Breaking News

မြန်မာနိုင်ငံ အနှံ့အပြားက စစ်မျက်နှာတွေရဲ့ အတက်အကျ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၅ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၆ ၊ ၂၀၂၆


မြန်မာနိုင်ငံ အနှံ့အပြားက စစ်မျက်နှာတွေရဲ့ အတက်အကျ 

ယခုလက်ရှိအချိန်မှာ အာဏာသိမ်းစစ်တပ်နဲ့ မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေကိုကြည့်ရင် ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက ရေကြည်၊ လေးမျက်နှာလို ဂွ-ငါးသိုင်းချောင်းကားလမ်းနဲ့ ဆက်စပ်နေတဲ့ ဒေသတွေ၊ တဖန် ရခိုင်ပြည်နယ် တောင်ပိုင်း တောင်ကုတ်နဲ့ ပန်းတောင်းကို ဆက်သွယ်ထားတဲ့ ကားလမ်းရဲ့ ပဲခူးတိုင်းဘက်အပိုင်း၊ နောက်ရခိုင်ပြည်နယ် အရှေ့မြောက်ပိုင်းဖြစ်တဲ့ အမ်းမြို့ကနေ မကွေးတိုင်းထဲ ဆက်သွယ်ထားတဲ့ အမ်း-မင်းဘူးလမ်းပေါ်က နတ်ရေကန် စခန်းလို့ အမည်ရတဲ့ လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းရှိတဲ့ စခန်းကို သိမ်းယူဖို့ နှစ်နဲ့ချီကြာမြင့်နေတဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။ AA လက်နက်ကိုင် အဖွဲ့အနေနဲ့  အထက်က ဖော်ပြတဲ့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ၃ နေရာအပြင် ရခိုင်ပြည်နယ်ထဲမှာ စစ်တွေနဲ့ ကျောက်ဖြူတို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

AA လက်နက်ကိုင် အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ် ၁၄ မြို့နယ် အနက် ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေတို့သာ ကျန်ရှိပြီး ကျန်မြို့နယ်အားလုံးကို ၂၀၂၄ ခုနှစ်ကတည်းက တိုက်ခိုက်သိမ်းယူထားခဲ့တာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့လို စစ်မျက်နှာတွေမှာ AA လက်နက်ကိုင်တပ်ဖွဲ့ အပြင် အဆိုပါဒေသက ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ၊ အခြားသော လက်နက်ကိုင်အဖွဲ့တွေနဲ့ အတူပူးပေါင်းတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ AA အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတိုက်ခိုက်တာမျိုး မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်ပြီး AA အနေနဲ့ ကိုယ်ပိုင်မဟာဗျူဟာ၊ ကိုယ်ပိုင်နိုင်ငံရေးရည်မှန်းချက် ထားရှိကာ တိုက်ခိုက်နေတဲ့ အဖွဲ့လို့ဆိုနိုင်ပါတယ်။ ရှမ်းမြောက်ဒေသမှာလည်း AA လက်နက်ကိုင်တပ်တွေ ပမာဏတခု ရှိနေတာဖြစ်ပြီး မြောက်ပိုင်းညီနောင်မဟာမိတ် အဖွဲ့နာမည်နဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ကာ အခြားမြောက်ပိုင်း ညီနောင်မဟာမိတ် ၂ ဖွဲ့က အာဏာသိမ်းစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့သည့်တိုင် မြောက်ပိုင်းညီနောင်မဟာမိတ် အဖွဲ့အစည်းရဲ့ တည်ရှိမှုက ရှိနေဆဲ အနေအထားလို့ ဆိုနိုင်ပါတယ်။ 

ရခိုင်ပြည်နယ်ပြီးနောက် မြောက်ဘက်မှာ ရှိတဲ့ ချင်းပြည်နယ်မှာတော့ လတ်တလော ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာဆိုရင် ချင်းပြည်နယ်တောင်ပိုင်းကနေ ရခိုင်ပြည်နယ်မြောက်ဘက်ကို ကူးသန်းတဲ့ ဝင်ပေါက်သဖွယ် ဖြစ်နေတဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် အစရှိတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ တွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ် အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦး၊ ကျောက်တော် စတဲ့ဒေသတွေကို ချင်းပြည်နယ်တောင်ပိုင်းကနေ ထိုးဖောက်မဲ့ မဟာဗျူဟာမျိုး ချမှတ်ထားပုံရပါတယ်။ ယော၊ ဆောနယ်၊ မင်းတပ် -ပခုက္ကူလမ်းပေါ်က ကားလမ်းဆုံနေရာဖြစ်တဲ့ ကံကြီးရွာကို ပြီးခဲ့တဲ့ ၃/၄ လ အတွင်း တိုက်ခိုက်သိမ်းယူကာ မင်းတပ်၊ မတူပီ စတဲ့လမ်းတွေကနေ ရခိုင်ကို ဦးတည်ဖို့ ကြိုးစားနေတဲ့ အသွင်သဏ္ဌာန်မျိုးလို့ ယူဆရပါတယ်။ 

ချင်းပြည်နယ် ဖလမ်း၊ ဟားခါးတွေမှာတော့ မကြာသေးခင် လပိုင်းအတွင်းက လေကြောင်းနဲ့ မြေပြင်တပ်တွေ အင်အားအများအပြား အသုံးပြုပြီး ဖလမ်းမြို့ နဲ့ မြို့အနီးက ဆူဘုန်လေယာဥ်ကွင်းနေရာတွေ ပြန်လည်သိမ်းယူခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် ချင်းပြည်နယ် မြောက်ပိုင်းက တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်သိမ်းယူနိုင်ခဲ့တာ တွေ့ရပြီး လတ်တလောမှာတော့ ချင်းပြည်နယ်မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းထဲက အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ ကလေး-တမူးလမ်းပိုင်းကို အဓိကထား ထိုးစစ်ဆင် တိုက်ခိုက်နေတာ တွေ့ရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ် အပြီး အာရှ ၃ နိုင်ငံ ဖြတ်သန်းတဲ့ အဝေးပြေးလမ်းစီမံကိန်းကို အကောင်အထည်ဖော်နိုင်ဖို့ တမူးလမ်းပိုင်းတလျှောက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ တွေ့ရပါတယ်။ 

ချင်းပြည်နယ်မှာ တောင်ပိုင်းက လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မင်းတပ် CDF နဲ့ အခြားလက်နက်ကိုင် အဖွဲ့တွေ ပါဝင်တဲ့ ချင်းညီနောင် CB အဖွဲ့ နဲ့ NCA လက်မှတ်ထိုးခဲ့ရာမှာ ပါဝင်ခဲ့တဲ့ CNF/CNA တို့က ဦးဆောင်တဲ့ ချင်းအစိုးရအဖွဲ့ကောင်စီ CC အစုဆိုပြီး လက်နက်ကိုင် အင်အားစု ၂ ခု ကွဲပြားနေပြီး အတူတကွ တိုက်ပွဲဖော်ဆောင်တာမျိုး မရှိသလို တခါတရံ မြေပြင်မှာ အုပ်စု တစုနဲ့ တစု ပွတ်တိုက်မှု ဖြစ်ပွားတဲ့ အနေအထားမျိုးတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ် အနေနဲ့ ချင်းပြည်နယ်က လက်လွှတ်ထားရတဲ့ မြို့တွေပြန်လည် သိမ်းယူဖို့ အဆောတလျင် လုပ်တာ မတွေ့ရသေးသလို လောလောဆယ်အထိတော့ အင်အား အများအပြားနဲ့ ချင်းနဲ့ အိန္ဒိယ မီဇီုရမ်နယ်စပ်မြို့တွေ၊ ချင်းတော်လှန်ရေး လက်နက်ကိုင်တပ် ထိန်းချုပ်တားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်တာ မတွေ့ရသေးပါဘူး။ 

ချင်းပြည်နယ်မှာ CC အုပ်စုဘက်က NUG အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ SCEF လို့ ခေါ်ဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးမှာ CNF/CNA က အဖွဲ့ဝင်အဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။ ချင်းပြည်နယ်က စစ်ပွဲတွေ စစ်ဆင်ရေးတွေဟာ ၁၀၂၇ စစ်ဆင်ရေးလို စစ်ရေးမဟာဗျူဟာ တခုထည်းအောက်မှာ တပြိုင်နက်တိုက်ခိုက်ကြတာမျိုး စစ်ဆင်ရေးမှာ ပူးတွဲမပါဝင်ခဲ့တဲ့တိုင် ၁၀၂၇ စစ်ဆင်ရေးကာလတုန်းက အာဏသိမ်းစစ်တပ် အနေနဲ့ အခြားသော စစ်မျက်နှာတွေမှာ ရင်ဆိုင်နေရချိန်လိုမျိုးမှာ ချင်းပြည်နယ်က မြို့အမြားအပြားကို တိုက်ခိုက်သိမ်းယူကာ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ချင်းပြည်နယ်တောင်ပိုင်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့ ဝင်ပေါက်ဖြစ်နေတဲ့ အချက်ကလည်း အာဏာသိမ်းစစ်တပ် အနေနဲ့ ချင်းတောင်ပိုင်းကို မဟာဗျူဟာအရ အရေးပါတဲ့ နေရာဒေသအဖြစ် မှတ်ယူပြီး တိုက်ပွဲအရှိန်တွေ မြင့်တက်လာနိုင်သေးသလို အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းပိုင်းပေါ်က နေရာတွေနဲ့ ထိစပ်နေတဲ့ ချင်းမြောက်ပိုင်းမှာလည်း တိုက်ပွဲတွေ အရှိန်မြင့်လာနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ 

ချင်းပြည်နယ်ပြီးနောက် နောက်စစ်မျက်နှာတခုက မြန်နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေ ဖြစ်ပါတယ်။ 

လတ်တလော အနေအထားမှာတော့ မြစ်ကြီးနား-ရွှေဘို ကားလမ်းပေါ်က အင်းတော်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပြီး ခုရက်ပိုင်းအတွင်း အင်းတော်ဒေသ တခုလုံးကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်နိုင်ပြီလို့ သတင်းထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ အင်းတော်နယ်ကို NUG နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၅ ခုနှစ်မှာ ထိန်းချုပ်နိုင်ခဲ့ပြီး တနှစ်ကျော်အကြာမှာ အာဏာသိမ်းစစ်တပ်ဘက်က ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဒီဒေသနဲ့ မဝေးတဲ့ ဗန်းမော်၊ ရွှေကူတို့လိုဒေသတွေမှာ KIA တပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်တို့အကြား စစ်ဆိုင်ထားတဲ့ အနေအထားဖြစ်ပြီး ၁ နှစ်ခွဲကျော်အကြာ တိုက်ခိုက်နေခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲက ဘယ်ဘက်ကမှ အပြတ်အသတ် အနိုင်မရသေးသလို ယခုနှစ်ဆန်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ကသာမြို့ကိုလည်း စစ်တပ်က ပြန်လည်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ကသာနဲ့ မဝေးတဲ့ ဧရာဝတီမြစ်ဘေးက ရွှေကူမြို့ကို တိုက်ခိုက်တော့မဲ့ အရိပ်အယောင်တွေ ပြီးခဲ့တဲ့လဆန်းမှာ ပေါ်ထွက်ခဲ့ပေမဲ့ ခုချိန်ထိတော့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားခြင်း မရှိသေးတာ တွေ့ရပါတယ်။ 

ကေအိုင်အေ အနေနဲ့ ကချင်ပြည်နယ်ထဲမှာ တိုက်ခိုက်သိမ်းယူထားတဲ့ မြစ်ကြီးနားမြို့ အထက်ဘက်က ယခင် ကချင် အထူးဒေသ နယ်မြေတွေနဲ့ ကချင်ပြည်နယ် အနောက်ဘက်ဒေသတွေမှာ ကြီးကြီးမားမား တိုက်ပွဲတွေ ဖြစ်ပွားနေတာ မရှိဘဲ၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ထိစပ်ရာဒေသတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်တွေ၊ လက်လွှတ်ခဲ့ရတဲ့ မြို့နဲ့ နယ်မြေအချို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ ဖော်ဆောင်နေတဲ့ နေရာဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

ကေအိုင်အေ ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ဂွန်မော် ကချင်ပြည်နယ်ရဲ့ ဝင်ပေါက်အဖြစ် ရည်ညွှန်းပြောဆိုခဲ့တဲ့ က သုံးလုံး ဒေသဆိုတဲ့ ကောလင်း၊ ကသာ၊ ကန့်ဘလူ တို့လိုဒေသတွေကို အာဏာသိမ်းစစ်တပ်ဘက်ကလည်း အင်အားသုံးပြီး ထိုးစစ်ဆင်နေတဲ့ သဘောလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်တွေအတွင်း မန္တလေးတိုင်းမြောက်ပိုင်း ရှမ်းမြောက်နဲ့ စစ်ကိုင်းတိုင်းတွေမှာ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေ တပြိုင်နက်ထည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းယူနိုင်ခဲ့တဲ့ နယ်မြေတွေအနက် အတော်များများ အပစ်ရပ်သဘောတူ လက်မှတ်ထိုးပြီးနောက် တစတစ ပြန်လက်လွှတ်ခဲ့ရတာကြောင့် ရှမ်းမြောက်၊ စစ်ကိုင်း၊ မန္တလေး ဆက်စပ်နေတဲ့ တကြော အာဏာသိမ်းစစ်တပ်က ပြန်လည် အားကောင်းလာခဲ့တာ တွေ့ရပါတယ်။ ဒီ အရှေ့မြောက်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းတကြောကို လက်လွှတ်ခဲ့ရတဲ့အဖြစ်က နိုင်ငံအရှေ့က တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေနဲ့ အနောက်ဘက်က တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေရဲ့ ဆက်သွယ်ရာ လမ်းကြောင်းကို ဖြတ်တောက်ခံခဲ့ရသလို ဖြစ်စေတာလည်း တွေ့ရပါတယ်။ 

(ဆက်လက်ရေးသားပါမယ်။)




Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar