်နားရက် ခံရလို့ တင်းပြီလေ။

ငလမတို့ စစ်အုပ်စုက ခွေးဝဲစားပီပီ အောက်တန်းကျတာနဲ့ ညစ်ယုတ်တာကတော့ အထာမထားဘူးနော်။ အာဇာနည်နေ့မှာ အာဇာနည်ကြီးရဲ့ ရုပ်တုတွေ လိုက်ဖြို၊ အာဇာနည်ကြီးရဲ့ သမီးကို နည်းမျိုးစုံသုံး ဒုက္ခပေးပြီး စောက်ခွက်ပြောင်ပြောင်နဲ့ ခွေးတစ်အုပ် သွားတက်တယ်။ သူ့သမီးကျ ဖမ်းထား၊ အလေးပြုမခံဘဲ သူ့ရုပ်တုဖြိုပြီး သူ့ကို အလေးပြုပြတာ စောက်ခွက်ပြောင်တာပဲပေါ့လေ။ အာဇာနည်နေ့ အခမ်းအနားကို အရေးကြီးပုဂ္ဂိုလ် တက်ရောက်မယ်လို့လည်း ဒေါ်စုနဲ့ ပုံမှားရိုက်ထားသေးတာ။ ခွေးတွေချည်း လာမယ်မှန်းသိရင် ဘယ်လူမှ တက်မှာ မဟုတ်ဘူးလေ။ တိုင်းပြည် အာဇာနည်နေ့တောင် အဲဒီလို မလိမ့်တပတ်နဲ့ ခွေးကြောင်ခွေးဝှက် လုပ်တဲ့ကောင်တွေ။ အာဇာနည်တွေရဲ့ မိသားစုဝင်တွေကို လိုက်တွေ့တယ် ပြောပြီး ဒေါ်စုဆီတော့ ဘယ်ကောင် အမြီးသွားနန့်တဲ့ ရုပ်သံမှ ထုတ်မပြနိုင်။ ခွေးပီပီ ကွေးစရာမရှိ ကိုယ့်အမြီးကို ပြန်ကွေး ဆိုသလို ဗိုလ်ချုပ်မှာ သားနဲ့ သမီး နှစ်ယောက်တည်း ရှိမှန်း တကမ္ဘာလုံး သိတာကို ဘယ်ကမှန်းမသိတဲ့ တစ်ယောက်ကို တက်ခိုင်းပြီး မိသားစုဝင် တက်ရောက်တယ် လုပ်သေးတာ။ အာဇာနည်နေ့ ကိစ္စမှာတောင် ဒီလိုသဘောထားနဲ့ ဒီလောက် မဟုတ်မဟတ် ယုတ်ပတ်နေတာ တိုင်းပြည်အပေါ်တော့ စဉ်းစားသာ ကြည့်တော့။ အင်းလေ ကြည့်စရာလည်း မလိုပါဘူး။ အဇာတသတ်နဲ့ စိဉ္စာမာဏ စပ်ကျ၊ ဒေဝဒတ်ကျောင်းထွက်၊ နာဠာဂီရိရဲ့ လုပ်ဖော်ကိုင်ဖက်တွေချည်း မဟုတ်လား။

အာဇာနည်နေ့က မအလ ငလမရဲ့ အူသံ ဟောင်သံတွေကတော့ အလွန့်အလွန် ရွံစရာ၊ အော့စရာ၊ အန်စရာတွေချည်းပဲလေ။ ပြန်ကြားရင် အန်သွားကြမှာမို့ မပြောတော့ပါဘူး။

အော့နှလုံးနာစရာ အူသံဟောင်သံတွေအစား နားကလောစရာ အူသံဟောင်သံလောက်သာ ကြားယောင်ကြည့်။ အင်း နားနဲ့မနာ ဖဝါးနဲ့နာပေါ့လေ။ မအလ ငလမက သူ့လက်ထက်မှာ အလုပ်လုပ်ကြရင် ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ နိုင်ငံ ဘယ်လိုနည်းနဲ့မှ မဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ အူတာလေ။

"စည်းကမ်းတကျနဲ့ ညီညီညွတ်ညွတ် အလုပ်လုပ်ကြမယ်ဆိုရင်၊ စွမ်းအားရှိသမျှ အလုပ်လုပ်ကြမယ်ဆိုရင် တိုင်းပြည် မတိုးတက်စရာ အကြောင်းမရှိပါဘူး။ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ နိုင်ငံ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ မြန်မာတွေဟာ အားလုံး ခွန်အားရှိကြတယ်။ မြန်မာတွေ ကိုယ့်ခွန်အားကို ကိုယ် အသုံးချနိုင်ဖို့ လိုတယ်လို့ပဲ ကျနော် ပြောပါရစေ" တဲ့။

သူ့အကြောင်းသိတွေကတော့ ကျားဖြန့်ကို ပြောတာတဲ့။ ကျန်တာက ဘာလုပ်လို့ ရမှာလဲ။ စစ်မှုထမ်းဖို့ ဆွဲတာနဲ့၊ ဗုံးပတ်ကြဲနေတာနဲ့၊ စစ်ကြောင်းထိုးနေတာနဲ့၊ မီးတိုက်နေတာနဲ့၊ ကားဆီမရှိ၊ စားဆီမရှိ။ ကုန်ဈေးနှုန်းက ရေတက်သလို တက်တာ။ စိုက်နိုင်ပျိုးနိုင်တာ မရှိ၊ လုပ်နိုင်ကိုင်နိုင်တာ မရှိ။ စက်ရုံမရှိ၊ အပျက်ပုံသာ ရှိ။ အဓိကက မအလက သွင်းကုန်မှန်သမျှ ပိတ်ပင်ပြီး ဘာမှမထုတ်နိုင်တဲ့ ပို့ကုန်တိုးမြှင့်ရေးတဲ့၊ နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချရေးတဲ့။ အဲဒါတွေနဲ့ တိုင်ပတ်ပြီး သွင်းကုန် ကုန်ကြမ်းတွေ ပြတ်၊ လူသုံးကုန်၊ စားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင် ကုန်ပစ္စည်းဈေးနှုန်းတွေ တဟုန်ထိုး ဈေးနှုန်းမြင့်တက်လာနေတာလေ။

အခြေခံစားကုန်တစ်ခုဖြစ်တဲ့ ကြက်ဥ၊ ဘဲဥတွေဟာ သွင်းကုန်ဖြစ်တဲ့ မွေးမြူရေးဆိုင်ရာ ကာကွယ်ဆေးတွေ၊ အားဆေးတွေနဲ့ အစာကုန်ကြမ်းတွေ တင်သွင်းလို့ မရတော့တာမို့ ကြက် ဘဲတွေမှာ ရောဂါဖြစ်၊ ဥထွက်နှုန်းကျ၊ ကြက်ဥ၊ ဘဲဥ ရှားပါးလာပြီး လက်ရှိမှာ ကြက်ဥ၊ ဘဲဥ ၁ လုံး ၇၀၀ ကျပ်၊ ဒါတောင် လိုသလောက် မရဖြစ်နေတာလေ။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့က —
"မြန်မာနိုင်ငံဟာ လက်ရှိ ကမ္ဘာ့အဆိုးရွားဆုံး အငတ်ဘေးကျရောက်ရာ (Hunger Hotspots) နေရာတွေအနက် ၆ ခုမြောက် နေရာကို ရောက်ရှိနေပါတယ်။ နိုင်ငံအတွင်းမှာ စစ်ဘေးရှောင်ရသူ ၃ ဒသမ ၇ သန်းကျော် ရှိနေသလို ဒေသတွင်း နိုင်ငံတွေဆီကို ထွက်ပြေးရသူ ၁ ဒသမ ၆ သန်းကျော်အထိ ရှိနေတဲ့အတွက် အဓမ္မ ရွှေ့ပြောင်းရမှုနှုန်းဟာ အလွန်မြင့်မားနေပါတယ်" လို့ ပြောပါတယ်။

တိုင်းပြည်မှာ အလုပ်ဖြစ်တာဆိုလို့ မအလ ငလမတို့ ခွေးသူခိုးအုပ်စုပဲ ရှိတယ်။ အာဏာသိမ်း ကြိုးပမ်းမှု စတင်ပြီးနောက်ပိုင်းကစလို့ ခွေးအုပ်စုနဲ့ ဆက်နွှယ်နေတဲ့ ကွန်ရက်တစ်ခုဟာ ထိုင်း၊ လာအိုနဲ့ ဟောင်ကောင်တို့ကတစ်ဆင့် ရွှေ ၈၀၀ ကီလိုဂရမ် ရောင်းချဖို့ ကြိုးပမ်းခဲ့တယ်လို့ Justice For Myanmar က ပြောတယ်။ ခွေးသမီး ခင်သီရိသက်မွန် ပါဝင်ပတ်သက်နေတယ်တဲ့။ သူနဲ့ ဘာဂလို တိုတိုကောင် မအလ မိသားစု အနီးကပ်လူယုံ၊ လက်နက်ပွဲစား ထွန်းမင်းလတ်နဲ့ သူ့ဘော်ဒါ ထိုင်းလွှတ်တော်အမတ် ဥပကစ် ပါချာရီယန်တို့ ကြားပွဲစား လုပ်ကြတာတဲ့။

ဝယ်ယူသူအဖြစ် ချဉ်းကပ်ထားတဲ့ ကုမ္ပဏီက လာအို စီးပွားရေးလုပ်ငန်းစုကြီး AIF Group ရဲ့ လက်အောက်ခံ ကုန်စည်ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်ပြီး၊ ထိုင်းနိုင်ငံရှိ ကိုယ်စားလှယ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ BFA (Thailand) Co. Ltd. က အပြီးသတ် ရောင်းချသူအဖြစ် ကြိုးပမ်းခဲ့သတဲ့။

ဒါဟာ ခွေးချုပ် မင်းအောင်လှိုင်ရဲ့ အုပ်စုတွေဟာ နိုင်ငံဖြတ်ကျော် ရွှေမှောင်ခို ရောင်းချမှုနဲ့ ငွေကြေးခဝါချမှုတွေ ဘယ်လောက် လုပ်နေကြတယ်ဆိုတာ ပြတာပဲလေ။

၂၀၂၁ ခုနှစ်မှာ ထွန်းမင်းလတ်က ဥပကစ်ဆီ ဈေးကွက်ပေါက်ဈေး ရွှေတစ်ကီလို ဒေါ်လာ ၆၀,၁၁၅ ဝန်းကျင်မှ “၅-၁၀ ရာခိုင်နှုန်း လျှော့ဈေး” နဲ့ ရွှေတွေ ရောင်းချဖို့ ရှိတယ်လို့ ကမ်းလှမ်းခဲ့သတဲ့။

သူတို့နှစ်ယောက်က ပထမအသုတ်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၃၀ တန် ရွှေတန်ဝက် (၅၀၀ ကီလိုဂရမ်) ကို ငွေသားနဲ့ ပေးချေနိုင်ဖို့ ဆွေးနွေးခဲ့ကြသတဲ့။ ထွန်းမင်းလတ်က ရွှေအချို့မှာ ဘန်ကောက်မှာ အသင့်ရှိနေတယ်၊ နောက်ထပ်လည်း ပုံမှန် ရောင်းချသွားမယ်လို့ ပြောခဲ့ပြီး အရောင်းအဝယ်ကို အထူးလျှို့ဝှက်ထားဖို့ပါ သတိပေးသတဲ့။

အဲဒီ ရွှေရောင်းချမှုကို “ကြိုးကိုင်ညှိနှိုင်းသူ” က ခွေးသမီး ခင်သီရိသက်မွန်။ သူက ရွှေမှောင်ခို လုပ်တော့ မိသားစုနဲ့ မိတ်ဆွေတွေ ခေါ်တဲ့ အသီးကြွယ်တဲ့ “မီးငယ်” ဆိုတဲ့ အိမ်နာမည်ပဲ သုံးသတဲ့။

ထွန်းမင်းလတ်နဲ့ ဥပကစ်တို့ကြား အပြန်အလှန် စာတိုပို့တဲ့အခါ “သမီးတော်” လို့လည်း သုံးသတဲ့၊ အမြီးကြော်တဲ့ ခရီးဖော်လေးပေါ့ကွယ်။ ထွန်းမင်းလတ်က မအလရဲ့ “ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ဆိုတဲ့ ကိုယ်တိုင်ဟောင် ရာထူးကြီးကိုလည်း သုံးသတဲ့။

ခင်သီရိသက်မွန်နဲ့ ထွန်းမင်းလတ်က Star Thiri Investment Co. Ltd. ကို ပူးတွဲထောင်ထားပြီး သတ္တုရိုင်း တူးဖော်ရေးအတွက် မှတ်ပုံတင်ထားပြီး နောက်တော့ Royal Mawtaung Mining Co. Ltd. လို့ အမည်ပြောင်းခဲ့တယ်။ ဒီခွေးက ခင်သီရိသက်မွန်နဲ့ မအလတို့ မိသားစုဝင်တွေရဲ့ နိုင်ငံတကာ ဘဏ်ကိစ္စတွေ၊ ပိုင်ဆိုင်မှု ဝယ်ယူမှုတွေ လုပ်ပေးတဲ့ကောင်။ ၂၀၂၂ ခုနှစ်တုန်းက ဘန်ကောက်မှာ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စွဲချက်တွေနဲ့ အဖမ်းခံရတဲ့ ခွေးသူခိုး။

အဲဒီတုန်းက ထိုင်းရဲတပ်ဖွဲ့က ထွန်းမင်းလတ်ရဲ့ ဘန်ကောက်တိုက်ခန်းမှာ ခင်သီရိသက်မွန်ရဲ့ ဘဏ်စာအုပ်နဲ့ ခွေးပေါက် အောင်ပြည့်စုံပိုင် အဆင့်မြင့် ဇိမ်ခံကွန်ဒိုရဲ့ ပိုင်ဆိုင်မှုစာချုပ်တွေ သိမ်းရခဲ့သေးတာ။

ရွှေ ၈၀၀ ကီလိုဂရမ်ဆိုတာ အဲဒီနှစ်က မြန်မာနိုင်ငံရဲ့ တရားဝင် ထုတ်ပြန်ထားတဲ့ နှစ်စဉ် ရွှေထုတ်လုပ်မှု ပမာဏထက် ပိုများတယ်။ ဈေးက ရွှေ ၂၀၀ ကီလိုဂရမ်အတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော၊ ရွှေ ၈၀၀ ကီလိုဂရမ်အတွက် ၄၈ သန်းကျော်အထိ ရှိတယ်။

ခွေးသူခိုးမိသားစုရဲ့ ခိုးတူးထားတဲ့ ရွှေတွေလေ။ ဒါတွေက ခွေးစာကျွေးဖို့လည်း မဟုတ်၊ ကိုယ့်ကျိုးသက်သက် အုပ်ထားတာ။ အရည်အသွေးပြည့် မသန့်စင်ရသေးလို့ မရောင်းရသေးဘူး လိုလိုဆိုတော့ ဘယ်မှာရှိသလဲ ရှာရမှာ၊ ရောင်းပြီးရင်လည်း ကြိတ်ရမှာတွေ။

နောက်ကောင်းစားနေတဲ့ တစ်ဖွဲ့ကတော့ စစ်တပ်ကို ခွေး ချေးနိုင်သလို နိုင်တဲ့ ဗိုလ်နေဝင်း မြေးသုံးကောင်။ ဝက်ရယ်၊ မျောက်ရယ်၊ ခွေးရယ်။ နေဝင်းမပြောနဲ့၊ သူ့မြေးတွေတောင် ကြောက်ရတာသာ ကြည့်။ နေဝင်းမြေး ခွေး ကျော်နေဝင်းပိုင် Omni Focus ကုမ္ပဏီက YBS ယာဉ်အစီးရေ ၅၀၀ က လိုင်စင်မဲ့။ ဒါပေမဲ့ ခွေးတပ်က CNG ဂတ်စ် ဆက်ပေးထားပြီး လုပ်ငန်းပြေးဆွဲ လုပ်ကိုင်ခွင့် ပြုထားရသတဲ့။ အဲဒီ အစီးငါးရာကလည်း AYA အကြွေးမဆပ်ဘဲ ဝယ်ယူထားတာ။

ဒီကာလမှာ စီးပွားတက် ရီးအားတက်နေကြတာ ဒီကောင်တွေပဲ ရှိတာလေ။ နေရွှေသွေးအောင်ရောပေါ့။ ကျန်တဲ့သူကတော့ အကုန်ဒုက္ခရောက်။ အဲဒီ ခွေးတူဝက်တူ သုံးကောင်က စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်နေပေမယ့် အခွန်ကျ မဆောင်ဘူး။ သိန်းပေါင်း ၁၉,၀၀၀ ထက်မနည်းကို ပေးဆောင်ရန် ကျန်သတဲ့။ မအလက သေနတ်ဝယ်ပြီး ပြည်သူသတ်မှာမို့ မပေးတာလိုလို မော်ရယ်ဟိုက်ဂရောင်း ယူသေးဆိုပဲ။

ခွေးမျိုးတစ်ရာအကြောင်း ခဏနားကြဦးစို့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar