မောင်လင်းရိပ် - ဩဒဆီ ရုပ်ရှင်အဖျား ကဗျာဖတ်သူဆီ ကူးစက်ခြင်း
ဩဒဆီ ရုပ်ရှင်အဖျား ကဗျာဖတ်သူဆီ ကူးစက်ခြင်း
မောင်လင်းရိပ်
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၆
မျက်စေ့မမြင်သူ ရေးတဲ့ မဟာကဗျာကြီးဟာ နှစ်ပေါင်း သုံးထောင်နီးနီးမှာ လန်းလန်းဆန်းဆန်း
နားမကြားသူ ဖွဲ့တဲ့ ဂန္ထဝင်ဂီတကြီးတွေလည်း နှစ်ပေါင်း သုံးရာကျော်အထိ ကြည်ကြည်လင်လင်
ဒါပေမဲ့ ခြွင်းချက်က မိတ်ဆွေ ခင်ဗျား နားကောင်းရင်ပေါ့လေ
လောက်လောက်လားလား ကဗျာတစ်ပုဒ်ကို ဖတ်ကြည့်ဖို့ရာ သွေးကောင်းဖို့တော့ လိုမယ်
တောင်မြင့်မြင့် တစ်လုံးပေါ်ကို တက်ချင်ရင်တော့ စိတ်မြင့်မြင့် ရှိနှင့်ဖို့လိုသလိုပ
ခုခေတ်ထဲ ဒရုန်းမြင်ကွင်းရိုက်ပြတဲ့ ဗီလော့ဂ် တစ်ပုဒ်ကြည့်ပြီးလည်း တောင်အရသာ ပြောပြလို့ ရ
တောင်ပေါ် သင်ရောက်ခဲ့ပုံ ဆဲလ်ဖီကောင်းကောင်းတစ်ပုံတောင် အေအိုင်က ထုတ်ပေးလိမ့်
လူများစု အနုပညာကိုတော့ အထက်စီးက မကြည့်လိုက်ပါနဲ့
ကဗျာဆိုတာဟာလည်း တစ်ခါကတော့ လူများစု အနုပညာဖြစ်ခဲ့လိမ့်မယ်
ခေတ်သစ်အရင်းရှင်ပရိဘောဂတွေမှာ အရောင်စူးစူး ရိုက်နှိပ်ထားရာ မဟုတ်တာကလွဲလို့
ဒီလိုနဲ့ နိုလန်ရဲ့ ဩဒဆီ*ကို အိုင်မက်စ်ပြနိုင်တဲ့ ရုံထဲမဝင်ဘဲ တယ်လီဂရမ်လိုင်းကနေ ကြည့်ပါလေ
ပြီးရင် ဟယ်လင်ရဲ့ အသားအရေကို ကြည့်ပြီး ဟောလိဝုဒ်ရဲ့ ဝုခ်ကို ပြုံးထေ့ပါလေ
လူပိတာရဲ့ မျက်နှာပေါ်က မိတ်ကပ်လုပ်ထားတဲ့ အမာရွတ်ကြီးကရော ဘာကို ဝုခ်ထားတာလို့ တွေးမိပါသလဲ
သင်္ဘောတစ်ထောင်ကို ဆောင်စေနိုင်တာ မိန်းမတစ်ဦးရဲ့ သူမတူ အလှပဲလား၊ ရှေးဟောင်းယောကျ်ားတို့ရဲ့
ဇာတိ ပုည လိင်္ဂ ဂုဏ်မာနလား မျက်စေ့မမြင်ရှာတဲ့ ကဗျာဆရာကြီးဟာ ဘာကို ရည်ညွှန်းပါလိမ့်
ဝိုင်ရင့်မှောင်ပင်လယ်ထဲမှာ ရှုပ်ရှုပ်ထွေးထွေး သူရဲကောင်းတစ်ယောက်လို မိန်းမတွေနဲ့ အိပ်လိုက်၊
ရန်သူတွေကို သတ်လိုက်နဲ့ဟာ ဒါကမ္ဘာကြီးပေါ်မှာ ယောကျ်ားတွေရဲ့ တောက်လျှောက် ကျေပြွန်ခဲ့ရာ တစ်မျိုးပေလား
မဟာကဗျာကြီးနှစ်ပုဒ်ထဲမှာ ဖွဲ့သမျှ ဟယ်လင်ရဲ့ ကြန်အင်လက္ခဏတွေက ‘ချစ်စဖွယ် ဆံကေသာနဲ့ မိန်းမ’၊
‘မိန်းမတကာရဲ့ ဘုရင်မ’၊ ‘လက်မောင်းဖြူနဲ့ ဟယ်လင်’ တဲ့၊ ဒါပဲ။ လက်မောင်းဖြူဆိုတာ အသားအရောင်ကိုထက်
အထက်တန်းစား နေမထိ လေမခ အနက်ရပေတယ်။ တကယ်က အထက်တန်းစားမိန်းမလှပဲဖြစ်ဖြစ်
နတ်ဘုရားရဲ့ သွေး ဥတည်ဖွား မိန်းမသားပဲဖြစ်ဖြစ် ယောကျ်ားသားတွေရဲ့ သွေးထွက်သံယိုပြုမှုနဲ့ မလွတ်နိုင်ဆိုတာကို
ဝက်ဝက်ကွဲ အုန်းအုန်းထ ရုပ်ရှင်တစ်ကားရဲ့ ရိုက်ချက်တချို့မှာ လျှမ်းလျှမ်းတောက် အောင်မြင်သူ
လူများစု အနုပညာရှင်တစ်ယောက်ရဲ့ ဖျတ်ခနဲ ခြစ်လိုက်တဲ့ လက်ရေးလက်သား
ဇူလိုင် ၂၅၊ ၂၀၂၆
* Christopher Nolan's The Odyssey
** Lupita Nyong'o
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
