Breaking News

၂၀၂၃ ခုနှစ် နောက်ပိုင်း အပြောင်းအလဲတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဘယ်လို ပုံဖော်လာကြမလဲ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၈ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၆


၂၀၂၃ ခုနှစ် နောက်ပိုင်း အပြောင်းအလဲတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဘယ်လို ပုံဖော်လာကြမလဲ

ရခိုင်ပြည်နယ်က ပေါက်တောနဲ့ မင်းပြားမြို့တို့ရဲ့ အမည်တွေကို ဝီရဌာနီ နဲ့ အဉ္ဇနပူရ အဖြစ် အာရက္ခတပ်တော် AA က ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သတင်းတွေမှာ ဖော်ပြလာကြတာ တွေ့ရပါတယ်။ AA လက်နက်ကိုင် တပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်အစိုးရတပ်တို့ အကြားမှာ  ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့မှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက် လပိုင်းအကြာမှာ သိမ်းယူခဲ့တဲ့ ပေါက်တောမြို့နဲ့ ၄င်းမြို့ သိမ်းယူပြီးနောက် ၂ နှစ်ကျော်အကြာမှာ အခုလို အမည်ပြောင်းလဲခေါ်ဝေါ်ဖို့ လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၇ မြို့နယ် အနက် စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူတို့ကလွဲလို့ ကျန် ၁၄ မြို့နယ်ကို ထိန်းချုပ်ထားတဲ့ AA အနေနဲ့ ရခိုင်ပြည်နယ်မှာ ထိန်းချုပ်ထားတဲ့ မြို့တွေရဲ့ အုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ပညာရေးနဲ့ ရဲတပ်ဖွဲ့လို လိုအပ်တဲ့ ယန္တရားတွေ တဖြည်းဖြည်း ပြင်ဆင် တည်ဆောက်နေတာ တွေ့ရပါတယ်။ တဖက်မှာ ကုန်စည်ပိတ်ဆို့မှုကို ခံနေရတာကြောင့် အပြန်အလှန် ကုန်သွယ်မှုက ရှည်လျားပြီး သွားလာရေးခက်ခဲတဲ့ လမ်းကြောင်းတွေ၊ မှောင်ခိုသဖွယ် လာဘ်ပေးပြီး လူသုံးကုန်၊ ရိက္ခာလိုကုန်ပစ္စည်းတွေကို သယ်ယူနေရတာကြောင့်  ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ပြည်သူလူထုရဲ့ လူမှုစီးပွား အခက်အခဲတွေကိုတော့ ကောင်းစွာ မဖြေရှင်းပေးနိုင်သေးတာလည်း တွေ့ရပါတယ်။ 

လက်ရှိ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာဒေသတွေ အများအပြားရှိတဲ့ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ဟာ ပြည်နယ်တခုလုံးအတိုင်းအတာနဲ့ ကုန်စည်ပိတ်ဆို့ခံထားရလို့ ကုန်စျေးနှုန်းအကြီးဆုံး နေရာတခုဖြစ်နေတာပါ။ အလုပ်အကိုင် အခွင့်အလမ်း အနည်းဆုံး၊ သာမန်ပြည်သူတွေ လုပ်ကိုင်နိုင်တဲ့ ရွှေ၊ ကျောက်မျက်၊ ရေနံလို သယံဇာတတူးဖော်တဲ့ အလုပ်အကိုင်မျိုးနဲ့ ကုန်သွယ်မှုလိုလုပ်ငန်းတွေ မရှိတာကြောင့်လည်း အချို့သော တိုင်းရင်းသားလူမျိုးတွေ နေထိုင်တဲ့ ဒေသတွေနဲ့မတူဘဲ ဝင်ငွေနဲ့ ကုန်စည်ရှားပါးမှုဒဏ်ကို ၂ ဆတိုး ခံစားနေကြရတာ ဖြစ်ပါတယ်။ 

လောလောဆယ်အနေအထားမှာ အာရက္ခ အစိုးရအနေနဲ့ မဖော်ဆောင်နိုင်တဲ့အရာက နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်ဆံရေး ဖြစ်ပါတယ်။ အာရက္ခအစိုးရ၊ အာရက္ခတပ်တော်ကို ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ ဒေသကို စိုးမိုးထိန်းချုပ်ထားတဲ့ အဖွဲ့ဖြစ်လို့ နယ်စပ်ဒေသမှာ ကြုံတွေ့ရတဲ့ကိစ္စရပ်တွေ ဖြစ်တဲ့ နယ်ကျော်ငါးဖမ်းတဲ့ ရေလုပ်သားကိစ္စလိုမျိုး အကြောင်းကိစ္စတွေ နဲ့ ထိတွေ့ဆက်ဆံနေတာတော့ ရှိပေမယ်လို့ နယ်နိမိတ်လုံခြုံရေး၊ ရိုဟင်ဂျာဒုက္ခသည် ပြန်လည် နေထိုင်ရေး၊ နယ်စပ်ကုန်သွယ်မှုတို့လို ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖက် အနေအထားနဲ့ ဆက်ဆံတာမျိုး မရှိသေးတာတွေ့ရပါတယ်။ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ မင်းအောင်လှိုင်အစိုးရကိုသာ မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် အသိအမှတ်ပြုထားဆဲဖြစ်တဲ့သဘောလို့ ယူဆရပါတယ်။ ဘင်္ဂလားဒေ့ရှ် အနေနဲ့ နယ်စပ်နဲ့ ပတ်သက်တဲ့ ကိစ္စအချို့မှာ ထိတွေ့ဆက်ဆံရပေမဲ့ အစိုးရ ဆိုတဲ့ အနေအထားမျိုးနဲ့ ဆက်ဆံတဲ့ သဘောမသက်ရောက်အောင် သတိထားနေတဲ့ သဘောလို့ ယူဆရပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ နယ်မြေဒေသတွေ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေ အနေနဲ့ စစ်ရေး အောင်မြင်မှုရထားတဲ့ ဒေသတွေမှာ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေကို မြန်မြန်ဆန်ဆန် တည်ထောင်ကြပြီး ဒီနယ်မြေဒေသတွေကို ၄င်းတို့ တိုက်ခိုက်သိမ်းယူထားရလို့ သို့မဟုတ် သမိုင်းကြောင်းအရနဲ့ လူမျိုးအလိုက်နေထိုင်တဲ့ ရာခိုင်နှုန်းများပြားမှုအရ ပတ်ဝန်းကျင် နယ်မြေနဲ့ အခြားသောနယ်မြေတွေက လက်နက်ကိုင်အဖွဲ့တွေ၊ အစိုးရလို့ ဆိုတဲ့အဖွဲ့တွေက အသိအမှတ်ပြုလာအောင် ကြိုးပမ်းလာကြတာ တွေ့ရပါတယ်။ ကိုးကန့်လက်နက်ကိုင်အဖွဲ့  MNDAA အနေနဲ့ ယခင်တခါကမှ သိမ်းယူအုပ်ချုပ်ခဲ့ခြင်း မရှိတဲ့ သိန္နီလိုမြို့၊ ကွတ်ခိုင်လိုမြို့တွေကို ကိုးကန့်အထူးဒေသ (၁) အုပ်ချုပ်မှုအောက် ထည့်သွင်းကြေညာခဲ့တာ ဖြစ်ပါတယ်။ အလားတူ TNLA လက်နက်ကိုင် တပ်ဖွဲ့အနေနဲ့လည်း နမ့်ခမ်း၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ နဲ့ နောင်ချိုတို့အထိ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး အုပ်ချုပ်ရေး ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ တနှစ်ကျော် အကြာမှာ အချို့မြို့တွေကို ပြန်လက်လွှတ်ရတာ၊ အပစ်ရပ်သဘောတူညီမှု ယူတဲ့အခါ ပြန်လွှဲပေးရတာတွေ ရှိခဲ့တာပါ။ 

၂၀၂၄ ကနေ ၂၀၂၅ ခုနှစ်ထဲအထိ အုပ်ချုပ်နေစဥ် ကာလတွေအတွင်း မော်တော်ယာဥ် လိုင်စင်၊ ယာဥ်မောင်း လိုင်စင်၊ တအာင်းဒေသ အသိအမှတ်ပြုမှတ်ပုံတင်ကတ်တွေ ထုတ်ပေးခဲ့သလို၊ ပညာရေးမှာလည်း တအာင်းပြည်ပညာရေးကောင်စီ ဖွဲ့စည်းတာ အစရှိတဲ့ မိမိဒေသရဲ့ အုပ်ချုပ်ရေးစနစ်၊ ပညာရေးစနစ်တို့ကို ပုံစံအသစ်၊ စည်းမျဥ်းစည်းကမ်း အသစ်တွေနဲ့ တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ကိုးကန့်ဒေသမှာလည်း အလားတူ မှတ်ပုံတင်ကဒ်နဲ့ မော်တော်ယာဥ်လိုင်စင်လိုမျိုးတွေ ထုတ်ပေးခဲ့တာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာလည်း အလားတူ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးတို့မှာ ၄င်းတို့ အသွင်သဏ္ဌာန်နဲ့ ပြန်လည်တည်ထောင်ကြတာ ဖြစ်ပါတယ်။ 

အခုလို တိုင်းရင်းသား ပြည်နယ်တွေမှာ မိမိတို့ဒေသ အုပ်ချုပ်ရေး ပုံစံ၊ ပညာရေး ကျန်းမာရေးပုံစံတို့နဲ့ သွားကြတာဟာ တနည်းအားဖြင့် ဖက်ဒရယ်စနစ်ကို လက်တွေ့ကျင့်သုံးကြတဲ့သဘောလို့လည်း ကောက်ချက်ချနိုင်ပါတယ်။ 

ဒီနေရာမှာ မင်းအောင်လှိုင်ရဲ့ စစ်တပ် ထိန်းချုပ်မှုအောက်က လွတ်မြောက်လာခြင်းဟာ ဝမ်းသာစရာ ကြိုဆိုစရာ ဖြစ်ပေမဲ့ အချို့ကတော့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ပဋိပက္ခအသွင်ဖြစ်လာမှာကို တဖက်က စိုးရိမ်နေကြတာလည်း တွေ့ရပါတယ်။ ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့အကြား၊ တအာင်းနဲ့ ကချင်လက်နက်ကိုင် အဖွဲ့အကြား၊ တအောင်းနဲ့ ကိုးကန့်တို့အကြား ပွတ်တိုက်မှုတွေနဲ့ အခုနောက်ပိုင်း အညာဒေသက NUG/MOD လက်အောက်က မဟုတ်တဲ့ အင်အားအထိုက်အလျောက်ရှိတဲ့ လက်နက်ကိုင်တပ်တွေကို COC ၂ ရပ်အောက် ဝင်ဖို့ တွန်းအားပေးတာတွေ ခုလပိုင်းတွေမှာ ကြားသိလာရတာ ဖြစ်ပါတယ်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ကို တည်ဆောက်ဖို့ အများစုသော လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ယေဘုယျအားဖြင့် သဘောတူညီကြတယ်လို့ မှတ်ယူထားကြပေမဲ့ ဘယ်လိုပုံစံနဲ့ တည်ဆောက်ကြမလဲ၊ ဘယ်လို ပူးပေါင်းပါဝင်ကြမလဲ ဆိုတဲ့ အသေးစိတ်ပုံဖော်မှုမျိုး ရှိမနေကြပါဘူး။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ SCEF တို့မှာ တိုင်းရင်းသားလက်နက်ကိုင်အချို့သာ ပါဝင်နေကြပြီး ကျန်တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ ဒေသအလိုက်၊ ပထဝီနိုင်ငံရေးအလိုက် မဟာမိတ်ဖွဲ့စည်းထားကြတာ ဖြစ်လို့ အနာဂတ်ပြည်ထောင်စု ဘယ်လို ပုံဖော်ကြမလဲဆိုတဲ့ မေးခွန်းက ပြည့်စုံတဲ့အဖြေမရှိသေးဘူးလို့ ဆိုရမဲ့ အခြေအနေ ဖြစ်ပါတယ်။ 

သေချာတာ တချက်ကတော့ နောင်ပေါ်ထွက်လာမဲ့ ပြည်ထောင်စုဟာ ၁၉၄၇၊ ၁၉၇၄၊  ၂၀၀၈ အခြေခံဥပဒေတွေအောက်က ပြည်ထောင်စုပုံစံ တခုနဲ့မှ မတူညီတော့မှာတော့ အသေအချာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar